ဘုရားသခင်သို့ မေးခွန်းထုတ်ခြင်း’

‘ဘုရားသခင်သို့ မေးခွန်းထုတ်ခြင်း’
◾️ Simon
ပြီးခဲ့တဲ့ တပတ်က ကျနော် ဖျားတယ်။
ဒါမျိုး မဖျားတာက နှစ်နဲ့ကိုချီနေပြီ။
ခုတော့ အိမ်မှာနေတဲ့ကောင်က အပြင်သွားပြီး ဖျားတဲ့သူတွေနဲ့ စကားသွားပြောရာကနေ ဒီကောင်က သယ်လာတာ။ဒီတော့ ဒီကောင်လည်းဖျား ကျနော်လည်း ဖျားပေါ့ ။
UG ဘ၀မှာနေတုန်းက အစားအသောက်နဲ့ အိပ်ရေးပျက်တာတွေများပြီး အားနည်းရာကနေ ကျနော် ဖျားဖူးတယ်။ ဖျားတာကလည်း အသည်းအသန်ကို ဖျားတာ။
ဖြစ်ချင်တော့ ကျနော်က ဝရမ်းပါလာပြီဆိုတဲ့အချိန် ကိုယ်နေတဲ့နေရာကနေ စွန့်ခွာပြီး တခြားနေရာတခုမှာ သွားနေတဲ့ အချိန်မှ ဖျားတာဆိုတော့ ဘေးမှာ တခြား ကူမယ့်သူတွေလည်း မရှိတဲ့အတွက် အဖျားက ပိုပြီးဆိုးသွားတာ ။
အိမ်ရှင်က ကောင်းတဲ့အတွက် ကျနော်နေတာကို ပတ်ဝန်းကျင်က သတိမထားမိအောင်ရှောင်ပြီး သူတို့က အတတ်နိုင်ဆုံးတော့ ဆေးဝယ်ပေး၊ဓါတ်စာလာပေးနဲ့ ခိုးပြီးလုပ်ပေးရှာပါတယ်။
ခက်တာက ကျနော့်အနေနဲ့ကလည်း သပိတ်စခန်းတွေသွားတဲ့အခါ ဒီမျက်နှာကြီးကို မြင်တွေ့နေတဲ့ သူတွေများလာတော့ သပိတ်စခန်းကနေပြန်လာတာနဲ့ သာမန်လူတွေလို ဟိုဆိုင်ထိုင်၊ဒီဆိုင်ထိုင်တာတွေ မလုပ်ဖြစ်ဘူး။
ဒီတော့ ဒီလိုအချိန်မှာ ဆေးခန်းသွားဖို့လည်း မဖြစ်နိုင်ဘူး။ အထူးသဖြင့် ဒီပတ်ဝန်းကျင်မှာ ဆန္ဒပြတဲ့အချိန်က လွဲရင် တခြားအချိန်တွေမှာ ကိုယ့်ကို
တခြားသူတွေ မြင်မှာကို မလိုလားတာ။ ဒီတော့ ဘာလုပ်လုပ် သိုသိုသိပ်သိပ်နဲ့ဆိုတော့ တနေ့၊တနေ့ စားရတဲ့ ထမင်းတောင်မှ သပိတ်စခန်းမှာ လာကျွေးတာကိုပဲ စားပြီး ထမင်းဗူး ပိုတယ်ဆိုတဲ့ တချို့ရက်တွေမှသာ ညစာအတွက်ယူလာတာ ။ ဒီလို ယူထားပေမယ့်လည်း ကိုယ့်လိုပဲ ဆာတဲ့ကောင်တွေ တွေ့ရင်ပေးလိုက်မိရော။ တခြားသူတွေလို ဆိုင်ထိုင်ပြီး လမ်းသလားနေလို့ မဖြစ်တဲ့ ဘ၀ဆိုတော့ လုပ်စရာရှိတာလုပ်ပြီး ပြန်စရာရှိရာ ပြန်နဲ့ ခပ်သွက်သွက်၊ ခပ်သုတ်သုတ်ပဲ နေခဲ့ရတာဆိုတော့ အဲ့သည့်ကာလတွေမှာ ကျနော်တို့ ပုံမှန်စားပြီး သောက်ဖြစ်တာက ပေါင်မုန့်၊ ငှက်ပျောသီးနဲ့ ရေပဲ။ဒီတော့ အာဟာရလည်း မပြည့်ဝတော့ တခုခုဖြစ်ရင် လှိမ့်နေအောင် ခံရတော့တာပဲ။
