မင်းအောင်လှိုင် မွှေးတဲ့ မီး

“မင်းအောင်လှိုင် မွှေးတဲ့ မီး”
◼️Simon
ဂွီ !!!
ကျော်ကြီးရဲ့ ဗိုက်ထဲကနေ ဆာလောင်လို့ ထွက်လာတဲ့ အသံကြောင့် ပလ္လင်ပေါ်ကနေ တရားဟောနေတဲ့ ဦးဇင်းရဲ့ တရားသံက ခဏရပ်သွားပြီး ကြမ်းပြင်ပေါ်မှာ ခွေခေါက်ပြီး ထိုင်နေတဲ့ ဒီကောင့်ဆီကို အကြည့်ကရောက်သွားတယ်။
ထို့နောက် …
“ဒကာလေး ဗိုက်ဆာနေပြီလား”
“မဆာသေးပါဘူး ဘုရား”
“အေးအေး မဆာသေးဘူးဆိုရင်လည်းပြီးရော … ဘုန်းဘုန်း ဒီတရားလေး လက်စသတ်ပြီးရင် မင်းတို့ ထမင်းစားကြ ဟုတ်ပြီလား”
“တင်ပါ့ ဘုရား”
ပါးစပ်ကသာ “တင်ပါ့ဘုရား” ပြောလိုက်ပေမယ့် စိတ်ထဲမှာတော့ ကျော်ကြီးဆိုတဲ့ကောင်ကို ကျနော်တို့ တဖွဲ့လုံးက ဆဲနေကြပြီ။
ခွေးမသား ဗိုက်ထဲက ဒီလောက်ဆာလို့ မြည်နေတာတောင် မဆာသေးဘူးဆိုပြီး ညာပြောလိုက်တော့ ဟိုက တရားဆက်ပြီးဟောဦးမယ်။
ဒီဘုန်းကြီးကလည်း အရိပ်အကဲ နားမလည်ဘူး၊ လူတွေက တရားနာချင်လား၊ မနာချင်လား မသိ၊ ဇွတ်ကို ဟောနေတာ၊ ကျနော်တို့မှာ ခေါင်းငုံ့ပြီး တရားသာနာနေရတာ အကုန်လုံးရဲ့ မျက်လုံးတွေက ထမင်းစားပွဲဝိုင်းက သက်သတ်လွတ် သီးစုံဟင်းနဲ့ ထမင်းကြမ်းခဲတွေဆီ ရောက်နေပြီ။
ဒီလိုနဲ့ နောက်ထပ် ဂွီ !!!
ဟိုကောင့်ဗိုက်ထဲက ဆာလို့ နောက်ထပ်မြည်တဲ့အသံက တိတ်ဆိတ်ပြီး အပ်ကျရင်တောင် ကြားရမယ့် ဘုရားခန်းမျိုးမှာ မိုးခြိမ်းသံလောက်ကို ကျယ်တာ။
ဒါနဲ့ပဲ ဘုန်းကြီးက “ဟဲ့ … ဒကာ ဗိုက်ဆာနေပြီ မဟုတ်လား”
ဒီတခါတော့ ကျော်ကြီးပါးစပ်က ထွက်လာမယ့်အဖြေကို မစောင့်တော့ဘဲ ကျနော်တို့အားလုံးက သူ့ကိုယ်စား ဝိုင်းပြီးပြောလိုက်ကြတယ်။
“ဆာနေပါပြီ ဘုရား !!!”
