လိပ်ပြာရော နောက်ကျောရော လုံပါစေ

‘လိပ်ပြာရော နောက်ကျောရော လုံပါစေ’
◼️Simon
ကျနော့်အမေရဲ့ အမေဖြစ်တဲ့ ကျနော့်ရဲ့အဘွားက အတန်းပညာမတတ်ပါဘူး။ သူမွေးဖွားရာကနေ သူသေဆုံးတဲ့ အသက် ၇၃ နှစ်အချိန်အထိ သူ့ဘဝမှာ သူငယ်တန်းတောင် ပြီးဆုံးအောင် မသင်ခဲ့ရရှာဘူး။
အဘွားတို့ခေတ်တုန်းက သူငယ်တန်းမှာတောင် သူငယ်တန်းလေးနဲ့ သူငယ်တန်းကြီးဆိုပြီး နှစ်တန်းရှိတဲ့အထဲကမှ အဘွားက သူငယ်တန်းလေးအဆင့်ကိုတောင် ပြီးအောင်မသင်ခဲ့ရရှာဘဲ ကျောင်းကထွက်ခဲ့ရတယ်။
အဘွားက ပညာတတ်ကြီး ဖြစ်ချင်ခဲ့တာ မဟုတ်ဘူး၊ သူ့အနေနဲ့ စာရေးတတ်၊ ဖတ်တတ်ရုံလောက်လေး သင်ရရင်ပဲ သူကကျေနပ်တာ။ ဒါပေမယ့် သူ့မှာ အဲဒီလောက်လေးတောင် မသင်ခဲ့ရရှာဘူး။
အဘွားတို့က ဂျပန်အထွက် အင်္ဂလိပ်အဝင် လွတ်လပ်ရေးရပြီးခါစ ရောင်စုံသူပုန်တွေနဲ့ တနိုင်ငံလုံး ဘယ်နေရာမှာမှ မငြိမ်းချမ်းခဲ့တဲ့ကာလကို ဖြတ်သန်းခဲ့ရတာဆိုတော့ သူ့ဘဝမှာ စာလည်း အေးအေးချမ်းချမ်း မသင်ခဲ့ရဘူး။ ဒါပေမယ့် အဘွားက သူငယ်တန်းလေးအဆင့်နဲ့ ကျောင်းထုတ်ခံခဲ့ရတာတောင် သူကစာကို မနည်းရအောင် လိုက်ဖတ်ပြီး ကြိုးစားပြီး ရေးနိုင်ခဲ့တယ်။
အဘွားကဖြင့် သူငယ်တန်းလေးကို နှစ်ဝက်လောက် တက်ခဲ့ရပေမယ့် အဘွားရဲ့အမဆိုရင် သေသည်အထိ ကကြီး၊ ခခွေးတောင် ဘာမှန်းမသိခဲ့သလို သူ့မှတ်ပုံတင်ထဲက ထိုးမြဲလက်မှတ်မှာဆိုရင်လည်း ကြက်ခြေခတ်ပဲ ထိုးထားတာဖြစ်တယ်။
ကျနော့်ဘဝမှာ အဘွားစာရေးတာကို နှစ်ခါသုံးခါလောက်ပဲ မြင်ဖူးတယ်။ ဘာအတွက် ရေးတာလဲဆိုတော့ နိုင်ငံခြားရောက်နေတဲ့ သူ့သားအငယ်ဆုံးဖြစ်တဲ့ ကျနော့်ဦးလေးဆီကို သတိရကြောင်း ရေးပြီးလှမ်းပြောတာ။ စာကြောင်းရေ လေးငါးကြောင်းလောက်သာ ရှိတဲ့စာကို သူကရေးပြီး ကျနော့်ကို သူရေးတာမှန်မမှန် လာစစ်ခိုင်းတော့ ဘဝမှာ အဆိုးဆုံးလက်ရေးနဲ့ အမှားဆုံးသတ်ပုံကို မြင်ဖူး ဖတ်ဖူးခဲ့တာပဲ။ တကယ်တော့ အဘွားက သိပ်သနားဖို့ကောင်းတယ်။ သူမွေးထားတဲ့ သားသမီး ၇ ယောက်မှာ အငယ်ဆုံးဖြစ်တဲ့ သူ့သားအတွက် ကိုယ်တိုင်ရေးပြီး ပေးချင်လို့ ဒီစာ လေးငါးကြောင်းလောက်ကို အဘွားက နေ့တပိုင်းလောက် အချိန်ပေးပြီး ရေးခဲ့ရတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အဘွားရဲ့ ကြိုးစားမှုကိုမြင်ရသလို သူ ဘယ်လောက် စာတတ်ချင်ခဲ့မလဲ ဆိုတာကိုလည်း ကိုယ်ချင်းစာမိတယ်။