မာရှယ်လောက ည(၈)နာရီဆိုတော့ ဝပ်ကျင်းကိုပြန်ရင် ည (၇)နာရီခွဲလောက် လမ်းပေါ်မှာ လူသူလေးပါး တော်တော်လေးရှင်းတဲ့ အချိန်ရောက်မှ အမှောင်ကိုအားကိုးပြီးပဲ ပြန်တယ်။
နေ့လည်တည်းက ပြန်ရင် တချို့တလေက သတိထားမိမှာစိုးတော့ ညရောက်မှပဲ နောက်ဖေးလမ်းကြားတွေထဲက ပတ်ပြန်ဖြစ်တယ်။
အိမ်ရှင်ကလည်း သဘောကောင်းတယ်။ ကျနော် ဒီမှာနေတာကို ပတ်ဝန်းကျင်က သတိမထားမိအောင် ထားတယ်။ ကိုယ်ကလည်း သတိနဲ့နေတယ်။ ဒီတော့ ညဆို လူမသိအောင် အခန်းထဲ မီးမဖွင့်၊ ပြတင်းပေါက် မဖွင့်နဲ့ ရာသီဥတု ပူပူလောင်လောင်ကြီးမှာ ချွေးထုတ်ခန်းရောက်နေသလိုဖြစ်ရော။
မနက်ဆို သပိတ်စခန်းသွား၊ ညဆို စာတွေရေး။ ( အဲ့သည်တုန်းက ကျနော် က D day မှာ ကိုကျော် ၊ ကိုပေါက်တို့ရဲ့ ကျေးဇူးနဲ့ တော်လှန်ရေး ဆောင်းပါးတွေ စရေးနေသလို တခြားနေရာတွေမှာလည်း ရေးနေပြီ )
ဒီလို ညဆိုစာထိုင်ရေးတာဆိုတော့ တော်တော်နဲ့လည်း မအိပ်နိုင်ဘူး။အိပ်မရတာလို့ ပြောရင်လည်း မမှားဘူး။ ဘာလို့ အိပ်မရတာလည်းဆိုရင် ဒီလို…
ရာသီဥတုက ပူတာရယ် ၊ရှေ့ရေးကို တွေးမိတာရယ်၊ အဆိုးဆုံးက ကျနော် နေတဲ့အိမ်နဲ့ ကျနော်တို့ သပိတ်စခန်းက လမ်းပဲခြားတာရယ်ဆိုတော့ ညဆို ဟိုကောင်တွေက fawကားတွေ၊ ဘူဒိုဇာကားတွေနဲ့ လာပြီး သပိတ်စခန်းကိုဖြို၊ ကင်းလှည့်၊ ဧည့်စာရင်းစစ်တာတွေနဲ့ဆိုတော့ အိမ်ခေါင်မိုးပေါ်ကနေ အကုန်မြင်နေရပြီး လူကကြက်အိပ်ကြက်နိုးပဲ အသံတခုခုကြားတာနဲ့ အလိုလို မျက်လုံးက ပွင့်နေပြီ။
ဒီလိုမျိုးက လနဲ့ချီကြာလာတော့ တရက် ကျနော် ဂိရော။ ပူလိုက်၊အေးလိုက်နဲ့ ခန္ဓာကိုယ်က အပူချိန်မမျှတော့ ရုတ်တရက် ချွေးငုတ်ပြီးဖျားတာ။
ဆေးခန်းသွားလို့ကလည်း မဖြစ်၊ အစားလည်းမမှန်၊ အာဟာရလည်း မပြည့်၊ နေတာကလည်း တယောက်တည်းဆိုတော့ ညညဆို အိပ်ယာထဲကနေ အိမ်သာထသွားရင်တောင် လူက တော်တော်ကို လစ်နေပြီ။
ဒါကို သိတဲ့ ကျနော့်ရဲဘော်တယောက်က ကျနော့်ကို ဓါတ်ကြမ်းလာတိုက်တယ်။ ဘယ်လိုလဲဆိုတော့ ဆရာမောင် ဆေးနီမှုန့်ကို BE တစိတ် နဲ့ရောပြီး ကျနော့်ကို လာတိုက်တာ။
