မျက်စိရှေ့က ပျောက်ကွယ်သွားတဲ့ အနုပညာများ

“မျက်စိရှေ့က ပျောက်ကွယ်သွားတဲ့ အနုပညာများ”
◼️Simon
တနေ့က Linkin park ရဲ့ Two Faced ဆိုတဲ့ သီချင်းတပုဒ်ထွက်လာတယ်။ နားထောင်ကြည့်လိုက်တော့ ကျနော်တို့ ဆယ်ကျော်သက်အရွယ်က ခံစားချက်မျိုးကို ပြန်ရလိုက်တယ်။
တကယ်တော့ အာဏာသိမ်းပြီးတဲ့အချိန်ကတည်းက အနုပညာအလုပ်တွေနဲ့ တော်တော်လေး ဝေးသွားခဲ့တာကြာပြီ။ အထူးသဖြင့် ကိုယ် အရမ်းဝါသနာပါတယ်ဆိုတဲ့ ဂီတနဲ့ပါ အဝေးကြီးဖြစ်ခဲ့ပြီး သူစိမ်းပြင်ပြင်ပါ ဖြစ်ခဲ့ရတယ် ပြေးရ၊လွှားရ၊ ရှောင်ရ၊ တိမ်းရနဲ့ ကိုယ့်အသက်အန္တရာယ်ရော၊ တခါမှ မတွေးမိခဲ့တဲ့ ဒုက္ခတွေနဲ့ရော ကြုံလိုက်ရတာဆိုတော့ အနုပညာကို ဖန်တီးဖို့အသာထား ခံစားဖို့ပါ အခြေအနေက မပေးတော့ဘူး။
ကိုယ်တိုင် တချိန်က အနုပညာသမားဆိုပေမယ့် အခုချိန်မှာ ကျနော့်ကိုယ်ကျနော် ဘာကောင်မှန်းမသိတော့တဲ့ အခြေအနေကို ရောက်သွားခဲ့တယ်။ အဆိုးဆုံးက ကိုယ် အရမ်းကြိုက်ရပါတယ်ဆိုတဲ့ ဂီတကိုပါ နားမထောင်ချင် တော့တဲ့ ကာလတခုကိုပါ ရောက်သွားခဲ့တာ။
ဒီလိုနဲ့ ၁ နှစ်၊ ၂ နှစ်၊ ၃ နှစ်လောက် အချိန်တခုရောက်လာတော့ တော်လှန်ရေးအတွက်ရော၊ ကိုယ့်အတွက်ပါ အလုပ် တွေ ပုံမှန်ပြန်လုပ်ရင်း စိတ်က အနာတရတွေကလည်း နည်းနည်းချင်းစီ ပါးလာတယ်။ ဒီအခါကြမှ တချို့သော သီချင်းတွေကို ပြန်ပြီး နားထောင်လို့ရလာတယ်။ ဒီလိုအချိန်မှာ Linkin Park ရဲ့ အသစ်ထွက်ရှိတဲ့ သီချင်းကို နားထောင်ရင်း စိတ်တွေက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်ကို ပြန်ရောက်သွားတယ်။
ကျနော် ဆယ်ကျော်သက်အရွယ် ၂၀၀၀ ပြည့်နှစ်လောက်က ကျနော်တို့နိုင်ငံရဲ့ ဂီတရေစီးက ကာလာစုံစီးဆင်းနေတဲ့ သက်တန့်မြစ်ကြီးတခုနဲ့ တူသလို ခံစားရတယ်။ လူငယ်တွေကြားမှာ Hip Hop ဂီတက အရမ်းခေတ်စားလာသလို Punk Rock၊ Modern Rock နဲ့ Alternative Rock တွေကလည်း အတော်အားကောင်းလာတယ်။
