ခေတ်

◼️Simon
ကျနော်တို့ ဆယ်ကျော်သက်အရွယ်တုန်းက ကျနော်တို့ အဖေတွေ၊ ဦးလေးတွေဆီက အမြဲကြားခဲ့ဖူးတဲ့ စကားရှိတယ်။ အဲ့ဒါက …
“မင်းတို့ခေတ်က ခေတ်မကောင်းဘူးကွ၊ မင်းတို့က ခေတ်ပျက်နဲ့ကြုံတာ။ ငါတို့ခေတ်တုန်းက အခု မင်းတို့ခေတ်ထက် ပိုပြီး ပျော်ဖို့ကောင်းတယ်ကွ၊ ငွေကြေးကလည်း တန်ဖိုးရှိသေးတယ်၊ ငွေတကျပ်ဆို သုံးပါလေ့ကွာ၊ မုန့်တခုကို တမတ်၊ ပြား ၅၀” စသဖြင့်ပေါ့၊ သူတို့ပြောသမျှ အကုန်လုံးတော့ ကျနော်လည်း မမှတ်မိပါဘူး။
ဒါပေမယ့် ကျနော်မှတ်မိတာကတော့ သူတို့အားလုံးရဲ့ တူညီစကားတိုင်းက ငါတို့ခေတ်တုန်းက သိပ်ပျော်ဖို့ကောင်းတာကွ ဆိုတာရယ်၊ သူတို့ခေတ်တုန်းက ဘယ်လိုပွေးခဲ့၊ မွှေခဲ့ကြတယ် ဆိုတာတွေရယ်၊ ဆေးခြောက်ကို အမဲစျေးကနေ သွား၀ယ်ပြီး ရဲနဲ့တွေ့ရင်တောင် ကြောက်စရာမလိုဘဲ တရား၀င်သုံးလို့ရတယ်ဆိုတာရယ် စသဖြင့် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ သူတို့ဆယ်ကျော်သက်တုန်းက ဘ၀တွေကိုပြောပြီး သူတို့တွေ ပျော်ခဲ့ကြတာကို ကျနော်တို့က သွားရည်တမြားမြားနဲ့ နားထောင်ခဲ့ရဖူးတယ်။
ကျနော်တို့ထက် အသက်ကြီးတဲ့သူမှန်သမျှ သူတို့တွေခေတ်အလိုက် တဆင့်စီ သူတို့တွေခေတ်တုန်းက ဘယ်လို ပျော်ဖို့ကောင်းတယ် ဆိုတာကို ကြီးစဥ်ငယ်လိုက် ထိုင်ပြီးပြောနေကြရင် သူတို့ပြောပြောနေတဲ့ ငါတို့ခေတ်တုန်းက သိပ်ပျော်စရာကောင်းတယ်ဆိုတဲ့ အဲ့သည့်ခေတ်တွေဆီကို တခါလောက် သွားပြီးနေဖူးချင်တယ်၊ ကြုံခဲ့ဖူးချင်တယ်။ သူတို့ပြောတဲ့ ပျော်စရာဆိုတာ တကယ်ရော ပျော်ဖို့ကောင်းရဲ့လားလို့ သွားပြီး ကြည့်ချင်မိခဲ့တယ်။
ဒါပေမယ့်လည်း ကျနော်တို့က ရုပ်ရှင်တွေထဲကလို အချိန်ခရီးသွားလို့မှ မရဘဲ။ ဒီတော့ သူတို့ပြောတဲ့ သူတို့ခေတ်တုန်းက သိပ်ပျော်ဖို့ကောင်းတယ်ဆိုတာ မြင်ရတာမှ မဟုတ်တာ။ ဒီတော့ သူတို့က ပျော်ဖို့ကောင်းတယ်ပြောရင် ပျော်ပေါ့၊ ကျနော်တို့က သူတို့ပြောသမျှ ယုံလိုက်ရရုံကလွဲပြီး တခြားမရှိဘူးလေ။
ဒါပေမယ့် တကယ်တမ်း ကျနော် အသက်အရွယ်လေးတခုကို ရောက်လာတော့ ဟိုစာအုပ်လှန်၊ ဒီစာအုပ်လှန်နဲ့ ကျနော်တို့အဖေတွေခေတ်၊ ဦးလေးတွေခေတ်၊ အဘိုးတွေရဲ့ ခေတ်တွေအကြောင်း သိလာရတော့ သူတို့ပြောပြောနေတဲ့ ငါတို့ခေတ်တုန်းက ပျော်ဖို့ကောင်းတယ် ဆိုတာကြီးကို သံသယက ဝင်လာမိတယ်။
