“မြန်မာပြည်က စောက်တလွဲကောင်တွေ “
Simon
တနေ့က သတင်းတခုမှာ ဖတ်လိုက်ရတယ်။
ပြည်မြို့မှာ အရပ်ဝတ်နဲ့ ထွက်လာတဲ့ စစ်ဗိုလ်ဆိုသူကို မသင်္ကာမှုနဲ့ ဖမ်းပြီး ပေါ်တာပါဆွဲသွားလို့ တပ်ရင်းမှူးဖြစ်သူက စခန်းကို ကိုယ်တိုင်လိုက်လာပြီး ထုတ်ပေးရတယ်ဆိုတာရယ် ၊ အစ်ကိုက စစ်ဗိုလ် ညီဖြစ်သူ ပေါ်တာဆွဲခံရလို့ လိုက်ထုတ်ပေးရတယ်ဆိုတဲ့ သတင်းတွေဖတ်မိပြီး ငါတို့နိုင်ငံကကောင်တွေ တခုခုဆို စောက်တလွဲ ဖမ်းမယ်၊ဆီးမယ်ဆိုတဲ့ ကိစ္စတွေက အခုထိကို ရှိနေတုန်းဆိုပြီး ရယ်မိသေးတယ်။
ဒီလိုအကြောင်းတွေဖတ်မိရင်လည်း လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ခုလို စောက်တလွဲဖမ်းကြတဲ့ ကိစ္စကိုလည်း ပြန်သတိရသွားတယ်။
ဖြစ်ပုံက ဒီလို …
အချိန်က ၂၀၀၅ လား ၂၀၀၆ လား မသိ တခုခုပေါ့ …
နေ့လည်အိမ်မှာနေရင်း “တာရာမင်းဝေရဲ့ ပန်းခေတ်ကလမင်း ” ဝတ္တုကိုထိုင်ဖတ်နေတုန်း အိမ်ရှေ့မှာ ဒန်တွေဝယ်တယ်၊ ကြေးတွေဝယ်တယ်၊ ပုလင်းအဟောင်းတွေ၊ ဘီယာဗူးခွံတွေ၊ သတင်းစာတွေဝယ်တယ်ဆိုတဲ့ အသံကိုကြားတော့ မာတာမိခင်က တနေ့ကပဲ အိမ်မှာ သတင်းစာအဟောင်းတွေရောင်းဖို့ရှိတယ် ဝယ်တယ်တဲ့သူရှိရောင်းဆိုပြီး ကျနော့်ကိုမှာထားတာကို သတိရသွားတော့ ဖတ်လက်စ ဝတ္တုကိုချပြီး သတင်းစာဝယ်တယ်ဆိုတဲ့ သူကို လှမ်းခေါ်မိလိုက်တယ်။
ဆရာကြီး လာပါဦး !
ကျနော်က လှမ်းခေါ်တယ်ဆိုရင်ပဲ သတင်းစာဝယ်တယ်ဆိုတဲ့သူက ကျနော့်ဆီကို သူ့ရဲ့ယိုင်တိုင်တိုင် လှည်းလေးတွန်းပြီး ရောက်ချလာတယ်။
” ဘာရောင်းစရာရှိလဲ ညီလေး “
” သတင်းစာတွေ ရောင်းမယ် အစ်ကို
( ၁ ) ပိသာဘယ်စျေးတုန်း “
“အစ်ကိုက သတင်းစာတွေကိုတော့ ( ၁ )ပိသာ ( … ) ဆို
ဒီစျေးနဲ့ ဝယ်တယ်၊ ရောင်းမလား “
တကယ်ဆို ဒါမျိုးတွေက အမေပဲရောင်းနေကြ ကျတော်က ဒါမျိုးတခါမှ မရောင်းဖူးတော့ ပုံမှန်စျေးတွေ၊ ဘာတွေလည်း မသိဘူး ။ ဒါပေမယ့် သိတာတခုက လက်ဖက်ရည်ဖိုးတော့ ကောင်းကောင်းရတယ်ဆိုတာကို သိတယ်။
ဒါနဲ့ပဲ ရောင်းစရာရှိတာရောင်းပြီး ရတဲ့ ပိုက်ဆံနဲ့ ရပ်ကွက်ထိပ်က လဖက်ရည်ဆိုင်ကို ထွက်လာခဲ့တယ်။ လဖက်ရည်ဆိုင်ကို မရောက်ခင်တော့ လမ်းထိပ်က ဂျပန်ကြီးကွမ်းယာဆိုင်မှာ ခဏဝင်ထိုင်ပြီး 92 နဲ့ နှစ်ဆယ်ဖိုး ကွမ်းယာဝယ်လိုက်သေးတယ်။
ကွမ်းယာဝယ်နေတုန်း ဂျပန်ကြီးနဲ့ ညကဘောလုံးပွဲအကြောင်းတွေပြောရင်းရယ်နေကြသေးတယ်။
ဒီလိုနဲ့ ဂျပန်ကြီးပေးတဲ့ ကွမ်းထုပ်ကို လှမ်းယူပြီး ပါးစပ်ထဲ ကွမ်းတယာထည့်ပြီး မျက်စိရှေ့မှာတွေ့တဲ့ ဘောလုံးဂျာနယ်ကို ဖွင့်ပြီးဖတ်မယ်လုပ်တုန်း ရပ်ကွက်ထဲကို ရဲကားတွေ၊ အထူးရဲတပ်ဖွဲ့ဝင်တွေရဲ့ ကားတွေ တဝီးဝီးနဲ့ ဝင်ချလာပြီး ကားပေါ်ကနေ ကျည်ကာတွေ၊ ဘာတွေနဲ့ လက်နက်အပြည့်စုံတပ်ထားတဲ့ အထူးရဲတပ်ဖွဲ့ဝင်တွေက ဆင်းလာပါလေရော။ ကြည့်လိုက်တော့ ကျတော်တို့ လမ်းထဲက ဂြိုလ်ကြီးတို့အိမ်ကို ဝင်စီးတာဖြစ်နေတယ်။
ဟာ… ဘာတွေဖြစ်ကုန်တာလဲ ၊ ဘာကြောင့်လဲဆိုတော့ ဒီကောင်တွေဝင်ဖမ်းပါတယ်ဆိုတဲ့ ဂြိုလ်ကြီးက (၁၃) နှစ်သားပဲရှိသေးတဲ့ ကလေးလေး။
တရပ်ကွက်လုံးလည်း ကသောင်းကနင်း၊ဝရုန်းသုန်းကားတွေဖြစ်ပြီး အိမ်တံခါးတွေပိတ်၊ အသံတွေတိတ်နဲ့ နေ့လည်ခင်းဆိုတဲ့အချိန်ကနေ ရုတ်တရက် ညသန်းခေါင်လူခြေတိတ်သလိုမျိုးကြီး တိတ်ဆိတ်သွားပါလေရော။
အိမ်ထဲကနေ အိပ်ချင်မူးတူးဖြစ်နေတဲ့ ဂြိုလ်ကြီးကို ကျည်ကာတွေ ဘာတွေနဲ့ အထူးရဲတပ်ဖွဲ့က ရဲတယောက်က ဂုတ်ကနေ ဆွဲခေါ်လာတာကိုတွေ့ရသလို အထက်အရာရှိလို့ ထင်ရတဲ့ သူကလည်း ဝေါ်ကီတော်ကီကတဆင့် စခန်းကို လှမ်းပြီး သတင်းပေးနေတာကိုလည်း ကြားလိုက်ရတယ်။
” သံသယရှိတဲ့ တရားခံခေါင်းဆောင်ကို မိပါပြီ ဆရာ “
” အေး မိရင်တခါတည်း ခေါ်လာခဲ့ “
( တဘက်က ပြန်ပြောတဲ့ အသံ )
” အဘ “
“တရားခံဖြစ်တဲ့ ဂြိုလ်ကြီးဆိုတဲ့ ကောင်က
ကလေးလေး “
” ဟေ ” ( တဘက်လူက ခဏအသံတိတ်သွားတယ်)
ထို့နောက် … ” ကလေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဖမ်းခေါ်လာခဲ့ကွာစခန်းရောက်မှ ရှင်းမယ် “
“တခြားသူနဲ့အမှုတွဲတွေပါတဲ့ကောင်တွေပါ အကုန်ဖမ်းလာခဲ့”
