နှာတဖျားအသာ

◼️Simon
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၂၀၂၄ ပါရီ အိုလံပစ် အားကစားပြိုင်ပွဲထဲက အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲထဲမှာ အမေရိကန်အပြေးသမား Noah Lyles က နိုင်ငံအတွက် ရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့တယ်။
ပြောချင်တာက အမေရိကန်အပြေးသမား ရွှေဆုရတာကို ရေးပြဖို့မဟုတ်ဘူး။ သူဆုရတဲ့ အဲ့သည့်ပြိုင်ပွဲမှာ ဖြစ်သွားတဲ့ ထူးထူးခြားခြား အကြောင်းအရာကို ပြောပြချင်တာပါ။
အဲ့သည့်ပြိုင်ပွဲမှာ ပထမရတဲ့ Lyles နဲ့ ဒုတိယရတဲ့ ဂျမေကာနိုင်ငံသား Thompson တို့က ၉.၇၉ စက္ကန့်စီနဲ့ ဒဿမ နှစ်နေရာထိ တူပေမယ့် Lyles ဟာ တစက္ကန့်ရဲ့ ၅,၀၀၀ ပုံ ၁ ပုံ အသာနဲ့ ပန်းဝင်ပြီး အနိုင်ရရှိသွားတာဖြစ်တယ်။
အိုလံပစ်ပြိုင်ပွဲရဲ့ စည်းကမ်းသတ်မှတ်ချက်တွေထဲမှာ ပန်းဝင်တဲ့စည်းကို ခန္ဓာကိုယ်နဲ့ ဖြတ်သွားတဲ့အချိန်ကိုပဲ ရေတွက်တာဖြစ်တာကြောင့် ပန်းဝင်ရမယ့်စည်းကို ခြေထောက်နဲ့ အရင်ဖြတ်တဲ့သူတွေထက် Lyles ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းလေးက နည်းနည်းမှ နည်းနည်းလေး မဆိုသလောက် ရှေ့ကိုရောက်သွားတဲ့အတွက် သူက ဒီပြိုင်ပွဲမှာ ပထမဆုကို ရရှိသွားတာဖြစ်တယ်။
ကျနော်တို့ မြန်မာတွေရဲ့ စကားပုံအရဆိုရင် Lyles က သူများထက် နှာတဖျား သာသွားတယ်လို့ ပြောရမှာပါ။ တကယ်လည်း နှာတဖျားလေးပဲ သာသွားတာပါ။ ကျနော်ပြောတာ မယုံလို့ရှိရင် အင်တာနက်မှာ သူ့နာမည်နဲ့ ရိုက်ရှာကြည့်လိုက်ရင် သူပန်းဝင်သွားပုံကို ရှုထောင့်တွေအများကြီးက ရိုက်ယူထားနိုင်တဲ့ပုံတွေ အများကြီး တွေ့နိုင်ပါတယ်။
ရုတ်တရက်ကြည့်ရင် သတိမထားမိပေမယ့် ဘေးတိုက်ရိုက်ထားတဲ့ ပုံတွေထဲမှာ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းလေးက တခြားပြိုင်ပွဲဝင်တွေထက် မဆိုသလောက်လေး ရှေ့ကိုရောက်နေတာ မြင်ရမှာပါ။
ပြိုင်ပွဲတခုမှာ ကိုယ့်ပြိုင်ဘက်ထက် နှာတဖျားသာခြင်းက ပွဲတခုလုံးရဲ့အဖြေကို ပြောင်းလဲသွားနိုင်ခဲ့တယ်ဆိုတာ ဒီအပြေးပြိုင်ပွဲက သက်သေပြသွားတာပါပဲ။
ဒီတော့ ပြောချင်တဲ့ အကြောင်းအရာက အခုမှ လာပါပြီ။ တနေ့က CDM ဗိုလ်ကြီး လင်းထက်အောင်ရဲ့ YouTube Channel က “တော်ဝေလေ” ဆိုတဲ့ အစီအစဥ်မှာ BPLA ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခနဲ့ တွေ့ဆုံမေးမြန်းခန်း အပိုင်း – ၂ မှာ မောင်ဆောင်းခပြောတဲ့ စကားတခုကို ဒီအပြေးပြိုင်ပွဲနဲ့ယှဥ်ပြီး မျက်စေ့ထဲမှာ မြင်ယောင်မိလာတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ မောင်ဆောင်းခတို့ရဲ့ BPLA တပ်တွေ ပူးပေါင်းတိုက်ခိုက်တဲ့အချိန်မှာ ညီနောင် ၃ ဖွဲ့ဘက်က ဒရုန်းတွေကို ကောင်းကောင်းအသုံးချပြီး စစ်ကောင်စီရဲ့ စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။
