5
ခွန်းနီ
“နှစ်သစ်ကူး”
မကြာခင်နှစ်ကုန်ပါတော့မယ်
စိတ်မကုန်နိူင်သေးသူတွေအဖို့
ဆက်ချစ်နေရုံပါပဲ။
ပြက္ခဒိန်အသစ်က
နှစ်အသစ်ကိုတကယ်ပေးမှာလား
မပျော်ရရင်တောင်
မငိုရရင်တော်ရောပေါ့ဆိုတဲ့
အရင်လိုအောက်စျေးနဲ့ပဲလား
ဘဝတွေနဲ့ရင်းပြီးဝယ်ရအုံးမှာပေါ့။
နှစ်အသစ်မှာ
မိတ်ဆွေသစ်တွေမရခဲ့ရင်နေပါစေ
မိတ်ဆွေအဟောင်းများအား
အကောင်းတိုင်းပဲပါလာစေချင်တယ်။
ဒုက္ခလှလှတွေကို
လအလိုက်စီလိုက်ရုံနဲ့တော့
နှစ်အသစ်ဖြစ်မလာပါဘူး
တကယ့်နှစ်အစစ်ကို
မျက်ရည်မပါဘဲကူးချင်တယ်။
ပျားတွေလို
ဒုက္ခကိုဝတ်မှုန်ကူးနေရတဲ့နှစ်တွေ
တကယ့်ကိုကုန်စေ့ချင်ပါပြီ
သေမှလွတ်မြောက်ရတဲ့အဖြစ်တွေ
ကုန်စေ့ချင်ပါပြီ။
ဒါက ဆန္ဒပါ
ဆုတောင်းမဟုတ်ပါဘူး
နှစ်ထောင်းအားရမရှိလှတဲ့
လေးလံဖိစီးမှုများရဲ့ဖွင့်ဟချက်ပါ
သို့ပေမဲ့
နှစ် စစ်စစ် တနှစ်ကို
အပျော်တွေဆင့်ကဲပြီး
အသက်နဲ့ခန္ဓာမြဲစွာကူးနိူင်ကြပါစေ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