အဘွားတို့ငယ်ငယ်က ကျောင်းတခါသွားဖို့အရေး အဘွားရဲ့အဖေဖြစ်သူ လယ်ထဲဆင်းတဲ့အချိန်မှာ အိပ်ယာလိုက်ထ ချက်ရ ပြုတ်ရနဲ့ အိမ်အလုပ်တွေ အမြန်ပြီးအောင် ဝိုင်းလုပ်ပြီးတော့မှ ကျောင်းသွားရတာဖြစ်ပြီး မိဘကလည်း ရှိသမျှ သားသမီးတွေအကုန်လုံးကို ကျောင်းထားဖို့ မတတ်နိုင်တော့ လက်ဝါးလောက်ရှိတဲ့ ကျောက်သင်ပုန်းအကျိုးလေးနဲ့ လက်မလောက်ရှိတဲ့ ကျောက်တံလေးကိုသုံးပြီး ကျောင်းတက်ခဲ့ရတာ ဖြစ်တဲ့အကြောင်း အဘွားက ကျနော့်ကို ခဏခဏပြောဖူးတယ်။
ကျနော် ၁၀ တန်းအောင်တော့ အိမ်ကဝရန်တာမှာ ထကတာ သူပဲလေ။ ဘာကြောင့်လဲဆိုတော့ အဘွားမွေးတဲ့ သားသမီး ၇ ယောက်ထဲမှာ ၁၀ တန်းအောင် ခဲ့တာဆိုလို့ ကျနော့်ဘကြီး တယောက်ပဲရှိတယ်။ ကျန်တဲ့သားသမီးတွေက ပညာရေး ကံမကောင်းခဲ့ဘူး။ ဒါ့အပြင် သူ့မှာ မြေးတွေအများကြီး ရှိတဲ့အထဲကမှ ကျနော်က ပထမဆုံး ၁၀ တန်းကို နှစ်ချင်းပေါက် အောင်တာဆိုတော့ သူ တော်တော့်ကို ကျေနပ်မဆုံးဖြစ်ခဲ့တာ။ ဒါပေမယ့် အဘွားက ကျနော်တက္ကသိုလ် တက်တာကို မြင်မသွားရရှာပါဘူး။ ကျနော် ပထမနှစ်မတက်ခင်မှာဘဲ ကင်ဆာနဲ့ သူဆုံးခဲ့တယ်။
သူက ကျနော့်ကို တက္ကသိုလ်တက်တာ မြင်ချင်သလို ဘွဲ့ရတာကိုလည်း လိုချင်ခဲ့တာ။ ဒါပေမယ့် ကျနော်ကလည်း ပညာရေးကံခေတယ်ပဲ ပြောရမလားမသိဘူး၊ တက္ကသိုလ် ဒုတိယနှစ်နဲ့ထွက်ပြီး နိုင်ငံခြားရောက်လာခဲ့တယ်။ ပြောရမယ်ဆိုရင် အဘွားဖြစ်စေချင်တဲ့ ဘွဲ့ရပညာတတ်ကြီးလည်း မဖြစ်ခဲ့ပါဘူး။
အဘွားတို့ ကလေးဘ၀တုန်းက မိဘကလည်း လယ်သမားမျိုးရိုးဆိုတော့ မိန်းကလေးတွေကို ပညာရေးထက် အိမ်မှုကိစ္စနိုင်နင်းဖို့ကိုပဲ အဓိကထားပြီးသင်တယ်။အဘွားရဲ့ အကိုတွေ၊ မောင်တွေကတော့ ပညာတတ်တွေဖြစ်ခဲ့ပြီး အဲသည့်အချိန်အခါတုန်းက ရန်ကုန်တက္ကသိုလ်ထိပါ တက်ခဲ့ကြသေးတယ်။ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်တဲ့အချိန်မှာ သခင်စိုးတို့နဲ့အတူ ပဲခူးရိုးမထဲလိုက်သွားပြီး ကွန်မြူနစ်ပါတီဝင်တွေ ဖြစ်ကုန်တာ။
ဒီတော့ ခေတ်ကာလမကောင်းတဲ့အချိန် မိဘတွေလည်း မပြေလည်သေးတဲ့ကာလမှာ သူငယ်တန်းလေးတောင် ပြီးအောင်မတက်ခဲ့ရတဲ့ အဘွားက နောက် ဘဝ လူပြန်ဖြစ်ရင် စာကောင်းကောင်းသင်ရမယ့် မိဘဗိုက်ထဲ ဝင်စားပါရစေဆိုပြီး ဆုတောင်းဖူးတယ်။ အိမ်မှာ အလှူအတန်းလုပ်ရင် အမြဲပါတာက စာအုပ်နဲ့ ခဲတံပဲ။ သူ့ခမျာ နောက်ဘဝ လူပြန်ဖြစ်ရင်တောင် ပညာတတ်ကြီးဖြစ်ချင်တာ သိပ်သိသာတယ်။