ဒီလို တိုက်ခိုက်မှုတွေကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ စစ်ကောင်စီဘက်ကလည်း ဒရုန်းတွေ အသုံးပြုလာပြီး ပြန်လည်တိုက်ခိုက်ခဲ့တာကို မြင်ရတယ်။
ဒီလို စစ်ကောင်စီဘက်က ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့ပေမယ့် တကယ်တမ်း ညီနောင် ၃ ဖွဲ့၊ BPLA တို့ရဲ့ ဒရုန်းတွေနဲ့ယှဥ်ပြီး တိုက်ခိုက်လို့မရခဲ့ဘူး။ ဒီနေရာမှာ မောင်ဆောင်းခပြောသွားတဲ့ စကားက အရမ်းကောင်းတယ်။
“ကျနော်တို့ တပ်ဖွဲ့တွေက ဒရုန်းတွေကို ၁၀၂၇ ပထမပိုင်းမှာကတည်းက ကျွမ်းကျွမ်းကျင်ကျင်သုံးပြီး တိုက်နိုင်နေပြီ၊ စစ်ကောင်စီကတော့ ဒရုန်းတွေကို ဒုတိယပိုင်းမှ စပြီးသုံးတာဆိုတော့ ဒီကောင်တွေက ကျနော်တို့ကို မယှဥ်နိုင်ဘူးလေဗျာ။”
နှာတဖျား သာတယ်ဆိုတာ ဒါပါပဲ။ ဗုံးကြဲလေယာဥ်တွေရှိတယ်၊ တင့်ကား၊ သံချပ်ကာတွေ၊ အမြောက်တွေနဲ့ လက်နက်အပြည့်အစုံရှိထားတဲ့ စစ်ကောင်စီကို ပန်ကာသေးသေးလေးသာပါတဲ့ စိုက်ပျိုးရေးသုံး ဒရုန်းတွေသုံးပြီး တိုက်တဲ့ တပ်တွေက အသာစီးရတယ်ဆိုတာ စစ်ကောင်စီအတွက်တော့ အိပ်မက်ဆိုးကြီးပေါ့။
စစ်ကောင်စီဟာ သူ့မှာရှိတဲ့ လက်နက်၊ လူအင်အား၊ငွေကြေးတောင့်တင်းမှုတွေကြောင့် ဒေသတွင်းမှာ အမြဲလို မာန်တက်လေ့ရှိတယ်။ သို့သော် သူတို့မေ့နေတာက လက်ရှိ ကျနော်တို့ရောက်နေတဲ့ခေတ်ဟာ အရင်လို မြေပုံထောက်ပြီး ဟောင်ဝစ်ဇာနဲ့ လှမ်းပစ်တဲ့ခေတ် မဟုတ်တော့တဲ့ နည်းပညာခေတ်ကို ရောက်နေပြီဆိုတာကို သူတို့တွေ မေ့နေကြတယ်။
ကိုယ့်ကိုယ်ကို ဟုတ်လှပြီအထင်နဲ့ ပြည်သူကို အမြဲလို အထင်သေးတတ်တဲ့ စစ်ကောင်စီဟာ အခုတော့ ကိုယ့်မာနနဲ့ကိုယ် စစ်ရှုံးသမားဘ၀ကို ရောက်သွားခဲ့ပြီ။
စစ်ကောင်စီဟာ အတိတ်က သူတို့ရဲ့အောင်မြင်မှု၊ တောင့်တင်းမှုတွေအောက်မှာ သာယာနေပြီး လက်ရှိရောက်နေတဲ့ ခေတ်ကို မေ့နေသလို နည်းပညာပိုင်းမှာလည်း နှာတဖျားလောက် နောက်ကောက်ကျပြီး ကျန်ခဲ့ပြီ။ ဒီအချိန်မှာ သူတို့တွေ ပြန်လည်ပြင်ဆင်ပြီး ကြိုးစားမယ်ဆိုရင်တောင် ကျနော်တို့က သူတို့ထက် ၃ နှစ်ဆိုတဲ့ နှာတဖျားအသာမှာ ရောက်နေကြပြီ။
