ခေတ်ဆိုး၊ စနစ်ဆိုးအောက်က ရင်းလိုက်ရတဲ့ ဘဝတွေ

‘ခေတ်ဆိုး၊ စနစ်ဆိုးအောက်က ရင်းလိုက်ရတဲ့ ဘဝတွေ’
◼️Simon
သူခိုးဗျို့ !!! သူခိုး !!!
အဖေမောင်းတဲ့ ကုန်ကားနဲ့ ပွဲရုံမှာ ဆန်အိတ်သွားသယ်ဖို့ အစောကြီး အိပ်ယာထလာတဲ့ ကျနော့်မှာ သူခိုး၊ သူခိုး ဆိုတဲ့အသံကို ကြားလိုက်တော့ ချက်ချင်းကို မျက်လုံးတွေ ပြူးကျယ်သွားတယ်။
တကယ်တော့ ကျနော်တို့ရပ်ကွက်က သူခိုးဝင်ခိုးဖို့ မလွယ်ဘူး။ ရပ်ကွက်က လူညီတယ်၊ နောက်ပြီး ရပ်ကွက်နောက်က ပုဇွန်တောင်ချောင်းလည်း ရှိနေတာဆိုတော့ တကယ်တမ်း သူခိုးဝင်ရင် ရပ်ကွက်ထိပ်ကပဲ စောင့်ပြီးဖမ်းတာနဲ့ အဲ့သူခိုးက လွတ်အောင်ပြေးဖို့ မလွယ်တော့ဘူး။
ဒါကြောင့်လည်း ရပ်ကွက်ထဲ ဘယ်သူခိုးကမှ လာမခိုးရဲကြဘူး။
ဒီလို သူခိုးကြောက်တဲ့ ရပ်ကွက်ထဲမှာ မနက်အစောကြီး သူခိုး၊ သူခိုး ဆိုတဲ့အသံကို ကြားတော့ ထုံးစံအတိုင်း လူညီတဲ့ ကျနော်တို့ရပ်ကွက်က အုံနဲ့ကျင်းနဲ့ ထွက်လာကြတော့တာပေါ့။
သူခိုး ဘယ်မှာလဲဆိုတော့ …
ကမ်းနားလမ်းဘက်ကို ပြေးသွားတယ်တဲ့။
ဒီစကားကို ကြားမိတော့ ကျနော်တွေးမိတာ ဒီသူခိုးက ဒီအနီးနား ပတ်ဝန်းကျင်ကသူခိုး မဖြစ်နိုင်ဘူးဆိုတာပဲ။
ဘာကြောင့်လဲဆိုတော့ … သူခိုးက သူ့နောက်က လိုက်လာတဲ့သူတွေ မမိအောင် ဝင်ပြေးလာတာ တbက်ပိတ်ဖြစ်နေတဲ့ ကျနော်တို့ရပ်ကွက်ထဲကို ပြေးလာတာဖြစ်တဲ့အပြင် ပုဇွန်တောင်ချောင်းရှိတဲ့ ကမ်းနားလမ်းဘက်ကို ပြေးတာဆိုတော့ ဒီသူခိုးက တကယ့်ကိုမှ ရပ်ကွက်အထာ နယ်မြေမကျွမ်းကျင်တဲ့ သူခိုးဆိုတာ သေချာနေပြီ၊ လွတ်ဖို့လည်း မလွယ်တော့ဘူး။
ရေကူးတတ်မှပဲ လွတ်မယ်၊ ဒါတောင် ကမ်းနားမှာ လှေသမားတွေရှိရင် လွတ်ဦးမှာ မဟုတ်သေးဘူး။
ဒီလိုနဲ့ ကမ်းနားကိုရောက်တော့ လှေဆိပ်မှာ လူတွေက အုံနေပြီ။ သူခိုးက ဘယ်ရောက်သွားတာလဲဆိုတော့ ချောင်းထဲကို ဆင်းပြေးသွားတယ်။ လှေဆိပ် မှာ သမ္ဗာန်တွေလည်းမရှိ၊ ခါတိုင်း ကျောက်ချနေကျ လှေတွေလည်း မရှိတော့ ချောင်းထဲဆင်းပြေးတဲ့ သူခိုးကို ဘယ်သူကမှ လိုက်မဖမ်းနိုင်ဘူး။
မနက်ပိုင်း အစောကြီး မနက် ၅ ခွဲ ၆ နာရီလောက်ဆိုတော့ ရေကလည်း တက်နေတာ ကမ်းနဖူးထိတောင် ရောက်နေတယ်။ သူခိုးကိုကြည့်တော့ ဖြည်းဖြည်းချင်းပဲ ရေထဲမှာ တရွေ့ရွေ့သွားနေတာကို တွေ့ရတယ်။