အခုဆို အဘွားဆုံးတာ အနှစ် ၂၀ လောက်ရှိပြီ။ အခုနေ သူသာ လူပြန်ဖြစ်ရင် ဘယ်ဘ၀ရောက်နေမလဲ၊ ဘယ်လိုကျောင်းမှာ ပညာတွေသင်နေမလဲဆိုတာ သိချင်လိုက်တာ။
တနေ့က ဒီပဲယင်းမှာ ကလေးတွေစာသင်နေတုန်း ကျောင်းကို ဗုံးကြဲခံရတဲ့သတင်းကို ကြားတော့ အဘွားပြောဖူးတဲ့ စကားကို ပြန်သတိရမိတယ်။
“ငါ့မြေးတို့ခေတ်က သိပ်ကံကောင်းတာပဲ၊ ကျောင်းလည်း အေးအေးချမ်းချမ်း တက်ရတယ်၊ စာလည်း စိတ်ဖြောင့်ဖြောင့် သင်လို့ရတယ်” ဆိုတာပါ။
ခေတ်ပျက်ကြီးတခုနဲ့ ကြုံပြီး ပညာကို ကောင်းကောင်းမသင်ခဲ့ရတဲ့ အဘွားသာ အခုချိန်ထိ အသက်ရှိနေသေးရင် ဒီလိုမျိုး ကျောင်းတွေကို ဗုံးကြဲတဲ့ သတင်းတွေသာကြားရင် သူ ဘာပြောမလဲ။
အာဏာသိမ်းပြီးကတည်းက နိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ အခြေခံအချက်တွေအကုန်လုံး ပျက်စီးသွားတဲ့အခြေအနေမှာ အဆိုးဆုံးက ပညာရေးကဏ္ဍလည်း ထိပ်ဆုံးကပါတယ်။
CDM ကျောင်းသား၊ CDM ဆရာတွေများစွာနဲ့ လွတ်မြောက်နယ်မြေတွေမှာ တော်လှန်ရေးအသိုင်းအဝိုင်းကလူတွေ စုပြီး ကြားကာလပညာရေးကို ဖြစ်မြောက်အောင် လုပ်ခဲ့သလို NUG ကျောင်းတွေ ဖွင့်လှစ်ပြီး ကလေးတွေရဲ့ ပညာရေးကိုလည်း အဆက်မပြတ်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ကြတယ်။
ဒါပေမယ့် ဒီကလေးတွေရဲ့ ဘဝက ကံမကောင်းခဲ့ရှာဘူး။
Online Class တွေ လုပ်ပြန်တော့ မီးမမှန်၊ ဒေတာစျေးကြီးနဲ့ ကလေးတွေက စာကို ဖြောင့်အောင်မသင်ရသလို စစ်ကောင်စီရဲ့ ဖျက်လိုဖျက်စီးလုပ်ပြီး ဖမ်းဆီးမှုနဲ့ ဒလန်သတင်းပေးတွေကြောင့် အမျိုးမျိုး ဒုက္ခတွေ ကြုံရပြန်တယ်။ မြေပြင်မှာ ကျောင်းတွေဖွင့်ပြန်တော့ စစ်ရေးပစ်မှတ်လုပ်တာ ခံရပြီး ဗုံးကြဲတာလည်း ခံရပြန်တယ်။
တော်လှန်ရေးခရီးက ဘယ်လောက်ကြာဦးမယ်ဆိုတာ ကျနော်မသိဘူး။ ဒါပေမယ့် လက်ရှိမှာတော့ ကျနော်တို့နိုင်ငံရဲ့ ပညာရေးက ဒေသတွင်းနိုင်ငံတွေနဲ့ ယှဥ်ရင် နောက်ကျကျန်ခဲ့ပြီ။ ဒီလိုပဲ တနိုင်ငံတည်းနေပြီး မြို့ပေါ်က ကလေးနဲ့ တိုက်ပွဲဖြစ်ပွားရာဒေသက ကလေးတွေ ယှဥ်လိုက်ပြန်ရင်လည်း စစ်မက်ဖြစ် ပွားရာဒေသက ကလေးတွေရဲ့ ပညာရေးကလည်း နောက်ကျကျန်ခဲ့ပြန်ပြီ။