“အေး ဒါဆိုလည်း သွားပြီး စားကြ စားကြ၊ ဘုန်းဘုန်းလည်း တရားနာပရိတ်သတ်တွေနဲ့ မတွေ့ရတာ ကြာပြီဆိုတော့ မင်းတို့ကိုပြောနေရင်း တရားက အဆုံးသတ်မရဘူး ဖြစ်နေတာ”
“ကဲ စားကြတော့”
ဦးဇင်းက စားဆိုပြီး ပြောလိုက်တာနဲ့တပြိုင်နက် ကျနော်တို့ သူငယ်ချင်းတဖွဲ့လုံး ခေါင်းမဖော်တမ်း စားကြတော့တာပါပဲ။
ကျနော် အခုရေးနေတဲ့အကြောင်းက ကျနော် တက္ကသိုလ် first year တုန်းက ဒီဇင်ဘာပိတ်ရက်မှာ ငယ်သူငယ်ချင်းတွေနဲ့ ပထမဆုံး ကျိုက်ထီးရိုးတောင်ပေါ် တက်ခဲ့တုန်းက ရေတံခွန်က အပြန်လမ်းမှာရှိတဲ့ သက်သတ်လွတ် ဘုန်းတော်ကြီးကျောင်းမှာ ထမင်းဝင်စားရင်း ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို ပြန်ပြီးရေးပြနေတာပါ။
ကျိုက်ထီးရိုးတောင်ပေါ်က ရေတံခွန်ကနေအပြန် သက်သတ်လွတ် ဘုန်းကြီးကျောင်းမှာ ထမင်းဝင်စားတုန်း ကျောင်းထိုင်ဆရာတော်က ရန်ကုန်က ကလေးတွေ ထမင်းမစားခင် ဘုရားလာဦးချဆိုပြီး ခေါ်လိုက်ရာကနေ ဘယ်မှာနေတယ်၊ ဘာတွေလုပ်လဲဆိုပြီး စကားစပ်သွားရင်း ကျနော်တို့လည်း သူ့ရဲ့ တရားနာပရိတ်သတ် ဘယ်လိုဖြစ်သွားမှန်း မသိလိုက်ဘူး။
လူသူအရောက်အပေါက်နည်းတဲ့ ကျောင်းဆိုတော့ ဘုန်းကြီးကလည်း ကြုံတုန်း ဆုံတုန်း ကျနော်တို့နဲ့ စကားစမဖြတ် ချင်တာနဲ့ ၁ နာရီကျော်လောက်ကို ကြာသွားတာ။
ဒီဇင်ဘာလရောက်လာတော့ တချိန်က ကျနော်တို့သူငယ်ချင်း ၇ ယောက် အခုလို ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ပြန်ဆုံကြတုန်း အတူတူ ခရီးသွားဖြစ်ခဲ့တာကို သတိရသွားပြီး ပြန်ရေးမိတာပါ။
အဲ့တုန်းက မှတ်မှတ်ရရ တောင်ခြေကိုရောက်တော့ ည ၁ နာရီ ထိုးနေပြီ။ ဒါနဲ့ပဲ ညတွင်းချင်း မီးတုတ် တယောက် တချောင်းနဲ့ ညဘက်ကြီး တောင်ပေါ်ကိုတက်ကြတယ်။ ရင်ပြင်မှာအိပ်တယ်၊ ဟာသတွေထိုင်ပြောတယ်၊ စားစရိတ်မလောက်လို့ ထမင်းဆိုင်မှာ ထမင်းခိုးစားကြတယ်၊ ပေးရတဲ့ငွေနဲ့ ပြန်ရတဲ့ရေက မတန်လို့ ရေခိုးပြီးချိုးကြတာ ပိုင်ရှင် ကမိသွားလို့ ထွက်ပြေးခဲ့ရတာတွေ၊ အပြန်လမ်းစရိတ် မလောက်တော့လို့ အလယ်ခုံတွေကနေ စီးပြီး ပြန်လာရတာတွေ စတဲ့ အမှတ်တရတွေနဲ့ ပျော်ဖို့ကောင်းခဲ့တယ်။
ဒီလို ပျော်ဖို့ကောင်းခဲ့ပါတယ် ဆိုတဲ့အချိန်တွေက ကျနော်တို့အားလုံးအတွက် နောက်ဆုံးပျော်ရွှင်မှုတွေ ဖြစ်ခဲ့လိမ့်မယ်လို့ အဲ့သည့်အချိန်တုန်းက ကျနော်တို့တွေ မသိခဲ့ကြဘူး။ ဒီလို မသိခဲ့လို့လည်း နောက်နှစ်တွေလည်း ငါတို့ ဒါမျိုး ခရီးသွားကြမယ်ဆိုပြီး ကျနော်တို့ ပြောခဲ့ကြတယ်။ ဒါပေမယ့် တကယ်တမ်း ကျနော်တို့တွေ အကြောင်းအမျိုးမျိုးကြောင့် မဆုံဖြစ်ကြတော့ပါဘူး။
ဒါ့အပြင် အသက်အရွယ်တခု ရောက်လာတဲ့နောက် ကျနော်တို့တွေကြားမှာရှိတဲ့ နိုင်ငံရေးအမြင်နဲ့ ရပ်တည်မှုတွေကလည်း ကျနော်တို့အားလုံးကို ပိုပြီး ဝေးသွားစေခဲ့တယ်။
