ဤအရာကို စစ် ဟု ခေါ်သည်

by The Call
95 views
◼️Jasmine Piter
အဲဒီနေရာမှာ
မြွေလိမ်မြွေကောက်မြေနီလမ်းကလေး
အဲဒီနေရာမှာ
ပြာမှုန်ကပ်လျက်သား အရောင်ပြောင်းစသစ်ရွက်တွေ
အဲဒီနေရာမှာ
ပိပြားပြားစွတ်ကြောင်းရာများနဲ့ မြက်ပင်ရှည်ရှည်တွေ
အဲဒီနေရာမှာ
ကျောက်စကျောက်နကျောက်သားမွမွတွေ
အဲဒီနေရာမှာ
ဝါးကပ်အကျိုးအပဲ့နဲ့ စည်းရိုးပျက်အစအနတွေ
အဲဒီနေရာမှာ
အရွယ်စုံထရံစ အပြားလိုက်အပြတ်လိုက်တွေ
အဲဒီနေရာမှာ
အမိုးမဲ့ အကာမဲ့ ကြမ်းခင်းတန်းအပိုင်းအစတွေ
အဲဒီနေရာမှာ
မီးသင့်အိမ်တိုင် ထိုးထိုးထောင်ထောင်တွေ
အဲဒီနေရာမှာ
လက်တဖဝါးစာမရှိတရှိ သားရေဖိနပ်ငယ်တစ်ဖက်
အဲဒီနေရာမှာ
အိုးခြမ်းပဲ့နဲ့ တောင်းစုတ်နဲ့ ခမောက်တခြမ်းပြတ်
အဲဒီနေရာမှာ
မှောက်ခုံ ပက်လက် ခွေခွေခေါက်ခေါက်
အဲဒါ လူတွေ လူတွေ လူတွေ လူတွေ လူတွေ
သွေးကွက်တွေ သွေးစက်တွေ သွေးစွန်းအဝတ်စတွေ
တီဗွီထဲမှာ ကျဉ်းကျဉ်းလေးပဲမြင်ရတာကို မြင်ကွင်းကျယ်လို့ခေါ်တယ်
အဲဒီနေရာကို
ကျဉ်းကျဉ်းလေးပဲမြင်ရပေမယ့် အတွေးကျယ်ပါတယ်
သူတို့ပြေးလွှားနေခဲ့ကြလား
သူတို့အော်ဟစ်ညည်းညူခဲ့ကြလား
သူတို့ ငိုကြွေးဝမ်းနည်းခဲ့ကြလား
သူတို့ ထိတ်လန့်တုန်လှုပ်ခဲ့ကြလား
သူတို့ နာကျင်ကြောက်လန့်ခဲ့ကြလား
သူတို့နေရပ်မှာ သူတို့နေစရာမရှိဖြစ်ခဲ့ကြတာလား
ဒီမှာ သူတို့ သူတို့ သူတို့ သူတို့ သူတို့
အမိအဘတွေ သားသမီးတွေ ညီအကိုမောင်နှမတွေ
ရေဒီယိုကရီနေရင်းငိုပြတဲ့အသံမျိုးစုံကြားရတဲ့အခါ အသံဝိဇ္ဇာပါလို့ ထင်မှတ်မှားစေတယ်
ဒီနေရာမှာ အသံဝိဇ္ဇာမတတ်နိုင်တဲ့ အသံတွေ ဖြစ်ခဲ့တယ်
အဲဒီနေရာမှာ ပွဲကခဲ့တာသေချာတယ်
ကြောက်မက်ဖွယ်အမည်နာမနဲ့ပီပြင်လှတဲ့မြေဝိုင်းအက
အပြာရောင်ကောင်းကင်ကြီးတောင် ငိုချင်းချတယ်
စလုံးကို စလုံးအသတ်နဲ့ရေးရတဲ့ `စစ် ‘ ဆိုတာ…

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment