ခေတ်နောက်ပြန် နောက်ပြန်ခေတ်

◼️Simon
“ဟိုကောင်လေး အဖေနဲ့လိုက်မှာလား”
အပြင်မှာကစားပြီး ပြန်လာတဲ့ ကျနော့်ကို ကားရေဆေးနေတဲ့ ကျနော့်အဖေက လှမ်းမေးတာပါ။
“ကား ဆီသွားထုတ်မလို့လား”
“အေး … ဟုတ်တယ်”
“အဖေ သားကို ရေခဲမုန့် ဝယ်ကျွေးမှာလား”
“ကျွေးမယ်ကွာ ကျွေးမယ် ဒါပေမယ့် မင်းလိုက်မှ ကျွေးမှာနော် မင်းမလိုက်ရင်တော့ ညီမလေးကိုပဲ ခေါ်သွားမှာ”
“ဟာ … အဖေကလည်း သားလိုက်မှာပေါ့ ညီမလေးက လိုက်လာပြီးရင် သူက ဂျီပဲကျနေတာ သားကဖြင့် အဖေ့ကို ရှေ့ကား၊ နောက်ကား ကြည့်ပေးတတ်သေးတယ်”
“သွား … ဒါဆို ရေချိုး၊ အဝတ်စားလဲပြီး စောင့်နေ”
အဖေနဲ့ ပြောပြီးတာနဲ့ ကျနော် ရေချိုးခန်းထဲပြေး၀င် ခေါင်းကနေ ရေလောင်းချိုးပြီး အပြင်သွားဖို့ အဝတ်အစားတွေဘာတွေ လဲပါတော့တယ်။
ကျောင်းပိတ်ရက် စနေနဲ့ တနင်္ဂနွေရက်တွေမှာ အဖေနဲ့ အခုလို ကားဆီထုတ်ဖို့လိုက်ရတာကို ကျနော်သဘောကျတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်မြို့ထဲ ကားပတ်စီးရတဲ့အပြင် မုန့်တွေဘာတွေလည်း စားရလို့လေ။
ကားဆီထုတ်ဖို့ တန်းစီရတဲ့နေရာက မင်္ဂလာတောင်ညွန့်မှာ၊ တခါတခါ တန်းစီရရင် အကြာကြီး။ တခါတလေဆို ကျနော်က ကားပေါ်မှာ ဆီတန်းစီတာစောင့်ရင်း အိပ်ပျော်သွားတတ်တယ်။ အဖေကတော့ ခုလို ကျောင်းပိတ်ရက်နဲ့ဆုံရင် ကားလည်း အငှားမလိုက်ရရင် ကြုံရင် ကြုံသလို ကျနော့်ကို ဆီထုတ်တဲ့အခါ အဖော်အဖြစ် ခေါ်သွားတတ်တယ်။
စာအုပ်အနီလေးတွေကိုင်ပြီး ဆီတခါထုတ်ဖို့ တန်းစီရတဲ့အပြင် ကားတစီးကို တနေ့မှ ၃ ဂါလံပဲရတယ်။ ဒီလို ဆီထုတ်ပြီးသွားရင်လည်း ဆီဆိုင်နဲ့ မလှမ်းမကမ်း ကန်တော်ကြီးပတ်လမ်းထဲကို ကွေ့၀င်လိုက်တာနဲ့ အုတ်နီခဲလေးတွေပေါ်မှာ ပုလင်းတွေတင်ပြီး ဓါတ်ဆီပြန်ရောင်းနေတဲ့ဆိုင်မှာ ခုနက ထုတ်လာတဲ့ဆီကိုလည်း ပြန်ရောင်းစားကြတယ်။
(ဆိုင်မှာ ၁ ဂါလံကို ၁၈၀ ကျပ်နဲ့ ထုတ်လာရင် အပြင်မှာ ပြန်ရောင်းတဲ့အခါ ၁ ဂါလံကို ၂၅၀ ကျပ်လောက် ပြန်ရတယ်လေ)
တနေ့ ၃ ဂါလံထုတ်၊ ဘယ်မှ ထွေထွေထူးထူး သွားစရာမရှိရင် ဆီတွေက ပိုနေတတ်တာဆိုတော့ ဆီတခါထုတ်ပြီးတိုင်း အဖေက ၁ ဂါလံသွားရောင်းပြီး ကျနော်တို့သားအဖ မြို့ထဲက တရုတ်တန်းမှာ ဆီချက်၊ ကြေးအိုး၊ ကော်ပြန့်စိမ်း စတာတွေ သွားသွားစားကြတော့တာပဲ။