ဒီအချိန်မှာပဲ ရုတ်တရက် စိတ်ပူမိတာက ဒီသူခိုးက ကြောက်ကြောက်လန့်လန့် ရေထဲဆင်းပြေးတာ သူ ဘယ်ထိ လွတ်အောင် ကူးနိုင်မှာလဲ ဆိုတာပါ။
ချောင်းဘေးနားမွေးပြီး ချောင်းထဲရေဆင်းကူးရင်း ရေကူးတတ်လာတဲ့ ကျနော်က လူတယောက် တကယ် ရေကူးကျွမ်းကျင်တာလား၊ တော်ရုံလောက်ပဲ ကူးတတ်တာလားဆိုတာ ကြည့်တာနဲ့သိတယ်။
ဘာကြောင့်လဲဆိုတော့ ရေထဲဆင်းပြေးသွားတဲ့ သူခိုးက ဝရုန်းသုန်းကားနဲ့ ကြောက်လန့်တကြား ကူးနေတာ ရေကို တကယ်ကြီး ကျွမ်းကျွမ်းကျင်ကျင်ကြီး ကူးတတ်လို့မဟုတ်ဘူး။
ဒီအချိန်မှာပဲ “ဟာ … လုပ်ကြဦးဟ၊ ဟိုမှာ ရေနစ်နေပြီထင်တယ်”
လှမ်းကြည့်တော့ ဟုတ်ပါတယ်၊ ကြောက်ကြောက်လန့်လန့်နဲ့ ရေထဲဆင်းပြေးတဲ့ သူခိုးက အမောဖောက်နေတာလား ကြွက်တက်နေတာလား မသိဘူး၊ရေထဲမှာ ယက်ကန်ယက်ကန်နဲ့ နစ်လိုက်မြုပ်လိုက် ဖြစ်နေပြီ။
ဒီအချိန်မှာပဲ ခုနက သူခိုးတွေ့ရင် ဖမ်း၊ အဲ့ကောင်ကို စခန်းပို့မယ်ဆိုပြီး ကြုံးဝါးလာတဲ့ လူအုပ်ကြီးက ချက်ချင်းပဲ အော်ကြတယ်။
“ဟိတ်ကောင်လေး ကမ်းစပ်ကို ပြန်ကူးလာခဲ့ … နင့်ကို ငါတို့ ဘာမှမလုပ်ဘူး မကြောက်နဲ့” ဆိုပြီး အော်နေကြတယ်။
လူအုပ်ကြီးကသာ အော်နေတာ ရေနစ်နေတဲ့သူက သူ့ရဲ့ဇောနဲ့ ဘာမှကို ကြားရမယ်မထင်ဘူး။ သူ့ကို သွားကယ်ရအောင်လည်း ဒီနေ့ကျမှ လှေရော၊ သမ္ဗာန်ရော မရှိကြဘူး။ ကျနော်တို့ကလည်း ရေကူးတတ်တယ်ဆိုပေမယ့် အခုလို ရေတက်ပြီး ရေစီးကြမ်းနေချိန် ရေနစ်သူကို ဆင်းကယ်ရလောက်အောင် သတ္တိမရှိဘူး။ ဒီလို ရေနစ်သူကို သွားကယ်ရင်း နစ်တဲ့သူရော ကယ်တဲ့သူပါ သေကြတဲ့သာဓကတွေ ရှေ့မှာရှိကြတာဆိုတော့ ဘယ်သူကမှ ဆင်းပြီး မကယ်ရဲဘူး။
ဒီလိုနဲ့ပဲ ရေထဲဆင်းပြေးသွားတဲ့ သူခိုးဟာ ကျနော်တို့ မျက်စိရှေ့တင်ပဲ ရေနစ်ပြီး မြုပ်သွားတာကို မြင်လိုက်ရတယ်။ ကျနော့်အတွက်တော့ ဘယ်တော့မှ မေ့လို့မရတဲ့ မနက်ခင်းတခုပဲ။
သူခိုးဖြစ်ဖြစ်၊ လူဆိုးဖြစ်ဖြစ် ကိုယ့်ရှေ့မှာ လူတယောက်လုံး သေဆုံးသွားတာကို မြင်လိုက်ရတဲ့ ခံစားချက်ကြီးက တကယ့်ကို အိပ်မက်ဆိုးကြီးတခုမက်နေသလိုပဲ။
