ခေတ်ဆိုး၊ ခေတ်ပျက်

“ခေတ်ဆိုး၊ ခေတ်ပျက်”
◼️Simon
ကျနော့်မှာ အဘွားနှစ်ယောက်ရှိတယ်။ ဒီအဘွားတွေကြောင့်လည်း ကျနော့်ဘဝ ငယ်ငယ်တုန်းက အိမ်မှာ အမြဲလိုကြားခဲ့ရတဲ့ စကားတခွန်းလည်းရှိတယ်။ အဲ့ဒါ ဘာလဲဆိုရင် “ဟိုကောင်လေး ရေမြန်မြန်ချိုး၊ ဟိုကောင်လေး ထမင်းမြန်မြန်စား” စသည်ဖြင့် ဘာလုပ်လုပ် တခုခုဆို မြန်မြန်လုပ်တာကြိုက်တဲ့ အဘွားတွေနဲ့ နေခဲ့ရပြီး သူတို့ဆီက ဒီ မြန်မြန်ဆိုတဲ့စကားကို ကြားနေခဲ့ရတာပဲ။
ဒါကြောင့် ထမင်းစားနှေးတဲ့ ကျနော့်ကို အဘွားတွေက “လူလေး အစာစားရင် မြန်မြန်စား၊ မတော်လို့ စစ်ဖြစ်ရင် လူလေး ဗိုက်တောင်မဝဘဲ ကျန်ခဲ့မှာ” ဆိုပြီး အမြဲပြောတိုင်း ကျနော်က အဘွားကို “အဘွားကလည်း အဲ့ဒါ အဘွားတို့ ငယ်ငယ်တုန်းက ခေတ်ဆိုး၊ ခေတ်ပျက်ကြီးမို့ မြန်မြန်စားတာလေ၊ အခု ကျနော်တို့ခေတ်မှာ ဘယ်နားမှာမှ ဖြစ်စရာ စစ်မှမရှိတာ၊ ဘာလို့ မြန်မြန်စားရမှာလဲ မစားနိုင်ပါဘူး” ဆိုပြီး ကျနော်က ပြန်ပြီး ဂျစ်တိုက်ခဲ့တာပဲ။
ဒီတော့ အဘွားက ရယ်တာပေါ့။
ကျနော့်အဘွားတွေက သီပေါမင်း ပါတော်မူပြီးခါစမှာ မွေးခဲ့ကြတာဆိုတော့ သူတို့က အင်္ဂလိပ်ခေတ်ရော၊ ဂျပန်ခေတ်ပါ ကောင်းကောင်း မီခဲ့ကြတဲ့အတွက် တခုခုဆို သွက်သွက်လုပ်၊ သွက်သွက်ပြောတဲ့အကျင့်က ပါနေပြီ။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ ရောင်စုံသူပုန်ခေတ်၊ နဝတ၊ နအဖ ခေတ်တွေအထိပါ မီခဲ့တဲ့အပြင် ပဲခူးငလျင်လို ပြင်းထန်တဲ့ သဘာဝဘေးကိုလည်း အဘွားတွေက သူ့တို့တသက်တာမှာ ကြုံခဲ့ဖူးပြီး စစ်ပွဲတွေများစွာနဲ့ ဗုံးခိုကျင်းတွေများစွာထဲလည်း ခဏခဏ ဝင်ခဲ့ရဖူးတယ်။
ဒီတော့ သူတို့ ငယ်ဘဝ စိတ်ဒဏ်ရာတွေက တအားများတယ်။ ကျနော့်အဘွားလေးဆို အကြမ်းဖက်စစ်တပ်ရဲ့ တပ်မတော်နေ့အခမ်းအနား ရောက်တိုင်း ကောင်းကင်ပေါ်ပျံနေတဲ့ ရဟတ်ယာဥ်သံကြားရင် ဘာကိုလန့်လို့ လန့်နေမှန်းမသိဘဲ နားနှစ်ဘက်ကို အုပ်ထားတတ်တယ်။