ကျနော်တို့ ကျိုက်ထီးရိုးကိုသွားတုန်းက ပါလာတဲ့ ဘော်ဒါတယောက်ဆိုရင် အခုကာလမှာ ဒီကောင်က စစ်အင်ဂျင်နီယာ။ အာဏာသိမ်းတာ သိတဲ့နေ့မှာပဲ ဒီကောင့်ဆီ စာလှမ်းပို့ပြီး ကျနော်ပြောခဲ့တယ်။
“မင်းတို့ စစ်တပ်ကို ဒီတသက် ဘယ်တော့မှ မကျေဘူးလို့ ” ။
ဒီကောင်ကလည်း ပြန်ပြောပါတယ်၊ “ငါလုပ်တာမှ မဟုတ်တာ သူငယ်ချင်းရာတဲ့”
ဘယ်လိုပဲ သူလုပ်လုပ် မလုပ်လုပ် အဲ့သည့်ကာလထဲကစပြီး မအလအပါအဝင် ဒီကောင်တွေ အဖွဲ့အစည်းထဲက ဘယ်သူ့ကိုမှ ကောင်းမွန်တဲ့အကြည့်နဲ့ ကြည့်လို့မြင်လို့ကို မရတော့တာ ဒီနေ့ ဒီအချိန်ထိပဲ။
တနေ့က ရခိုင်မှာ လက်နက်ချတဲ့ ရုပ်သံတွေ ထွက်လာတယ်။ သေတဲ့သူ၊ဒ ဏ်ရာရတဲ့သူတွေကိုမြင်ပြီး ဟိုဘက်ရပ် ကွက်မှာ ငိုကြတယ်၊ စိတ်ဆိုးကြတယ်၊ ဒေါသတွေထွက်ကြတယ်။
လူအချင်းချင်း ကိုယ်ချင်းစာတရားမရှိတာတော့ မဟုတ်ပေမယ့် ကျနော် အဲဒီဗီဒီယိုဖိုင်ကို ဘယ်နှစ်ခေါက်မှန်းမသိ ကြည့်ပြီး ရယ်နေမိတယ်။ ပြီးတော့ သေချာထိုင်ကြည့်ရင်း အဖမ်းခံရတဲ့အထဲမှာ ငါနဲ့သိတဲ့ကောင်တွေလည်း မပါဘူးဆိုပြီး ဝမ်းနည်းသလိုတောင် ဖြစ်သွားခဲ့သေးတယ်။
အညာမှာ သားကစစ်ဗိုလ်၊ အဖေက PDF၊ အစ်ကိုက စစ်သား၊ ညီမက PDF နဲ့ သွေးရင်းသားရင်း အချင်းချင်းတွေပါ ကိုယ်ရပ်တည်တဲ့ဘက်ကနေ အသေခံပြီး ဝင်ရောက် တိုက်ခိုက်နေတာတွေမြင်တော့ ကျနော်တို့ ဘော်ဒါအချင်းချင်းမှာတောင် ရန်သူကြီးတွေလို မုန်းတီးသွားခဲ့ကြတာ မဆန်းဘူးလို့ ထင်မိတယ်။
အထူးသဖြင့် မင်းအောင်လှိုင် အာဏာသိမ်းလိုက်ခြင်းရဲ့ အကျိုးဆက်က မိသားစုအချင်းချင်းတွေပါ သေခန်းပြတ်သွားကြတဲ့အပြင် တနိုင်ငံတည်းသားချင်း မမြင်ဖူး၊ မတွေ့ဖူးတဲ့သူတွေကအစ ယူနီဖောင်းတခု၊ဝ တ်စုံတစုံ၊ နာမည်တခုကြားတာနဲ့တင် နာနာကျည်းကျည်း မုန်းတီးကုန်တာတော့ အမှန်ပဲ။ ဒီပြသနာက ဘယ်အချိန်ရောက်မှ ပြေလည်သွားကြမယ်ဆိုတာလည်း ကျနော်တို့မသိဘူး။ သေချာတာကတော့ စစ်တပ်က လက်နက်ချ အရှုံးမပေးမချင်း ကျနော်တို့ကြားမှာရှိတဲ့ မုန်းတီးမှုတွေက ရပ်သွားမှာမဟုတ်တာတော့ အသေအချာပဲ။
ဒီအချိန်မှာ ဟိုဘက်ရပ်ကွက်ကကောင်တွေက ကျနော်တို့ကို ပြောတဲ့စကားတွေရှိတယ်။ တိုင်းပြည် မတည်မငြိမ်ဖြစ် အောင်လုပ်တဲ့ လူတစုတဲ့။
ဒီတော့ လမ်းပေါ်ထွက်ဆန္ဒပြတဲ့ ငါတို့ကို ပြဿရှာတဲ့ လူတစုလို့ပြောချင်ရင် တကယ်တမ်း အာဏာသိမ်းပြီး ပြည်သူကို ရက်ရက်စက်သက် သတ်ဖြတ်နေတဲ့ မင်းအောင်လှိုင်ကသာ ဒီပြဿနာရဲ့ မီးစကို စမွှေးခဲ့တဲ့ တရားခံအစစ်ဆိုတာ မင်းတို့တွေ မြင်အောင်ပြန်ကြည့်ကြ။
တကယ်တမ်း ဒီပြဿနာတွေမှာ တာ၀န်ရှိပြီး အပြစ်ရှိတာ ငါတို့ပြည်သူတွေ မဟုတ်ဘူး။ မင်းတို့တွေ ဘုရားလိုကိုးကွယ်ပြီး ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တတ်တဲ့ မင်းတို့ရဲ့ အဘ မင်းအောင်လှိုင်ကသာ ဒီပြဿနာတွေရဲ့ တရားခံအစစ်ပဲ။
About The Call 320 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*