ဆူးနတ်သန်
နားတွေက အသံတွေဟာ နှလုံးအိမ်ထဲက အသံကို မကျော်လွန်နိုင်ခဲ့ပါဘူး။ ဒီလမ်းကို လျှောက်နေတာ မရောက်နိုင်မှန်း သိတာပေါ့ကွယ်။ ပိန်းပိတ်အောင် မှောင်နေတဲ့ အမှောင်ထုကြားကနေ ခေါ်နေတယ်။
လာခဲ့ပါ။ ရပ်ကြည့်နေရုံနဲ့ အသားစတွေ ပြန်ကောက်ဆက်လို့ မရဘူး။ အန္တရာယ်တွေ ရင်ဆိုင်ရင်း ကိုယ့်ဒဏ်ရာကို လျှာနဲ့ လျက်တတ်ရတယ်။ တောနက် ဆိုတဲ့စရိုက်က မကျင့်တတ်ရင် ဝါးမြိုမှာပဲ။ ရေခံမြေခံ အသိတွေ အထပ်ထပ် စစ်ဆေးခြင်းခံရမယ်။ လွတ်မြောက်ဖို့ လက်တလုံးအလိုမှာ လုပ်ကြံခံရတတ် တယ်။ မမျှော်လင့်တဲ့ ထောင့်ချိုးကနေ ကိုယ့်စောက်ခွက်ကို လာဖြတ်ရိုက်တဲ့ လက်အစုံကို ရိုက်ချိုးပစ်နိုင်ရတယ်။ အရသာပဲ။
သွေးဆာလာမယ်။ ရိုင်းလာတဲ့ တောသဘာဝကို အနုပညာနဲ့ ထိန်းရတယ်။ ချစ်စရာတွေ ချစ်ပစ်ရတယ်။ ကဗျာတွေ ထရေးရတယ်။ သစ္စာဆိုတာ ကိုကို့အိမ်ဘေးက ပုန်းညက်ပင်လေးပါ။ ခေတ်အဆက်ဆက် ပွင့်ပြ မွှေးမြနေဦးမှာပါ။
စောင့်နေပါ။ ဆိုက်ဆိုက်မြိုက်မြိုက် လာခဲ့မှာ။ စံပယ်ဖူးတွေ ခူးပေး ၊ နားသယ်စလေးတွေ သပ်ပေး။ ဘယ်လိုခမ်းနားမှုမျိုးကမှ ယှဉ်နိုင်ဦးမှာလဲ။ အသစ်ဖြစ်ရတယ်။ နှလုံးခုန်နှုန်း နှေးသွားတိုင်း အစကနေ ပြန်ချစ်ကြမယ်။ အချစ်ဆိုတာ လေ့ကျင့်ခန်းတွေ ကျော်ဖြတ်ရင်း အောင်မြင်သွားတဲ့ စာမေးပွဲပဲ။ ကိုကို ဖြေပါ။
မရေရာမှုတွေ ဟုတ်ပါတယ်။ တောင်ထိပ်ဖျားက ကြည့်ပါ။ လှလိုက်တာ။ မြင်တတ်ရတာပေါ့။ တောနက်ထဲမှာ မြင်တတ် ကြည့်တတ်ရတယ်။ စကားနည်းနည်း အလွမ်းများများ ပန်းပွင့်ရနံ့တွေ သယ်ဆောင်လာတဲ့ လေညင်းကလေး ရောက်ပါစေ။ လိုရာခရီးကို ရောက်ပါစေ။
Be the first to comment