ဒီလိုနဲ့ ကမ်းနားမှာ လူတွေ စုစုစုစုနဲ့ ရေနစ်သွားတဲ့သူ ပြန်ပေါ်လာမလား စောင့်နေရင်း အချိန်တွေသာ ကုန်သွားတယ်၊ ရေနစ်သွားတဲ့သူကတော့ ပြန်ပေါ်မလာတော့ဘူး။
သူ ဘယ်သူလဲ၊ ဘယ်သူ့သားလဲ၊ သူ့မှာ အိမ်ထောင်ရှိလား၊ ကလေးတွေရှိလား ၊ ခိုးတဲ့အလုပ် မလုပ်ခင် သူအရင်က ဘာအလုပ်လုပ်လဲ စသည်ဖြင့် ကျနော့်ခေါင်းထဲမှာ အတွေးတွေများစွာနဲ့ ရေနစ်သွားတဲ့သူ တယောက်အကြောင်းကို တွေးနေမိတယ်။
အဓိကတော့ လူတယောက် အသက်ဆုံးရှုံးသွားတာကို နှမျောတာပါ။
ဒီလို အတွေးတွေနဲ့ နှမျောလို့မဆုံးဖြစ်နေတုန်း အဖေက သူခိုးလိုက်ဖမ်းကြတဲ့သူတွေကို ဒီကောင် ဘာခိုးလို့ လိုက်ဖမ်းကြတာလဲဆိုပြီး သွားမေးတယ်။
ဒီတော့မှ သိလိုက်ရတာက …
ကမ္ဘောဇဘဏ်ရှေ့မှာ သံချောင်းတွေနဲ့လုပ်ထားတဲ့ မြောင်းအဖုံးတွေရှိတယ်။ ဒီမြောင်းအဖုံးတွေကို အခုသေသွားတဲ့သူက ဖြုတ်ခိုးနေတုန်း ဘဏ်လုံခြုံရေးကတွေ့တော့ လိုက်ဖမ်းတဲ့အတွက် ကြောက်လန့်ပြီး ထွက်ပြေးရာကနေ ခုလို ချောင်းထဲမှာ ရေနစ်သေတာတဲ့။
သူနဲ့ ဘယ်သူပါသေးလဲဆိုတော့ ဘယ်သူမှမပါဘူး၊ တယောက်တည်းလာတာတဲ့။ အဖွဲတွေဘာတွေလည်း ရှိမယ့်ပုံမပေါ်ဘူး၊ နောက်ပြီး သူ့ပုံစံက သူခိုးပုံလည်း မပေါက်ဘူး၊ လူရည်သန့်ပဲ။ ကြည့်ရတာ တခုခု ကြံရာမရလို့ လွယ်တာလေးကောက်ဖြုတ်ပြီး ပြန်ရောင်းစားဖို့ ကြံတဲ့ပုံပဲတဲ့။
ဒီလိုကြားလိုက်တော့ ကျနော့်ရင်ဘတ်ထဲမှာ ဆို့ပြီး တက်သွားတယ်။
သံနဲ့လုပ်ထားတဲ့ မြောင်းအဖုံးတွေက ဘယ်လောက်တန်မှာလဲ၊ ကုလားဆိုင်မှာ သွားရောင်းရင် တပိဿာ ဘယ်လောက်ရမလဲ။ တနေကုန် မနက်ည ထမင်းစားဖို့လောက်တော့ ရချင်ရမယ်၊ ထမင်းတနပ် ဝဝလင်လင်နဲ့ ကောင်းကောင်းမွန်မွန်စားလို့ ရချင်ရမယ်ဗျာ၊ ချမ်းသာသွားမှာတော့ မဟုတ်ဘူး။
ဒါပေမယ့် ဒီလို ထမင်းတနပ်အတွက် သူ့အသက်ပါ ပေးလိုက်ရတယ်။ ကျနော် သူ့ကိုမသိဘူး၊ မြင်လည်း မမြင်ဖူးဘူး၊ ဒါပေမယ့် ကျနော် ဝမ်းနည်းမိတယ်။
ကျနော့်အဖေဆိုရင်လည်း ဟာကွာ … ချာတိတ်ရာ ထမင်းတနပ်စားဖို့အတွက် ဒါမျိုး ရင်းလိုက်ရတာလားကွာ ဆိုပြီး စုတ်တသပ်သပ်ဖြစ်သလို ကျနော်လည်း မျက်ရည်တွေဘာတွေ ဝဲတက်လာတယ်။