ဒါမျိုးက အမေ့ကိုစိတ်ဆိုးပြီး အိမ်က တခါဆင်းတဲ့အချိန် ဖျားတုန်းက သောက်ဖူးတယ်။ဒီတော့ အဲ့ကောင်ရဲ့ အရသာကြီးကို သိနေတာ။ သူငယ်နာဝမ်းပုပ်ချဆေးကြီးကို မြိုချရတာထက် ဆိုးတယ်လို့ ထင်မိတယ် ။
ဒါပေမယ့်လည်း မတတ်နိုင်ဘူး လတ်တလော ချွေးငုတ်တာသက်သာဖို့က ဒီကောင်ပဲရှိတာဆိုတော့ ခေါက်ဆွဲပြုတ်တပွဲကို ကုန်အောင်သောက်ပြီး အဲ့သည့်ဆေးခါးကြီးကို ကစ်ချလိုက်တာ။ ပြီးလည်းပြီးရော အိပ်ပျော်သွားပါလေရော။
ဟိုကောင်ကတော့ ကျနော့်ကိုချွေးသုပ်ပေး အင်္ကျီလဲပေးနဲ့ ရဲဘော်အချင်းချင်း သူလုပ်ပေးနိုင်သလောက် ဂရုစိုက်ပေးရှာတယ်။ နိုးလာတော့
ကျနော်လည်း အဖျားပျောက်ရော။ အားတော့ နည်းနေတယ်ဆိုပေမယ့် အရင်ကထက်စာရင် အများကြီးသက်သာသွားတယ်။
ဒါပေမယ့် စိတ်မကောင်းစရာတခုက ကျနော့်ကို လာပြီးပြုစုပေးသွားတဲ့ ရဲဘော်ကတော့ မြောက်ဒဂုံဘက်မှာ ဖမ်းခံရပြီး ဒီနေ့ထိ သေလား၊ရှင်လား ဘာသတင်းမှ မရတော့ဘူး။
ကျနော်တို့ကတော့ ဒီကောင့်ကို သေလူလို့ပဲ သတ်မှတ်ထားလိုက်ကြတယ်။ သူမှ မဟုတ်ဘူး ကျနော်တို့အားလုံးက ကိုယ့်ကိုယ်ကို သေလူလို့ပဲ သတ်မှတ်ထားကြတယ် ။ဒါမှလည်း လုပ်ရကိုင်ရတာ စိတ်လွတ်ကိုယ်လွတ်နဲ့ ငဲ့စရာတွေ ဘာတွေ မရှိတော့မှာ။
ဒီတော့ ဒီကောင့်ကိုလည်း သေလူလို့ပဲ ကျနော်တို့ မှတ်လိုက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူနဲ့ အမှုတွဲပါတဲ့ကောင်တွေလည်း အထဲမှာ သေသွားခဲ့ကြပြီ ။ဒီကောင်ကတော့ စစ်ကြောရေးကို ရောက်သွားကတည်းက သေလား၊ရှင်လား ဘာသတင်း အစနကိုမှ မကြားရတော့တာ။
ကျနော်တို့ UG တွေက မြို့ပေါ်မှာ ပုံမှန်လို ပျော်နေကြတဲ့သူတွေကိုမုန်းပြီး နာတယ်ဆိုတာ ဒါတွေကြောင့်ပဲ။
လွန်ခဲ့တဲ့နှစ်တွေကတည်းက ခုချိန်ထိ လူမသိ၊သူမသိနဲ့ အသက်ပေးသွားခဲ့ကြတဲ့ UG ရဲဘော်တွေက ဒုနဲ့ဒေးကိုရှိတယ်။ ဒီကောင်တွေ သေခဲ့ရတာ ပျော်လို့ မဟုတ်ဘူး၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရင်းနဲ့ တချို့မစ်ရှင်ရဲ့ လွဲချော်မှုတွေ၊ အချင်းအချင်း သစ္စာဖောက်မှုတွေကြောင့် တချို့တွေက ဖမ်းခံလိုက်ရတယ်၊ အသက်တွေ ပေးလိုက်ရတယ်။