ဂြိုလ်ကြီးကတော့ မျက်နှာက ငိုမဲ့မဲ့နဲ့ (၁၃) နှစ်သား ချာတိတ်ဆိုတော့ ကြောက်ပြီး ငိုတာပေါ့ ၊ သူ့အမေဖြစ်တဲ့ သူကလည်း မျက်ရည်လည်ရွဲနဲ့ အထူးရဲတပ်ဖွဲ့ဝင်တွေထဲက အရာရှိလို့ထင်ရတဲ့ သူကို လက်အုပ်လေးချီပြီး သူ့သားဖြစ်သူကို ဘာဖြစ်လို့ဖမ်းရတယ်ဆိုတာကို လိုက်မေးနေလေရဲ့။
ကျနော်တို့မှာလည်း ဒီမြင်ကွင်းကိုကြည့်ပြီး ဘာတခုမှကို နားမလည်ဘူးဖြစ်နေတယ်။ (၁၃)နှစ်သားအရွယ်လေးကို လာဖမ်းတာ နည်းနည်းနောနောအင်အားမှ မဟုတ်ဘဲ ။ မသိရင် လူမိုက်ဂိုဏ်းခေါင်းဆောင်ကို လာပြီးဖမ်းသလိုပဲ။
ဒါနဲ့ပဲ ဂြိုလ်ကြီး ရဲစခန်းကို ဖမ်းပြီး တခြား ဒီကောင့်ဘော်ဒါတွေကိုပါ လိုက်ပြီးဖမ်းခေါ်သွားကြတယ်။ အကုန်လုံးက ( ၁၂ ) နှစ် ၊ ( ၁၃ ) နှစ် အရွယ်လေးတွေ။
ရပ်ကွက်ထဲက လူကြီးတွေနဲ့ ဂြိုလ်ကြီးတို့ မိဘတွေလည်း စခန်းကိုလိုက်ပေါ့။ ဒီလိုနဲ့ စခန်းကိုရောက်တော့ ဂြိုလ်ကြီးအပြင် ဂြိုလ်ကြီးဘော်ဒါတွေဖြစ်တဲ့ ကျော်ကြီး၊ မိုးကြီး ၊ သရဲကြီး နဲ့ သူတိူ့မိဘတွေရော အကုန်လုံးပေါင်းလိုက်တော့ ရဲစခန်းထဲမှာလည်း အုတ်အော်သောင်းနင်းဖြစ်ပြီး စခန်းအပြင်မှာရော ၊အတွင်းထဲမှာပါ လူတွေက အုံနဲ့ကျင်းနဲ့ စပ်စုဖို့လိုက်တာတဲ့သူတွေရော ဒီကလေးတွေရဲ့ မိသားစုဝင်တွေရော ဘာတွေရော စုံနေတာပေါ့။
ဒီလိုနဲ့ ဂြိုလ်ကြီးကို စခန်းမှူးဆိုတဲ့သူက မေးတယ်။
” ဂြိုလ်ကြီးဆိုတာ မင်းလား”
” ဟုတ်…ဟုတ်ပါတယ် ခင်ဗျာ “
( ဟုတ်ပါတယ်လို့သာ ဖြေရတာ ဟိုကောင့်ခမျာ အသံတွေ၊လက်တွေ၊ခြေတွေနဲ့ တကိုယ်လုံးကို တုန်နေတာတွေ့ရတယ် )
” ဟိုမှာ ဖမ်းထားတဲ့ကောင်တွေကို သိလား “
( ဂြိုလ်ကြီး ဘော်ဒါတွေကို လှမ်းပြပြီး ဂြိုလ်ကြီးကို စခန်းမှူးကမေးတယ်)
” သိ…သိပါတယ်ခင်ဗျာ “
” ဟရောင်တွေ ဒါမင်းတို့ပြောတဲ့ မင်းတို့ရဲ့
ခေါင်းဆောင်ဂြိုလ်ကြီးဆိုတာ ဒီကောင်လား “
” ဟုတ်ပါတယ် ခင်ဗျ “
( ဂြိုလ်ကြီး ဘော်ဒါတွေကလည်း ပြန်ဖြေတယ် )
” ဟူး…”
စခန်းမှူးဖြစ်သူရဲ စိတ်ပျက်လက်ပျက်နဲ့ ချလိုက်တဲ့ သက်ပြင်းချသံနဲ့အတူ
စခန်းမှူးလိုပဲ ထပ်ပြီး စိတ်ပျက်သွားကြတဲ့ တခြားသူတွေက အချုပ်ထဲမှာ အဖမ်းခံနေရတဲ့ နာမည်ကြီး ဇိုးတွေနဲ ခိုးဆိုးလုနှိုက်တွေ။
” ငါ-ိုးမ စောက်ကလေးတွေကွာ “