အဲ့သည့်အချိန်တုန်းက ကျနော်တို့အိမ်ကကားက SE ဗျ ။ ကားနံပါတ်က န/၂၆၁၇ မြန်မာလိုအက္ခရာတွေနဲ့ ရေးတဲ့ကာလပေါ့။ ကားရဲ့မော်ဒယ်လ်တော့ မမှတ်မိတော့ဘူး။ နောက်ပြီး မေဆွိရဲ့သီချင်းဖြစ်တဲ့ “SE ကိုဝယ် ဇိမ်နဲ့နေမယ်” ဆိုတဲ့ သီချင်းကလည်း ပေါက်နေပြီးသား ဖြစ်တဲ့အချိန်ဆိုတော့ လူကြား၊ သူကြားထဲ SE နဲ့ သွားရရင်ကို မြောက်ကြွ၊မြောက်ကြွဖြစ်တဲ့ကာလပေါ့။
မှတ်မိတာတခုက အဲ့သည့်ကားကို ဝယ်တဲ့အချိန် ငွေ ၅ သိန်းနဲ့ ၃ သောင်းခွဲလားပဲ ပေးရတာ။ အဲ့သည့်တုန်းက ငွေ ၅ သိန်းဆိုတာ နည်းတဲ့ပမာဏ မဟုတ်ဘူး။ နေ့စား အလုပ်သမားတယောက်ရဲ့လစာက တရက်မှ ၁၀၀ ပဲရတာ။ လိုင်းကားစီးရင် ကျနော့်အဘွားတွေနေတဲ့ သာကေတကနေ ပုစွန်တောင်စျေးထိကို ၁ ကျပ်၊ မြို့ထဲဆို ၂ ကျပ်၊ ဂိတ်စ – ဂိတ်ဆုံးဆို ၃ ကျပ် ဒီလောက်ပဲပေးရတာ။ ဒါတောင် လိုင်းကားခတွေ စျေးတက်သွားတဲ့အချိန်နော်။ အဲ့သည့်အချိန်မတိုင်ခင်ကဆို အကြွေစေ့လေးတွေနဲ့ ကားစီးလို့ရသလို ကားလတ်မှတ်တွေလည်း ဂိတ်မှာဝယ်ပြီး ဖြတ်လို့ရသေးတယ်။
ဒီလိုမျိုး ဆီထုတ်ဖို့ တခါသွားပြီး တန်းစီရင် ၁ နာရီ၊ ၂ နာရီလောက်ကြာတယ် ပြီးရင် သားအဖတွေ မြို့ထဲကားပတ် မောင်း တရုတ်တန်းမှာ မုန့်ဝယ်စား စသည်ဖြင့် ၁၉၉၄၊ ၉၅ ကာလလောက်က အခြေအနေတွေက အခု ၂၀၂၄ မှာ တကျော့ ပြန်ရောက်လာခဲ့ပြီ။
တနေ့က စစ်ကောင်စီရဲ့ ကြေငြာချက်တခုမှာ ဆီကို စမတ်ကဒ်တွေနဲ့ ထုတ်ရမှာဖြစ်ပြီး တခါထုတ်ရင် ကားတစီးကို ဘယ်နှဂါလံဆိုပြီး ကန့်သတ်ချက်တွေပါ ပါလာတော့ ကျနော့်စိတ်ထဲ အရင်ဆုံး ပြေးပြီး သတိရမိတာ အဖေ့ကိုပဲ။
အဖေဆုံးသွားတာ ခုဆို နှစ်ပေါင်းမနည်းတော့သလို ကျနော့်မှာလည်း သားတယောက်တောင်ရှိနေပြီ။ ကမ္ဘာကြီးက သူ့အရွေ့နဲ့သူ ရှေ့ဆက် လည်ပတ်ပြီး ခေတ်တွေကလည်း ပြောင်းလဲနေသလို အရာအားလုံးကလည်း တိုးတက်နေတယ်။
ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာတော့ ပြောင်းပြန်။ ရှေ့ကိုဆက်မတက်ဘဲ နောက်ပြန်ကြီးပဲ ပြန်လိမ့်ကျနေတာကို မြင်နေရတယ်။ ကျနော့်အသက် ၁၉ နှစ်မှာ နိုင်ငံခြားတိုင်းပြည်ကိုရောက်ပြီး ၁ နှစ်လောက်ကြာတော့ ဆိုင်ကယ်တစီးဝယ်စီးဖူးတယ်။ ဆိုင်ကယ်ဝယ်ပြီး ဆီသွားထည့်တော့ ကျနော့်လက်ထဲမှာရှိတဲ့ အကြွေလေး ၁၀ နဲ့ ဆိုင်ကယ်ထဲဆီထည့်ပြီး အိမ်ပြန်လာတာကို မှတ်မိသေးတယ်။ သူများနိုင်ငံမှာ ဆီတခါထည့်ဖို့ တန်းစီတာတွေ စာအုပ်နဲ့ထုတ်ရတာတွေ မရှိဘူး၊ အကုန်လုံးက သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးပဲ။