ဘာကြောင့်လဲဆိုတော့ ခေတ်အဆက်ဆက်မှာ နှစ်တနှစ်စီကို ခနထား ဆယ်စုနှစ်တခုစီကိုပဲ ပြန်ကြည့်ရင် ကျနော်တို့နိုင်ငံမှာ ဘယ်ပြည်သူမှ စိတ်လွတ်လက်လွတ် ပျော်ရတဲ့အချိန်ဆိုတာ မရှိဘူး။ သီပေါမင်း ပါတော်မူပြီးတဲ့ ၁၈၈၅ ကနေစပြီး ၁၉၀၀၊ ၁၉၁၀၊ ၁၉၂၀ စသဖြင့် ၁၀ စုနှစ် တခုစီအတွင်းမှာတောင် ကျနော်တို့တိုင်းပြည်က သူ့ဟာနဲ့သူ အပူအပင်တွေချည်း ကြုံနေရတာ။ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်နဲ့ လွတ်လပ်ရေးခေတ်ကနေ ၈၈ နောက်ပိုင်း ယနေ့အချိန်အထိ ဘယ်ကာလတွေက တကယ်ရော ပျော်ဖို့ကောင်းခဲ့လို့တုန်း။ (အရပ်သားအစိုးရအုပ်ချုပ်တဲ့ ကာလလောက်ပဲ လူလိုသူလို နေခဲ့၊ ပျော်ခဲ့ရဖူးတယ်။)
ဒါပေမယ့်လည်း လူဆိုတာက ပျော်စရာကို ဒီလိုပဲ ရှာကြံဖန်တီးပြီး ပျော်တတ်ကြတဲ့ သတ္တဝါတွေဖြစ်တဲ့အပြင် အုပ်ချုပ်သူအစိုးရ အဆက်ဆက်ကလည်း ပြည်သူတွေကို နွားခြေရာခွက်ထဲ ပျော်နေအောင် တချို့အရာတွေ ဖန်တီးပေးထားတာဆိုတော့ ဘယ်လောက် စိတ်ညစ်ပြီး ပျက်နေတဲ့ခေတ် ဖြစ်နေပါစေ ပျော်စရာ ရွှင်စရာ တခုကတော့ ရှိတတ်ကြတာပဲ မဟုတ်လား။
ကျနော်ဆို 80 born။ ကျနော့်ကိုမွေးပြီး နှစ်ကာလတခုမှာ ၈၈ အရေးတော်ပုံကြီးဖြစ်တယ်။ လူတွေသေတယ်၊ တိုင်းပြည်ပျက်စီးတယ်၊ ဒါပေမယ့် ဒီဒုက္ခတွေ ကျနော်မသိဘူး။ ကျနော် လူမှန်းသိတတ်တဲ့ အရွယ်ရောက်တော့ အရာအားလုံးက ပုံမှန်လို လည်ပတ်နေကြသလို ၈၈ အရေးတော်ပုံ ဆိုတာလည်း တကယ့်နိုင်ငံရေးအသိုင်းအဝိုင်း တခုကလွဲရင် သာမန်ပြည်သူတွေအတွက်ကတော့ သမိုင်းပုံပြင်တခုအနေနဲ့ပဲ ခပ်တိုးတိုး ပြောစရာလိုဖြစ်ပြီး ကျန်ခဲ့တာပဲရှိတယ်။ ကျနော်တို့လည်း ၈၈ က ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုတွေကြောင့်ဖြစ်တယ်၊ ဒီလိုဖြစ်လာရတာ ဘာကြောင့်ဆိုတာကို သေချာမသိတော့ ဒီအကြောင်းတွေကို စကားဆက်မှ ဗဟုသုတအနေနဲ့ ကြုံလို့ ပြန်ပြောလာတာကိုပဲ နားထောင်ခဲ့ရတယ်။