လူလတ်ပိုင်းမှာဆို အင်ပါယာက ဦးညီထွဋ်နဲ့ IC က လူလည်ကြီး ညီအစ်ကိုနှစ်ယောက်နဲ့ သူ့အပေါင်းအပါတွေ ရှိမယ်။ လူငယ်ပိုင်းမှာဆို Big Bag, Antibiotics, မြေပဲယို အစရှိတဲ့ လူငယ် Bandတွေရှိမယ်။ လူငယ်တွေထဲမှာမှ စီနီယာကျတဲ့ The Ants က ကိုဇော်လတ်၊ အယ်ဖြူ အစရှိတဲ့ ဆရာသမားတွေရှိသလို ဒိုးလုံးတို့တွေလည်း ရှိသေးတယ်။ Pop ထဲမှာဆို ကိုဆောင်းဦး၊ အဲလက်စ်၊ ကိုစည် အစရှိသဖြင့်ပေါ့။ Rap ဘက်မှာဆိုရင်လည်း မျိုးကျော့မြိုင် အပါအဝင် Acid, Theory ကနေမှ စလိုက်တာ ပေါက်ပန်းလေးဆယ် စကားပြောတတ်ရင် သီချင်းဆိုလို့ရပြီ ထင်တဲ့ကောင် တွေကအစ ဂီတလောကထဲကို ရောက်လာကြတာတွေရှိတယ်။
ပြောရမယ်ဆိုရင် ကျနော့်အသက်အရွယ်နဲ့ ချိန်ထိုးကြည့်မိတဲ့အခါ ၂၀၀၀ နောက်ပိုင်းကနေ ၂၀၁၀ ဝန်းကျင်လောက် ထိက ကျနော့်အတွက် ဂီတမှာ ရွှေခေတ်လို့တောင်ပြောရမယ်။ ဒါတောင် ၂၀၀၀ စွန်းစွန်း အချိန်တုန်းက တွတ်ပီ၊အောင်လ၊ ဖော်ကာ၊ နောနော်တို့ဆိုတာ Underground မှာပဲ ရှိကြသေးတယ်။
အဲသည့်ကာလတုန်းက ရတဲ့မုန့်ဖိုးတွေနဲ့ အခွေပြေးဝယ်< နားထောင်ပြီးရင် အိမ်မှာပြန်တီး၊ ပြန်ကျင့် ကိုယ့်ဟာကိုယ် နုတ်တွေရှာ၊ ညဆို ရပ်ကွက်ထဲမှာပတ်ပြီး ဂီတာတီးရတဲ့ အရသာက ဘာနဲ့မှမတူဘူး။ ကျနော်က ပုဇွန်တောင်စျေးနားက တောင်လုံးပြန်ရပ်ကွက်ထဲမှာ ကြီးပြင်းခဲ့တာဆိုတော့ ကျနော်တို့ရပ်ကွက်က ဂီတာတီးတတ်တဲ့သူများတယ်။ ဒီတော့ ညဆို ဂီတာဝိုင်းတွေက သူ့အစုနဲ့သူ တီးကြ၊ ဆိုကြနဲ့ ပျော်စရာကြီး။ ကျနော်တို့ဆို စတူဒီယိုမှာ ပြေးတီးလိုက်၊ အားရင် ရပ်ကွက်ထဲက သူငယ်ချင်းတွေနဲ့ တီးလိုက်၊ ဆိုလိုက်နဲ့ ရေကျော်၊ ကျီတော်ရပ်ကွက်တွေထဲက ဘော်ဒါတွေရဲ့ လမ်းတွေမှာလည်း ဒီကောင်တွေခေါ်ရင် ကောင်မလေးတွေအိမ်ရှေ့မှာ သွားပြီး တီးကြတာတွေလည်းရှိသေးတယ်။
အဲ့သည့်ကာလတုန်းက ရခဲ့တဲ့ ခံစားမှုနဲ့ လွတ်လပ်မှုက ဘာနဲ့မှမတူဘူး။
ဂီတကိုခံစားရတာ တအားအရသာရှိတယ်။ ရုပ်ရှင်ကတော့ ကျနော်မကြိုက်ဘူး။ အထူးသဖြင့် မြန်မာကားတွေက အပေါစားဆန်တော့ ကြည့်ကို မကြည့်ဖြစ်တာများတယ်။ အနုပညာနဲ့ ပတ်သက်လာရင် ဂီတကိုပဲ ပိုအားသန်တယ်။ ကိုယ်တိုင်လည်း ရေးနေ၊ တီးနေခဲ့ရတာကို ကြိုက်တာကြောင့်လည်း ပါမှာပေါ့။