( ဒီဘဲတွေက ဂြိုလ်ကြီးတို့ကို ကလေးတွေမှန်း မသိခင် သွားဖမ်းပြီဆိုတာကို ကြားကတည်းက အချုပ်ထဲရောက်ရင် ဘယ်လို ပညာပေးမယ်၊ ဘယ်လိုဖုတ်မယ်ဆိုပြီး ကြံထားကြတာကိုး )
ကဲ — ဒီတော့ ဇာတ်လမ်းကို နောက်ကြောင်းပြန်ရရင် ဒီလို …
ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်လောက်တုန်းက သုဝဏ္ဏကွင်းထဲမှာ ဒီဇင်ဘာလမ်းလျှောက်ပွဲဆိုပြီး လုပ်ကြတယ်။ တရက် အဲ့ဒီ့လမ်းလျှောက်ပွဲကို ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းကြီးပိုင်းထဲက ပုဂ္ဂိုလ်ကြီးကရောက်လာတယ်။
သူက ကားကိုလည်း သုဝဏ္ဏကွင်းထဲက ကားပါကင်မှာရပ်ထားခဲ့တယ်။ ကားကလည်း ဒယ်ပယ်ကပ်ပုံစံမျိုးဆိုတော့ ကားကလည်း ခပ်ကြီးကြီး ကားနောက်ခန်းကလည်း အမိုးပွင့်ဆိုတော့ ကလေးတွေမြင်ရင် တက်ဆော့ချင်စရာကားမျိုး။ ဒီတော့ ဒီလိုကားကို မြင်တဲ့ ဂြိုလ်ကြီးတို့အဖွဲ့က ကားတွေပေါ်တက်ဆော့ကြရင်းနဲ့ ကားတံခါးက လော့မကျတာကိုသိသွားပြီး တချို့ကောင်တွေက ကားရှေ့ခန်းမှာ ဝင်ထိုင်ပြီး ကားမောင်းတမ်းဆော့ကြတယ်။
ဖြစ်ချင်တော့ လက်ဆော့၊ခြေဆော့တဲ့ကောင်တွေလည်း ပါလာတော့ ကားထဲဝင်ထိုင်ရင်း ဟိုလျှောက်ဖွင့်၊ဒီလျှောက်ဖွင့်လုပ်နေရာကနေ ကားရဲ့ ဒက်ခ်ဘုတ်ထဲက န၀ရတ်လက်စွပ်တွေ၊ ရွှေဟန်းချိန်းတွေ၊ ဆွဲကြိုးတွေကိုတွေ့ရော။ တွေ့တော့ အဲ့ဒါတွေကို ဝတ်ပြီး သူဌေးကြီးက ကားမောင်းသလိုတွေ လုပ်ကြ၊ နောက်ကြ၊ပြောင်ကြနဲ့ အိမ်ကိုပြန်လာတဲ့အထိ လက်စွပ်တွေ၊ ဆွဲကြိုးတွေ၊ ဟန်းချိန်းတွေပါ ဝတ်ပြီးပြန်လာကြတယ်။
ဒါကို ဂြိုလ်ကြီးက သိတော့ ဟရောင်တွေ! ဒီပစ္စည်းတွေက အစစ်တွေဆိုရင် ငါတို့က သူခိုးတွေဖြစ်မှာနော် ပြန်သွားထားကြဆိုတော့ ပြသနာက ခုနက သူတို့ဆော့ခဲ့တဲ့ ကားဆီမှာ ပိုင်ရှင်ဖြစ်သူကပြန်ရောက်နေသလို ကားနားမှာလည်း လူတွေက စုစု စုစုနဲ့ ရွှေဆွဲကြိုးတွေ၊ လက်စွပ်တွေပျောက်လို့ဆိုပြီး လိုက်ရှာနေကြပြီ။
ဒါနဲ့ ဂြိုလ်ကြီးတို့အုပ်စုက သူတို့ယူလာတာတွေကို ပြန်သွားပြီးမထားရဲတော့ဘဲ အိမ်ကိုပြန်သယ်လာကြရော။ အိမ်ရောက်တော့လည်း ဒီပစ္စည်းတွေ သိမ်းထားရတာ လိပ်ပြာမလုံကြဘူး။ဒီတော့ ဘာလုပ်ကြမလဲဆိုပြီး တိုင်ပင်တော့ အားလုံးက ရောင်းစားလိုက်ကြတာပဲ ကောင်းမယ်ဆိုပြီး အကြံပေးကြတယ်။
ဒါနဲ့ပဲ ရပ်ကွက်ထဲက ဘိန်းစားတကောင်နဲ့ ညှိပြီး သူတို့ယူလာတဲ့ရွှေတွေကို ဂြိုလ်ကြီးကခေါင်းဆောင်ပြီး ဆိုင်တဆိုင်မှာသွားပြီး ရောင်းလိုက်ကြတယ်။ ရောင်းတော့ စုစုပေါင်း ငွေက ၉သိန်းလောက်ရတယ်။ သူတို့က ၆ယောက်ဆိုတော့ ငွေ ၉သိန်းကို မျှပြီးခွဲလိုက်ကြတယ်။ တကယ်က သူတို့ရောင်းလိုက်တဲ့ ပစ္စည်းတွေက ကာလပေါက်စျေးနဲ့ဆို သိန်း ၂၀ကျော်လောက်ရှိတယ်။ ဆိုင်တွေကလည်း ခိုးရာပါတွေမှန်းသိတော့ တမင်နှိမ်ပြီးဝယ်လိုက်တာ။ဒီကောင်တွေကလည်း လက်ထဲ ရွှေတွေမရှိရင်ပြီးရောဆိုပြီး ရောင်းလိုက်တာကိုး။
ဒီလို လက်ထဲပိုက်ဆံရှိလာတော့ ဘာလုပ်ကြလဲဆိုရင် အဲ့သည့်ခေတ်ခါက ခေတ်စားတဲ့ MP3 ၊ MP4 တွေကို ဝယ်တဲ့ကောင်ကဝယ်၊ ဖိနပ်တွေ၊ ဦးထုပ်တွေနဲ့ အဝတ်အစားတွေဝယ်တဲ့ကောင်ကဝယ်ပြီး သိုသိုသိပ်သိပ်နဲ့နေကြတယ်။
ဒီကောင်တွေ အခုလို ရှော့ပင်ထွက်နေတဲ့ အချိန်မှာ သင်္ကန်းကျွန်းနဲ့ သုဝဏ္ဏဘက်က စခန်းမှူးတွေက ခေါင်းမီးတောက်နေပြီ။ပါတီလူကြီးရဲ့ ကားထဲကရွှေတွေအခိုးခံရတဲ့အပြင် သူတို့အပိုင်ထဲမှာဖြစ်တာဆိုတော့ သင်္ကန်းကျွန်းနဲ့ သု၀ဏ္ဏထဲက မှတ်တမ်းရှိတဲ့ ခိုးဆိုးလုနှိုက်တွေအကုန်ဖမ်းပြီး အချုပ်ထဲမှာ အမှန်အကန်ကို ဖုတ်တော့တာပဲ။
ဟိုကောင်တွေခမျာ သူတို့လည်း မခိုးဘဲနဲ့ အဖုတ်ခံရတာဆိုတော့ တကယ်ခိုးတဲ့ကောင်ကိုသာ မိရင် သေဖို့သာပြင်ထားဆိုပြီး ကြုံးဝါးနေပြီ။ စခန်းမှူးတွေ ကိုယ်တိုင်လည်း ခိုးသွားတဲ့ကောင်တွေက သာမန်တော့မဟုတ်ဘူး ဆရာကျလိမ့်မယ် ဒါကြောင့် တရားခံကိုသိရင် အင်အားသုံးပြီး ဖမ်းရမယ်လို့လည်း တွေးထားပြီး တခြားမြို့နယ်တွေကိုလည်း အကြောင်းကြားထား တယ်။