ဒီတော့ အဲ့သည့်ကာလတုန်းက ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ လူတွေရဲ့ နာကျင်မှု၊ နာကျဥ်းမှုတွေကို ကျနော် နားမလည်ခဲ့ဘူးဗျာ၊ ကျနော် သိလည်းမသိဘူး။ ဒီလိုနဲ့ ကြားထဲမှာ တချို့ နိုင်ငံရေးအခင်းအကျင်းတွေ ရှိခဲ့လည်း ကျနော်တို့နဲ့ အလှမ်းဝေးတော့ နိုင်ငံရေးအကြောင်းကို ကျနော် တကယ်မသိခဲ့ဘူး ။ အိမ်က မိသားစုတွေကလည်း ကျနော်တို့ဘက်က သိချင်လို့ စပ်စုရင်တောင် နင်တို့ကလေးတွေနဲ့ မဆိုင်ဘူး၊ ဝေးဝေးနေ ဆိုတဲ့စကားနဲ့ ကျနော်တို့က ဒီနိုင်ငံရေးရဲ့ အဝေးကို ပိုပြီးရောက်ခဲ့ရတယ်။
ဒီလိုနဲ့ ကျနော် လူပျိုပေါက် ဆယ်ကျော်သက်အရွယ် ရောက်လာတော့ ကျနော်တို့ပတ်ဝန်းကျင်မှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ တချို့ကိစ္စတွေကို မဆိုင်သလိုနေပြီး ကိုယ့်တကိုယ်စာ အပျော်တွေကိုပဲ ရှာနေမိခဲ့တယ်။
ဂီတာတီးတယ်၊ ကောင်မလေးတွေအိမ်ရှေ့မှာ သီချင်းသွားဆိုတယ်၊ ကလပ်တက်တယ်၊ ကလပ်ကို day club, night club တက်တယ်၊ ဒစ္စကိုသွားရတာကိုက ကမ္ဘာကြီးလိုထင်ပြီး ပျော်နေတာပေါ့ဗျာ။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ အဲ့သည့်အချိန်တုန်းက န၀တ၊ နအဖအစိုးရကို ဆန့်ကျင်တော်လှန်မှုတွေက ရှိနေပြန်တယ်။ အနီးစပ်ဆုံးပြောရရင် လှည်းတန်းအရေးအခင်း၊ စက်သုံးဆီအရေးအခင်းတွေ ဖြစ်ခဲ့ပြီးပြီ။ ဒီလိုတွေဖြစ်နေလည်း ကျနော်တို့က ရေပေါ်ဆီလုပ် နေကြတုန်း ပျော်တုန်း၊ ကဲတုန်း။
နောင်တချိန် ကျနော်တို့ထက် ငယ်တဲ့လူငယ်တွေနဲ့ တွေ့တဲ့အခါ ငါတို့ခေတ်တုန်းက စောက်ရမ်း ပျော်ဖို့ကောင်းတယ် ဆိုတာကြီးကိုပြောပြီး ကြွယ်ပြဖို့အတွက် ကျနော်တို့က မီးကုန်၊ ယမ်းကုန် ကဲလို့ကောင်းတုန်း။
ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းမှားတွေလျှောက်ပြီး ပျော်ပါးနေရတာကို ဘ၀ကြီးလို့ ထင်နေခဲ့တယ်။ ၉ တန်းကျောင်းသားအရွယ်နဲ့ သိမ်ကြီးစျေးတဝှိက်က Day club တွေမှာ ကျနော်တို့တွေ သွားပြီးပျော်နေခဲ့ကြတယ်။ တချိန်က ပျော်စရာလို့ ထင်နေသမျှ အခုပြန်တွေးပြီး ဒီစာကိုချရေးချိန်မှာ ကိုယ့်ကိုယ်ကို ရှက်မိတယ် ဆိုတာကိုတော့ ၀န်ခံပါတယ်။ ဒီအကြောင်းတွေကို အခုလို ရေးပြနေတာကလည်း ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်ပြီး သာယာနေလို့လည်း မဟုတ်ပါဘူး။ ဒီဘက်ခေတ်မှာ အရွယ်နဲ့မမျှတဲ့ တာ၀န်တွေကို ထမ်းပိုးပြီး စစ်ရေး၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါ၀င်နေတဲ့ ကျနော့်ရဲ့ ညီတွေ၊ ညီမတွေနဲ့ယှဥ်ရင် ကျနော့်ရဲ့ ဆယ်ကျော်သက်အရွယ်က တော်တော်လေး ညံ့ဖျင်းခဲ့တယ်ဆိုတာကို ရှက်မိလို့ ကျနော်ကိုယ်တိုင် စောက်သုံးမကျခဲ့တာကို ပြန်ပြောပြတာပါ။
ကျနော်ကိုယ်တိုင်လည်း ကျနော့်အဖေ၊ ဦးလေးတွေ၊ ဘကြီးတွေ အလှည့်တုန်းကလို ခေတ်ပျက်ကြီးမှာ ကိုယ့်တကိုယ်စာ သာယာမှုကိုရှာပြီး ပျော်ခဲ့ဖူးပါတယ်။ ကျနော့်ရဲ့ လူငယ်ဘ၀ကို ပေါ့ပေါ့ပါးပါးနဲ့ ရေပေါ်ဆီလုပ်ပြီး ဖြတ်သန်းခဲ့ဖူးတယ်။
ဒါပေမယ့် အခု တော်လှန်ရေးကြီးထဲမှာ ပါ၀င်နေကြတဲ့ လူငယ်တွေကတော့ တကယ့်ကို လေးစားဖို့ကောင်းတယ်။ သူတို့ရဲ့ လူငယ်ဘ၀ကို ကျနော်တို့ခေတ်တုန်းကလို ရေပေါ်ဆီလုပ်ပြီး မဖြတ်သန်းဘူး။ သူတို့မှာ ဒီအရွယ်လေးနဲ့ အသက်တွေ၊ ဘ၀တွေရင်းပြီး နိုင်ငံအတွက် အလုပ်တွေလုပ်နေကြပြီ။
သေချာတာတခုကတော့ တော်လှန်ရေးကြီး ပြီးတဲ့တနေ့ ဒီလူငယ်တွေနဲ့ စကားစမြည်ပြောတဲ့အခါ ကျနော့်အနေနဲ့ ငါတို့ခေတ်တုန်းက သိပ်ပျော်ဖို့ကောင်းခဲ့တာပဲ ဆိုတဲ့စကားကို ကျနော် ပြောထွက်မှာ မဟုတ်တော့ဘူး။
ဒီလိုပဲ တော်လှန်ရေးမှာ ပါ၀င်ခဲ့ကြတဲ့ ကျနော့် ညီတွေ၊ ညီမတွေဘက်ကလည်း ငါတို့ခေတ်တုန်းက သိပ်ပျော်စရာကောင်းခဲ့တယ် ဆိုတာမျိုးကို နောက်တက်လာမယ့် မျိုးဆက်တွေရှေ့မှာ သူတို့ ပြောထွက်နိုင်မှာ မဟုတ်လောက်ဘူး။ နေ့စဥ် နာကျင်ခဲ့ရတဲ့ သူတို့ရဲ့ဘ၀တွေမှာ ငါတို့ခေတ်တုန်းက ပျော်ဖို့ကောင်းခဲ့တယ်ဆိုတာကို ပြောဖို့အတွက် သူတို့ ဆွံ့အနေမှာ အမှန်ပဲ။ သူတို့ဖြတ်သန်းခဲ့ရတဲ့ လူငယ်ဘ၀က ပျော်စရာထက် နာကျင်စရာတွေက ပိုများခဲ့တာကိုး။
ဒါပေမယ့် ငါတို့ခေတ်တုန်းက အာဏာရှင်ကို ဘယ်လို တိုက်ထုတ်ခဲ့တာကွ ဆိုတဲ့စကားကိုတော့ နောင်လာနောင်သားတွေရှေ့မှာ မျက်ရည်အဝဲသားနဲ့ ဂုဏ်ယူရင်း ပြောကြမှာကိုတော့ ကျနော်တို့ ပြန်နားထောင်ရမှာ အသေအချာပဲ။
ယနေ့အချိန်ထိ အာဏာရှင်ကို ဘက်ပေါင်းစုံကနေ တော်လှန်ဆန့်ကျင်နေကြတဲ့ ညီငယ်၊ ညီမငယ်များကို အစဥ်လေးစားလျက် …
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*