အကယ်၍ သေသွားတဲ့သူက ဒီအလုပ်ကိုမလုပ်ခင် လူကောင်းတယောက်များ ဖြစ်ခဲ့လေမလား၊ ဒီလိုလူတယောက်က ဒါကိုခိုးတဲ့အခါ သေမယ်ဆိုတာကို သိခွင့်ရရင် ဘယ်လောက်ကောင်းမလဲ၊ ဒါဆို သူ, ခိုးမှာမဟုတ်ဘူး စသဖြင့် ကျနော့်အတွေးတွေကလည်း မဆုံးတော့ဘူး။
သေချာတာတခုကတော့ သေသွားတဲ့သူက ဒီပတ်ဝန်းကျင်၊ ဒီအနီးနားကလည်း မဟုတ်သလို အမြဲတမ်းခိုးနေကြ သူခိုးတယောက်လည်း မဟုတ်ဘူးဆိုတာ အသေအချာပဲ။
တနေ့တာရင်ဆိုင်ရမယ့် သူ့အခက်အခဲတခုခု၊ အကြောင်းပြချက် တခုခုကြောင့်သာ ခုလို မြောင်းအဖုံးကို ဖြုတ်ခိုးရင်း လူတွေ့သွားတဲ့အတွက် အဖမ်းခံရမှာကြောက်ပြီး ထွက်ပြေးရာကနေ လမ်းမသိဘဲ ကျနော်တို့ရပ်ကွက်ထဲ ရောက်လာရင်း အခုလို ကံဆိုးသွားရတာပါပဲ။
ဒီအဖြစ်အပျက်က လွန်ခဲ့တဲ့ ၂၀၀၅၊ ၂၀၀၆ လောက်က ဖြစ်တာဆိုတော့ ခုဆို အနှစ် ၂၀ လောက်ရှိပြီ ဒီအကြောင်းကို ကျနော် တခါမှ မရေးဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ ကျနော် ဒီအကြောင်းကို ဘာလို့ ရေးဖြစ်တာလဲဆိုရင် ….
လွန်ခဲတဲ့ ရက်သတ္တပတ်တခုမှာ စမ်းချောင်းထဲက တိုက်ခန်းတခုကို အမျိုးသမီးတဦးက ဝင်ပြီး ပစ္စည်းခိုးတယ်။ ဒါကို လူတွေကမြင်တော့ ဝိုင်းဖမ်းကြတဲ့အခါ ထိုအမျိုးသမီးက နောက်ဖေးမီးဖိုချောင် ပြတင်းပေါက်ကနေ ခုန်ချသွားတယ်တဲ့။
သူ ဒါမျိုးခုန်ချပြီး ပြေးဖို့လုပ်တာကိုမြင်တော့ သူ့ကိုဝိုင်းဖမ်းတဲ့လူတွေက တားကြတယ် “မခုန်ချနဲ့ ခုန်ချရင် သေသွားလိမ့်မယ်” ဆိုပြီး တားကြပေမယ့် အဖမ်းခံရမှာကြောက်တဲ့ ထိုအမျိုးသမီးက တကယ်ကြီး ခုန်ချသွားတယ်။
သူခုန်ချတဲ့အမြင့်က ၄ လွှာ၊ စဥ်းစားသာကြည့်တော့။ ကျန်းမာရေးလိုက်စားပြီး ကျွမ်ဘားဆော့တဲ့သူတောင် ခုန်ချဖို့မလွယ်တဲ့ အမြင့်တခုကနေ သာမန် အမျိုးသမီးတဦးက သူ့အသက်သေမှာကို သိလျက်နဲ့ ခုန်ချသွားတာဆိုတော့ သူအဖမ်းခံရမှာကို ကြောက်မိလို့ပဲ။
တကယ်တော့ ဝါရင့် သမ္ဘာရင့် သူခိုးတွေက တနေရာကိုဝင်ခိုးလို့ မိရင် ဘယ်တော့မှ သူတို့အသက်ကို အသေခံပြီး မပြေးဘူး။ လွတ်အောင်တော့ ပြေးမယ်၊ ပြေးလို့မလွတ်ရင် လိုက်ဖမ်းတဲ့သူတွေကို ပြန်ပြီးတိုက်ခိုက်မယ်၊ နောက်ဆုံး မရတော့မှသာ အဖမ်းခံလိုက်မယ်။ သူတို့ အသက်သေသွားမယ့် အထိတော့ ဒီကောင်တွေ ဘယ်တော့မှ မလုပ်ကြဘူး။ ဒီကောင်တွေက အဖမ်းခံရတာ ရိုးနေသလို ထောင်ကျတာ၊ အရိုက်အနှက်ခံရတာလည်း မဆန်းတော့ဘူး။