ဒီကောင်တွေ ပေးလိုက်ရတဲ့ အသက်တွေကို ကျနော်တို့ တနေ့မှ မမေ့သေးဘူး၊ မေ့လို့လည်း မရဘူး။ ဒါကြောင့် မိဘက ကောင်းကောင်းမွန်မွန်နဲ့ ထားပေးနိုင်တာတောင် သူတို့ဆီမှာ မနေဘဲ ခုချိန်ထိ ရတဲ့ဘက်ကနေ ဒီခွေးတွေကို ကျနော်တို့ ရသလို ပြန်တိုက်မယ်ဆိုပြီး ထွက်လာခဲ့တာ။
တခါတလေလည်း ခုလိုတွေ ပြောဖြစ်တယ်။
ကမ္ဘာပေါ်မှာ နိုင်ငံတွေအများကြီးရှိတဲ့ အထဲကမှ ဘာလို့များ ငါတို့က ဒီနိုင်ငံမှာ လူလာဖြစ်ခဲ့ရတာလဲဆိုပြီး ကျနော်က ငြီးတော့ ကျနော့်ဘော်ဒါက ပြန်ပြောတယ် ” ဒါတွေ အားလုံးက ဘုရားရဲ့ အလိုတော်အတိုင်းပါပဲကွာ ” တဲ့။
ဒီကောင်က ဒါမျိုးပြောတော့ ဒီကောင်နဲ့ ကျနော် ငြင်းကြ၊ခုန်ကြရင်းနဲ့ စိတ်တွေ ဆိုးကုန်ကြရော။
တကယ်ဆို ဘုရားသခင်ကိုလည်း ကျနော် နားမလည်နိုင်ဘူး ။
ဘုရားသခင်က ကျနော်တို့တွေ အမေ့ဗိုက်ထဲမှာ သေန္ဓစတည်ကတည်းက ဒီဖက်ဆစ်တပ်ကို တော်လှန်ဖို့နဲ့ တိုင်းပြည်တာ၀န်ထမ်းရမယ့်ကောင်ဆိုပြီး လွှတ်ပေးလိုက်သလိုပဲ။
တကယ်တမ်း လူသားတွေကို ကယ်တင်ချင်ရင် သူကိုယ်တိုင်မလုပ်ဘဲ ဘာလို့ ကျနော်တို့ကိုတဆင့် ကိုယ်စားလွှတ်ပေးရလဲကွာ ။ နိုင်ငံအတွက် မလုပ်ပေးချင်လို့ ၊ လူတွေရဲ့ ကောင်းကျိုးအတွက် မလုပ်ပေးချင်လို့ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ခုလို အသက်နဲ့ရင်းပြီး လုပ်ရမယ့် အလုပ်တွေ လုပ်ဖို့ ဘုရားသခင်က ကျနော်တို့ကို သတ်မှတ်ပြီး သူ့ရဲ့ အလိုတော်အရ ကိုယ်စားလွှတ်ခဲ့တာဆိုရင်လည်း အနည်းဆုံးတော့ မနာရအောင် ပါဝါတခုခုတော့ ထည့်ပေးလိုက်သင့်တာပေါ့ မဟုတ်ဘူးလား ။
ခုတော့ ကျနော်တို့မှာ ဖျားရ၊ နာရ၊ ဝေဒနာတွေခံစားရ၊ ရဲဘော်တွေ ဆုံးရှုံးရလည်း ငိုရနဲ့ မတရားဘူးလို့လည်း တွေးမိတယ်။
တခါတလေ ကျနော်တို့လို လူငယ်တွေက ဘာသာတရားတွေအပေါ် မေးခွန်းတွေ ထုတ်လာတာကလည်း တခြားကြောင့် မဟုတ်ဘူး လူချင်း
အတူတူထဲမှာကိုမှ ကျနော်တို့တွေပဲ ဘာကြောင့် အခုလိုမျိုး ဒုက္ခတွေကို ခံနေရတာလဲဆိုတာကို တွေးမိလာလို့ ။
တော်သေးပြီ …
About The Call 320 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*