နောက်မှသိရတာက အဘွားတို့ကလေးဘဝတုန်းက ကျွဲနှစ်ကောင်ဆိုတဲ့ ဂျပန်လေယာဥ်ကြောင့် မျက်စိရှေ့တင် ရွာကလူတွေ သေတာကို မြင်ခဲ့ဖူးတဲ့အတွက် အဘွားလေးက လေယာဥ်သံဖြစ်ဖြစ်၊ ရဟတ်ယာဥ်သံဖြစ်ဖြစ် အဲ့သည့်အသံကိုကြားရင် သူမခံစားနိုင်ဘူး။
ဥပမာပြောရရင် ကျနော်ငယ်ငယ်က သူငယ်နာ ဝမ်းပုပ်ချဆေး (ဝမ်းနုတ်ဆေး) စားရမှာကို သိပ်ကြောက်တာ။ မဖြစ်မနေစားရရင်လည်း ဒီလောက်နံတဲ့ဆေးကို သောက်ပြီးတိုင်း အိမ်ကကျွေးတာက ဘာလီသကြားလုံး။ ဒီအတွက် ကျနော့်မှာ ခုထိရှိနေတဲ့ ထရော်မာက ဘာလီသကြားလုံးကို မစားရသေးဘူး မြင်တာနဲ့တင် ပါးစပ်ထဲမှာရော၊ နှာခေါင်းထဲမှာပါ သူငယ်နာ ဝမ်းပုပ်ချဆေးအနံ့နဲ့ အရသာကြီး ပြန်ရသလို ခံစားရတဲ့အတွက် ကျနော် ဒီအသက်အရွယ်ထိ ဘာလီသကြားလုံးကို စားလို့ကို မရတော့ဘူး။
ကျနော့်အဘွားတွေရဲ့ ထရော်မာက ဒီထက်ပိုဆိုးတာပေါ့။ သူတို့ကမှ တကယ့်ကို ကမ္ဘာစစ်ကြီးတွေအပြင်၊ ပြည်တွင်းစစ်တွေအထိလည်း ကြုံခဲ့ဖူးတော့ စားသုတ်သုတ်၊ လာသုတ်သုတ်ဆိုတဲ့ သူတို့ရဲ့အကျင့်ကို ဖျောက်လို့ကို မရတော့ဘူး။
တကယ်တော့ သူတို့က ခေတ်ဆိုး၊ ခေတ်ပျက်ကြီးတွေနဲ့ ကြုံခဲ့ရပြီး ဒီ ခေတ်ဆိုး၊ ခေတ်ပျက်ကြီးတွေကြားထဲမှာ အသက်ရှင်အောင် မနည်း ရုန်းကန်ခဲ့ရတာ။ ဒီခံစားချက်ကို အခု စစ်ဖြစ်ပွားရာဒေသမှာရှိတဲ့ ကလေးငယ်တွေဆီမှာ ကျနော် ပြန်မြင်ခဲ့ရတယ်။ ကလေးတွေ ထမင်းစားနေတုန်း လေယာဥ်သံကြားရင် ဝုန်းခနဲဆိုပြီး စားလက်စပန်းကန်ကိုချပြီး ဗုံးခိုကျင်းထဲ ဝင်ပြေးရတဲ့ကလေးတွေ မနည်းဘူး၊ တချို့ဆို ထမင်းပန်းကန်ထဲက အသားတုံးလေး၊ ဘဲဥအခြမ်းလေးကို ကိုင်ပြီး ပြေးရရှာတယ်။
ဒီတော့မှ ကျနော့်အဘွားတွေပြောခဲ့တဲ့ သူတို့ငယ်ငယ်က အကြောင်းတွေကို ကျနော် ကိုယ်ချင်းစာတတ်လာတယ်။ လက်ရှိမှာတော့ ကျနော့်အဘွားတွေက မရှိတော့ပါဘူး။ သူတို့တသက်တာမှာ ဒီလိုလောကဓံတွေကို ခံခဲ့ရပေမယ့် အသက်ရှည်ရှည်တော့ နေနိုင်သွားခဲ့ကြတယ်။ သူတို့ဆုံးတော့ အသက်တွေက ၉၀ ကျော် ၁၀၀ နီးပါးထိ ဖြစ်နေကြပြီ။