ဒါပေမယ့် သူခိုးပါး မဝတဲ့သူတွေ၊ ခိုးနေကြ မဟုတ်တဲ့သူတွေအတွက်တော့ အဖမ်းခံရမှာ၊ အရိုက်ခံရမှာ၊ ထောင်ကျမှာ ကြောက်ကြတဲ့အတွက် အခုလို လွတ်မြောက်ဖို့ရာ လုပ်မိလုပ်ရာကို လုပ်ကြရင်း ဒီလိုမျိုး အသက်တွေသေတဲ့အထိ ဖြစ်ကုန်ကြတာပါပဲ။
တကယ်တော့ ခုလက်ရှိ သူခိုးအလုပ်ကို လုပ်နေကြတဲ့သူတချို့က တချိန်က ဒါမျိုးလုပ်ကြတဲ့သူတွေ မဟုတ်ဘဲ မတတ်သာတဲ့အဆုံး ကြံမိကြံရာကို ကြံရင်း အလွယ်ရမလား ဆိုတဲ့စိတ်နဲ့ သူခိုးမဖြစ်ချင်ဘဲ ဖြစ်လာကြတဲ့သူတွေ ဖြစ်နေတာကိုလည်း မြင်နေရတယ်။
ဒါဟာ ဘာကြောင့်လဲဆိုတဲ့ အဖြေကိုရှာတော့ တိုင်းပြည်မှာ လူထုက ဆင်းရဲမွဲတေပြီး ကြပ်တည်းလာကြပြီဆိုတာကို သွားတွေ့ရတယ်။
ရေပေါ်ဆီ လူတန်းစားတချို့ ပျော်ပါးသောက်စားနေကြတဲ့ ကျနော်တို့နိုင်ငံရဲ့ အဓိကမြို့တော်တွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမှာမြို့တွေမှာတောင် ပြည်သူ ၇၀၊ ၈၀ ရာခိုင်နှုန်းလောက်က ကြပ်တည်းပြီး ခက်ခဲနေကြသလို နေ့စဥ်ဖြစ်နေတဲ့ မှုခင်းတွေနဲ့ နေ့စဥ်မှာ ပြည့်တန်ဆာဖြစ်ကုန်ကြတဲ့ အမျိုးကောင်းသမီးလေးတွေလည်း အများကြီးပဲရှိနေတယ်။
(ခင်ဗျားတို့ ကျနော်ပြောတာ မယုံရင် တရုတ်ပြည်နယ်စပ်ကိုပဲ သွားကြည့်ဗျာ၊ ပြည့်တန်ဆာနဲ့ တရုတ်မယားဖြစ်သွားတဲ့ အရွယ်ကောင်း မြန်မာအမျိုးသမီးလေးတွေ ဒုနဲ့ဒေးပဲ)
ဒါတွေဟာ နေ့စဥ်ဖြစ်နေတာ၊ နေ့စဥ်ကို ဖြစ်ပျက်နေတာ။
ဒါပေမယ့် ဒီကိစ္စတွေကို ကျနော်တို့ သိလျက်၊ မြင်လျက်၊ ကြားလျက်နဲ့ ဘာမှ မကူညီပေးနိုင်ဘူး၊ ဒီလူတွေရဲ့ဘ၀ကို မကယ်တင်ပေးနိုင်ဘူး။
ဘာကြောင့်လဲ …
ကျနော်တို့ကိုယ်တိုင် ဒီခေတ်ဆိုး၊ စနစ်ဆိုးကြီးရဲ့အောက်မှာ သားကောင်တွေ ဖြစ်နေလို့ပဲ။ ကျနော်တို့မှာ ရွေးချယ်စရာလမ်းတွေ မရှိတော့ဘူး။ ဒီလို အခက်အခဲတွေ၊ ဒီလိုဘဝတွေကို ကယ်တင်နိုင်မယ့် လွတ်မြောက်ရာ လမ်းဆိုရင်လည်း တခုပဲရှိတယ်။
အဲဒါက …
ဒီတော်လှန်ရေးကြီး အောင်မြင်ဖို့ပဲ။
About The Call 652 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*