နောက်ပိုင်း ဂီတလောကကြီး ပျက်ပြီး ခိုးကူးတွေနဲ့ ကြုံလာရတော့ ကျနော်တို့နိုင်ငံရဲ့ ဂီတလမ်းကြောင်းကလည်း တမျိုးတဖုံ ပြောင်းလာပြန်တယ်။ ဒါတောင် တချို့ဂီတသမားတွေက ကိုယ်တိုင်ထုတ်နေကြဆဲပဲ။ ခေတ်ပြောင်းပြီး ရေစီးပြောင်းတယ်ဆိုပေမယ့် ဖန်တီးမှုတွေက မကျဘူး။ ကိုယ်ပိုင်သီချင်း ထုတ်နိုင်မှုတွေက တအား အားကောင်းလာတယ်။ တွတ်ပီတို့လည်း “လူအဂီတ” ထွက်ပြီး လူငယ်တွေကြားမှာ အတော်ရေပန်းစားတဲ့ အချိန်တွေဖြစ်လာပြီ။
ပြောရမယ်ဆိုရင်ဗျာ၊ ဂီတလောကကြီး ပျက်နေတဲ့အချိန်မှာတောင် ကျနော်တို့နိုင်ငံရဲ့ အနုပညာ ဂီတထုတ်ကုန်တွေက မရပ်သေးဘူး၊ တန်းတခုရှိခဲ့တယ်။ ကိုဗစ်ဖြစ်ပြီး အရာအားလုံး တန့်သွားတာတောင် ကျနော်တို့နိုင်ငံက အနုပညာထုတ်ကုန်တွေရဲ့ အရည်အချင်းက မကျသေးဘူး။ ဂီတမှာဆိုလည်း နိုင်ငံတကာထိ ထိုးဖောက်ဖို့ ကြိုးစားလာတဲ့ အဖွဲ့တွေရှိလာသလို ရုပ်ရှင်တွေဆိုရင်လည်း ကိုဏကြီး၊ ခီလင်မယားတို့တွေပေါ်လာပြီး ရုပ်ရှင်ခေတ်တခေတ်ကို ပြန်ရောက်လာတာကိုလည်း မြင်လာရတယ်။
ဒါပေသည့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ သွားဖို့ပြင်နေတဲ့ အနုပညာလောကကြီးက လုံး၀ကို ရပ်တန့်သွားတော့တာပါပဲ။ နာမည်ကြီးပြီး ဖန်တီးမှုအားကောင်းတဲ့ အနုပညာရှင်တွေက တော်လှန် ရေးမှာ ထဲထဲဝင်ဝင် ပါလာပြီးတဲ့နောက်ပိုင်း ဖမ်းဆီးခံရမယ့် အခြေအနေတွေကနေ ရှောင်ရင်း၊ တိမ်းရင်း တိုင်းပြည် ပြင်ပကို ရောက်ခဲ့ကြတယ်။ တချို့ဆို ဒီလိုရှောင်တိမ်းရင်း ကွယ်လွန်သွားခဲ့ကြသူတွေလည်း ရှိတယ်။
ဒီတော့ ဘာဖြစ်လဲ၊ နိုင်ငံတနိုင်ငံမှာ အရေးကြီးပါတယ်ဆိုတဲ့ Soft Power က လုံးဝကို ပျောက်ဆုံးသွားခဲ့ရတယ်။ ဒီလို Soft Power ပျောက်ဆုံးသွားခဲ့ခြင်းက ဘယ်နေရာမှာ သိသာလဲဆိုရင် အခုလက်ရှိ ပြည်တွင်းမှာကျန်ခဲ့တဲ့ အနုပညာထုတ်ကုန်တွေကို ကြည့်ခြင်းအားဖြင့် သိသာပါတယ်။ စာပေ၊ ဂီတ၊ ရုပ်ရှင် အကုန်လုံးက ကျဆင်းသွားတာနော်။