အဘွားမဆုံးခင်က ကျနော့်ကို ဘာလုပ်လုပ် မြန်မြန်လုပ်ရမယ် ဆိုပြီးပြောတိုင်း ကျနော်တို့ မြေးအဘွားတွေကြား ပြဿနာဖြစ်ရင် အဘွား ပြန်ပြောလေ့ရှိတာက “အေးလေ မြေးတို့ခေတ်က အဘွားတို့လို ခေတ်ဆိုး၊ ခေတ်ပျက်ကြီးမှ မဟုတ်တာ၊ မြေးလေးက ဘယ်နားလည်မှာတုန်း” ဆိုတာပါပဲ။
တကယ်တော့ ကျနော်တို့ခေတ်က ခေတ်ဆိုး၊ ခေတ်ပျက်ကြီး မဟုတ်ဘူးဆိုတာ မြို့ပေါ်မှာနေတဲ့ ကျနော့်အတွက် ဟုတ်ပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ ခေတ်ဆိုး၊ ခေတ်ပျက်ကြီးက ကြုံနေခဲ့ရတုန်းပါပဲ။
အခုဆို တိုင်းရင်းသားဒေသတွေတင် မကဘူး၊ မြို့ပေါ်နေလူတန်းစားတွေလည်း ကြုံနေရပြီ။ ၂၀၂၀ မှာ ကိုဗစ်ဆိုတဲ့ ကပ်ဘေး၊ ၂၀၂၁ မှာ အာဏာသိမ်းတဲ့ အာဏာရူးရဲ့ဘေး၊ ၂၀၂၃ မှာ စီးပွားရေးပျက်တဲ့ဘေး၊ ၂၀၂၄ မှာ ရေဘေး၊ အခု ၂၀၂၅ မှာ မြေငလျင်ဘေး စတဲ့ ကပ်ဆိုးကြီးတွေနဲ့အတူ ခေတ်ဆိုး၊ ခေတ်ပျက်ကြီးကို ကျနော်တို့ ကြုံတွေ့နေရပြီ။
မိဘမဲ့သွားတဲ့ ကလေးတွေ၊ သားသမီးပျောက်သွားတဲ့ မိဘတွေနဲ့ စည်းစိမ်ပျောက်သွားတဲ့ မိသားစုတွေဆိုတာ ကျနော်တို့မျက်စိရှေ့တင် အသုတ်လိုက် မြင်နေခဲ့ရသလို စစ်ကြောင့်၊ လေယာဥ်ဒဏ်ကြောင့် ဗုံးခိုကျင်းထဲဝင်နေတာတောင် သေဆုံးခဲ့ရတဲ့ ပြည်သူတွေကိုလည်း ကျနော်တို့ တွေ့ခဲ့ရဖူးပြီ။
ဒီလိုအချိန်မှာ ကျနော် သိပ်သတိရတာက ကျနော့်အဘွားတွေကိုပဲ။ အကယ်၍ သူတို့သာရှိသေးရင် မြေးလေးတို့က ခေတ်ဆိုး၊ ခေတ်ပျက်ကြီးကို မကြုံခဲ့ရဘူး ဆိုတဲ့စကားအစား မြေးတို့လည်း အဘွားတို့တုန်းကလို ခေတ်ဆိုး၊ ခေတ်ပျက်ကြီးနဲ့ ကြုံနေရပြီလို့ ဝမ်းနည်းပက်လက်နဲ့ ပြောရှာမယ်ထင်တယ်။
About The Call 598 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*