ဒီလိုနဲ့ ၁၀ နှစ်ကြာပြီး မြန်မာပြည်ကိုပြန်ရောက်တော့ ဆီဆိုင်တွေမှာ အရင်လိုစနစ်တွေ မရှိတော့ဘဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လိုသလောက် ဝယ်လို့ရနေကြပြီ။ ဒါပေမယ့်လည်း အားလုံးသိတဲ့အတိုင်း လူယုတ်မာတကောင် အာဏာလုပြီးတဲ့ အချိန်မှာတော့ အစစအရာရာဟာ ခေတ်နောက်ပြန်ဆွဲသလို ဝုန်းခနဲ၊ ဒိုင်းခနဲနဲ့ နောက်ကိုပြန်ရောက်သွားတယ်။
ကျနော်တို့ ခေတ်နောက်ပြန်ဆွဲတာကို ခံရတာလား၊ ဒါမှမဟုတ် နောက်ပြန်ခေတ်ကြီးကို ကိုယ်တိုင် ပြန်လျှောက်နေကြတာလား မသိတော့ဘူး။ သေချာတာတခုကတော့ ခုနေ ကျနော့်အဖေသာ လူပြန်ဝင်စားပြီး အတိတ်ဘ၀ကို သူမှတ်မိသေးတယ်ဆိုရင်တော့ ဒီလိုပြောမှာ …
“ငါသာ သေပြီး လူပြန်ဖြစ်လာပြီ၊ ဒီတိုင်းပြည်ကြီးက အရင်လို ဘာမှမပြောင်းလဲသေးပါလားကွ …” ဆိုပြီး ပြောမှာ အသေအချာပဲ။
တနေ့ကတော့ နေ့လည်ခင်း ကျနော် တရေးတမောအိပ်နေတုန်း ကျနော့်အမျိုးသမီးက ကျနော့်ကိုလာနှိုးတယ်။
“ယောကျ်ား ရှင် ကားဆီထုတ်ရဦးမယ်လေ ထတော့”
ကျနော် အိပ်ယာကထ မျက်နှာသစ်ပြီး ကားထုတ်ဖို့ ဂိုဒေါင်ဘက်ထွက်လာတော့ ကားနားမှာ ဆော့နေတဲ့ ကျနော့်သားကို တွေ့တယ်။
သားက ကျနော့်ကိုတွေ့တော့ ဒီလိုမေးတယ်။
“အဖေ ဆီသွားထုတ်မလို့လား”
“အေး … ဟုတ်တယ် … သား အဖေနဲ့ လိုက်မလား
“လိုက်မယ်လေ သားကို ရေခဲမုန့် ဝယ်ကျွေးမှာလား”
ကျနော့်စိတ်ထဲမှာ အဖေ့ကို ရုတ်တရက် သတိရမိသွားတယ်။
တခါတလေမှာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတိတ်ကာလတွေအကြောင်း နောက်မျိုးဆက်တွေကို ပြောပြဖို့အတွက်က ကျနော်တို့မှာ စကားလုံးတွေမလိုအပ်ဘူး။
ဘာကြောင့်လဲဆိုတော့ ကျနော်တို့တိုင်းပြည်မှာ ဟိုးအတိတ်ကာလတွေနဲ့ ယခုပစ္စုန်ပ္ပန် ကာလအားလုံးက အတူတူလို ဖြစ်နေတာကြောင့် ကလေးတွေအနေနဲ့လည်း ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ကာလကို နှစ်ကာလသာ မတူတာ သူ့အလိုလို နားလည်ပြီး သဘောပေါက်သွားမှာကို သိလို့လေ။
ငါတို့တွေ ဒီခေတ်ပျက်ကြီးထဲမှာ အတူတူ အသက်လာရှင်ကြတဲ့ လူသားတွေပဲ မဟုတ်လား …။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*