ဒီနေရာမှာ စကားစပ်လို့ ထပ်ပြီး ဥပမာပေးရရင် အစ္စရေးလ်နဲ့ အာရပ်ကမ္ဘာ စစ်ပွဲတုန်းက အီဂျစ်ခေါင်းဆောင် နပ်ဆာဟာ သူ့မှာရှိတဲ့ တင့်ကားပေါင်းမြောက်မြားစွာနဲ့ အစ္စရေးလ်ကို ခြိမ်းခြောက်လေ့ရှိသလို သူ့တင့်ကားတပ်တွေနဲ့ အစ္စရေးလ်နိုင်ငံလေးကို “စိစိညက်ညက်ကြေအောင်” ခြေမှုန်းဖို့လည်း တွေးနေခဲ့တယ်။
ဒီနေရာမှာ တကမ္ဘာလုံးက အစ္စရေးလ်တော့ သွားပြီ၊ နာလန်ထူနိုင်တော့မှာ မဟုတ်ဘူးလို့ ထင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အစ္စရေးလ်မှာ ပြန်တိုက်စရာ တင့်ကား လောက်လောက်လားလားမှ မရှိဘဲ။ သို့သော် အစ္စရေးလ်မှာ ဘယ်သူမှ မသိနိုင်တဲ့ ဝှက်ဖဲတချပ်ရှိတယ်။ အဲ့ဒါကတော့ တင့်ကားဖျက် ဗုံးတွေပါပဲ။
အဆုံးသတ်တော့ အီဂျစ်တင့်ကားတပ်ကြီးဟာ တပ်လန်သွားတဲ့အပြင် အာရပ်ကမ္ဘာကြီးဟာလည်း အစ္စရေးလ်လို ဆပ်ပြာခွက်လောက်သာရှိတဲ့ နိုင်ငံကို ရှုံးပြီး အရှက်တကွဲ ဖြစ်ခဲ့ရတယ်။
နှာတဖျားသာတယ်ဆိုတာ ဒါပါပဲ။
တော်လှန်ရေးတပ်တွေမှာ ဗုံးကြဲလေယာဥ်မရှိဘူး၊ သို့သော် ခေတ်နဲ့အညီ တိုက်ခိုက်နိုင်တဲ့ ဒရုန်းတွေရှိတယ်။ အစ္စရေးလ်မှာ သူ့ရန်သူတွေလို တင့်ကားတွေ အများကြီးမရှိဘူး၊ သို့သော် တင့်ကားဖျက် ဗုံးတွေရှိတယ်။
ကျနော်တို့ကမ္ဘာကြီးဟာ နေ့စဥ်ပြောင်းလဲနေသလို ကမ္ဘာပေါ်မှာရှိတဲ့ စစ်ပွဲတွေဟာလည်း အရင်ခေတ်တွေနဲ့ မတူတဲ့ တိုက်ခိုက်ရေးပုံစံတွေ ပြောင်းလဲလာကြတယ်။ ဒီလိုအချိန်မှာ ခေတ်နောက်ပြန်ဆွဲပြီး ခေတ်ကို အမီမလိုက်နိုင်တဲ့ သူကတော့ စစ်ရေး၊ နိုင်ငံရေးမှာ ပြတ်ကျန်ခဲ့မှာ အမှန်ပဲ။
လက်ရှိ စစ်ကောင်စီရဲ့ အရှုံးတွေဟာ သူတို့ရဲ့ ခေတ်မမီ တော့တဲ့ တိုက်ခိုက်ရေးပုံစံတွေနဲ့ အများကြီးသက်ဆိုင်တယ် (တခြား အကြောင်းအရာတွေလည်း ရှိပါတယ်။)
ဒါကြောင့် ကျနော်တို့ တော်လှန်ရေးတပ်တွေအနေနဲ့ လက်ရှိ ရန်သူရဲ့ အားအနည်းဆုံးအချိန်မှာ ခုထက်ပိုတဲ့ အရှိန်အဟုန်နဲ့ ထပ်ပြီး တိုက်ခိုက်နိုင်ဖို့လိုတယ်။ လက်ရှိ ကျနော်တို့ရဲ့ စစ်ရေးချိန်ခွင်မှာ စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေရဲ့ ကြိုးဆွဲရာနောက်ကို လိုက်ပြီး မီးစင်ကြည့် ကရသလို ဖြစ်သွားပြီ။
တကယ်တော့ စစ်ကောင်စီဟာ အပင်ကြီးလို့ နတ်ကွန်းရှိတာကလွဲရင် သူ့မှာ ဘာတန်ခိုးမှ မရှိတော့ဘူးဆိုတာ ကျော်တို့အားလုံး မျက်ဝါးထင်ထင် မြင်ခဲ့လိုက်ရပြီ။
ဒါကြောင့် ဒီကောင်တွေကို ဘာစောက်ကြောင်းနဲ့မှ ကြောက်လန့်ဖို့ကို မရှိဘူး။ အစကတည်းကလည်း မရှိဘူး၊ နောင်လည်း ရှိလာမှာမဟုတ်ဘူး။
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*