ဒီအချိန်မှာပဲ စခန်းကို ဖုန်းတခုဝင်လာတယ်။ ဆက်တာက ( … ) ရပ်ကွက် အုပ်ချုပ်ရေးရုံးကဖြစ်ပြီး ရွှေတွေခိုးသွားတယ်ဆိုတဲ့ထဲက တယောက်က ရုံးမှာလာပြီးဝန်ခံတဲ့အတွက် ပါဝင်တဲ့သူတွေအားလုံးကိုလည်း သိရပြီဖြစ်သလို ခေါင်းဆောင်ဖြစ်သူကိုလည်း သိရပြီဖြစ်ကြောင်း ဖုန်းလှမ်းဆက်တာပါ။ လာ၀န်ခံတဲ့ ချာတိတ်ကလည်း ဘယ်လိုဖြစ်ပြီး လာ၀န်ခံလဲဆိုတော့ ဒီကောင်က ဂြိုလ်ကြီးတို့လို Mp3 တွေ၊Mp4 တွေ ဝယ်တာမဟုတ်ဘဲ mountain ဘီးကြီး ဝယ်ချလာတော့ အိမ်က မသင်္ကာတာနဲ့ ချောင်ပိတ်ပြီး မေးတော့ အဖြစ်မှန်တွေပေါ်ရော။
ဒါနဲ့ပဲ အဖေဖြစ်သူက သူ့သားကို အုပ်ချုပ်ရေးမှူးဆီခေါ်သွားပြီး အဖြစ်မှန်ပြောပြ၊ သူတို့ခိုးလာခဲ့တဲ့ နေရာက အပိုင်ရဲစခန်းကို ဖုန်းဆက်ကြည့်တော့ အမှုဖွင့်ထားတယ်ဆိုတာကိုပါ သိတာ။
ဒါကြောင့် အချိန်မဆွဲတော့ဘဲ စခန်းမှူးကလည်း အထူးတပ်ဖွဲ့တွေပါ အကူညီတောင်းပြီး ဝင်ဖမ်းခိုင်းတော့တာပဲ။
ရဲတွေထင်တာက ဂြိုလ်ကြီးဆိုတဲ့ကောင်က ကလေးတွေကို ညာပြီးခိုင်းနေတဲ့ ခိုးဆိုးလုနှိုက်အဖွဲ့ရဲ့ခေါင်းဆောင်လို့ထင်သွားတာ ။
ဒီတော့ အင်အားသုံးပြီး ဝင်ဖမ်းတော့ စောက်တလွဲတွေ ဖြစ်ရော ။
ဟိုကောင်ကလည်း နေ့လည်ဘက် အိမ်မှာ တရေးတမော အိပ်နေတုန်းအထူးတပ်ဖွဲ့ဝင်တွေက အိမ်တံခါးကို ဝုန်းခနဲဆောင့်ကန်ပြီး သေနတ်တွေနဲ့ဝင်လာပြီး သူ့လာဖမ်းမှန်းလည်းသိရော အိပ်ယာထဲက ငုတ်တုပ်လေးထထိုင်ပြီး ငိုပါလေရော။
ဇာတ်ပေါင်းတော့ ကလေးတွေမှန်းသိပြီး အရေးလည်းမယူ၊ ပစ္စည်းတွေလည်းပြန်ရတော့ ကြံ့ဖွတ်ဘဲကြီးက ခွင့်လွှတ်ပြီး အမှုပါကျေအေးပေးလိုက်တယ်။ ကြားထဲက ငထွားခါးနာသွားတာက မှတ်တမ်းရှိတဲ့ ခိုးဆိုးလုနှိုက်တွေပဲ။နောက်ပြီး တခုခုဆို သေချာ မစုံစမ်းဘဲ လူကြီးကို မျက်နှာလုပ်ပြီး အသည်းအသန် ဝင်ဖမ်းချင်တဲ့ ရဲတွေကတော့ ထုံးစံအတိုင်း ငပေါတွေဖြစ်ကြတာပေါ့။
ကျနော်တို့မှာ အဖြစ်မှန်ကို သိပြီး ရယ်ရမလို၊ ငိုရမလိုနဲ့ အခုချိန်ထိ ရပ်ကွက်ထဲမှာ ပြောစရာလိုဖြစ်ပြီး ကျန်ခဲ့ကြရော။ ပြောချင်တာက စစ်ဗိုလ်ကို မသင်္ကာမှုနဲ့ ဖမ်းပြီးပေါ်တာဆွဲတာကဖြင့် နည်းသေးတယ် ဂြိုလ်ကြီးဆိုတဲ့ နာမည်ကို လူမိုက်ခေါင်းဆောင်လို့ ထင်ပြီး အထူးတပ်ဖွဲ့ဝင်တွေနဲ့ပါ ဝင်ပြီး ဖမ်းခိုင်းတဲ့ စခန်းမှူးနဲ့ ရဲတွေက ကျနော်တို့နိုင်ငံမှာ တကယ်ကိုရှိခဲ့တယ်ဆိုတာပဲ။
Be the first to comment