ငွေရဖို့ တခုတည်းကိုပဲကြည့်ပြီး ကိုယ့်ကိုယ်ကို အနုပညာသည်လို့ ခံယူထားတဲ့သူတွေ တော်တော်များများပဲ ကျန်ခဲ့တဲ့အတွက် ကျနော်တို့နိုင်ငံရဲ့ အနုပညာအဆင့်အတန်းက နောက် ၁၀ နှစ်လောက်ထိ ကမ္ဘာကို ရင်ဘောင်တန်းဖို့အသာထား ဒေသတွင်းနိုင်ငံတွေကိုပါ ပုခုံးချင်းယှဥ်ဖို့ မလွယ်တော့ဘူး။
တကယ်တော့ ဒီစာကိုရေးဖြစ်ချင်းက Linkin Park ရဲ့ သီချင်းကို နားထောင်မိခဲ့တာကြောင့်ဖြစ်တယ်။ ချက်စတာ ကွယ်လွန်သွားပြီးနောက်ပိုင်း LP ရုန်းကန်ခဲ့ရတာတွေရှိတယ်။ ဒါပေမယ့် သူတို့တွေ ပုံမှန်အခြေအနေတခုကိုရောက်လာနိုင်ပြီ။ ကျနော်တို့မှာတော့ သူတို့လို ရုန်းကန်ရတာတွေ ရှိတဲ့ကြားထဲကမှ ရှိပြီးသား အောင်မြင်ပြီးသား Band တွေပါ ပျက်စီးသွားတဲ့အပြင် နောက်ထပ်အသစ်တွေလည်း ပေါ်လာဖို့ မလွယ်တော့ဘူး။
တန်ဖိုးရှိတဲ့ အနုပညာရှင်တွေနဲ့အတူ ကောင်းမွန်တဲ့ အနုပညာဖန်တီးမှုတွေက ဆိတ်သုဥ်း ပျောက်ကွယ်ကုန်ပြီ။ အခုလိုစာကို ရေးဖြစ်တာတောင် တော်လှန်ရေးဘက်မှာ စုစုစည်းစည်းနဲ့ စုဖွဲ့ထားတဲ့ ကျနော်တို့ The Call (ခေါ်သံ) က ကြိုးစားအားထုတ်မှုကြောင့်သာ ရေးနိုင်တာဖြစ်တယ်။ The Call သာ မရှိရင် ကျနော်တို့အနေနဲ့ ဒီလိုစာတွေကို ဘယ်ပလက်ဖောင်းက ရေးပြရမှန်းတောင် သိမှာမဟုတ်တော့ဘူး။
အခုဆိုရင် The Call တည်ထောင်ခဲ့တာ ၂ နှစ်တင်းတင်း ပြည့်တော့မယ်။ The Call ဆိုတာကလည်း တော်လှန်ရေးမှာ နည်းလမ်းအမျိုးမျိုးနဲ့ ပါဝင်နေကြတဲ့ စာပေအနုပညာ စိတ်ဝင်စားသူတွေနဲ့ စုဖွဲ့ခဲ့တာလို့ သိထားရပါတယ်။ တချို့အရာတွေမှာ လိုအပ်ချက်တွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေသည့် ခံယူချက်နဲ့ တော်လှန်ရေးအပေါ်ထားရှိတဲ့ သစ္စာတရားကတော့ ဘယ်သောအခါမှ ယုတ်လျော့ အားနည်းခဲ့ခြင်း မရှိဘူးဆိုတာကို ပြောရင်း The Call ၂ နှစ်ပြည့်ကနေ နောက်နှစ်ပေါင်းများစွာအထိ ရှင်သန်နိုင်ဖို့ ဆုတောင်းပေးရင်းနဲ့ ဒီစာကို အဆုံးသတ်လိုက်ရပါတယ်။
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*