ကျနော်တို့ တော်လှန်ရေးကို အချိန်အကြာကြီး ဆွဲလို့မရဘူးဆိုတဲ့ အကြောင်းပြချက်တွေအထဲမှာ အရေးကြီးတာတခုကလည်း ဒီကလေးတွေရဲ့ပညာရေးကဏ္ဍလည်းပါတယ်။
တော်လှန်ရေးအောင်ပြီးရင်တောင် ပညာရေးကဏ္ဍမှာ လစ်ဟာသွားတဲ့အပေါက်တွေကို ပြန်ဖာထေးရဖို့ ကျနော်တို့ အတော်လုပ်ယူဖို့လိုတယ်။ တိုင်းပြည် ကို အသစ်ကစချင်တာ ဟုတ်တယ်၊ နိုင်ငံကို အသစ်ကပြန်စဖို့ လုပ်တာလည်း မှန်တယ်၊ သို့သော် ပြာပုံဘဝက ထိုးထွက်ချင်တယ်ဆိုရင်တောင် ကျနော်တို့မှာ ပညာတတ်တွေ ဖြစ်နေဖို့ကလည်း လိုသေးတယ်။
အခုတော့ ဂျာအေး သူ့အမေရိုက်သလို စစ်တပ်က ကျောင်းတွေကို ဗုံးကြဲတယ်၊ ဘာလို့ ဗုံးကြဲလဲဆိုတော့ PDF တွေ လက်နက်တွေ သိုလှောင်ထားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗုံးကြဲတယ်။ ဒါဆို PDF တွေကရော ကျောင်းတွေထဲမှာ လက်နက်တွေ မလုပ်ခဲ့ဘူးလားဆိုတော့ တခြားဒေသတွေမှာ လုပ်ခဲ့တာတွေရှိတယ်။
ဒါပေမယ့် ဒီလိုပြောကြကြေးဆိုရင်လည်း မင်းတို့စစ်တပ်ကရော ကျောင်းဝန်းတွေထဲဝင်ပြီး တပ်မစွဲဘူးလားဆိုတော့ ဒီကောင်တွေလည်း ရရင်ရသလို ကျောင်းဝန်းထဲဝင်ပြီး ဘန်ကာတွေဆောက်ခဲ့ကြတာ အားလုံးမျက်မြင်ပဲ။
ဒီတော့ ဒီစာကို အဆုံးသတ်ရရင် ခင်ဗျားတို့ ကြိုက်သလိုချကြ၊ သို့သော် ကလေးတွေရဲ့ စာသင်ကျောင်းတွေကို စစ်တပ်က ဗုံးကြဲတာမျိုး မလုပ်ဖို့လိုသလို တဘက်ကလည်း စာသင်ကျောင်းတွေထဲမှာ လက်နက်ပစ္စည်းတွေ ထုတ်လုပ်တာမျိုးမလုပ်ဘဲ စာသင်ကျောင်းကို စာသင်ကျောင်းအတိုင်း ထားပေးကြဖို့ပဲ တောင်းဆိုချင်တယ်။
စာသင်ကျောင်းတွေဟာ စစ်ရေးပစ်မှတ်မဟုတ်သလို စာသင်ကျောင်းတွေဟာ စစ်စခန်းတွေလည်း မဟုတ်ကြပါဘူး။
ကိုယ်တိုင်လည်း စစ်တပ်ကိုဆန့်ကျင်ပြီး အာဏာရှင်ကို ပုန်ကန်တဲ့သူပီပီ ယောကျ်ားချင်း ဒဲ့ချလို့ သေတာကို ထွေထူးပြောစရာ မရှိဘူး။ ဒါပေမယ့် မနိုင် နိုင်ရာ လုပ်မယ်ဆိုပြီး ကလေးတွေကို ပစ်မှတ်ထားပြီး လုပ်ဆောင်တာမျိုးကိုတော့ လုံးဝ ရှုံ့ချတယ်။ ဒါဟာ သူရဲဘောကြောင်တာ၊ လူစိတ်မရှိတာ၊ ဒီ့ထက်နာအောင်ပြောရရင် ယောကျ်ားမပီသတာဘဲလို့ ပြောချင်တယ်။
ဒါ့အပြင် ကလေးတွေကို သတ်ခဲ့တဲ့ကောင်တွေနဲ့အတူ ဖော်လံဖားလုပ်ကြံပြီး စစ်အုပ်စုအလိုကျ ပြောနေကြတဲ့ ဘောမတွေကိုလည်း ပြောချင်တာ၊ မင်းတို့လည်း လိပ်ပြာတင်မက နောက်ကျောလည်း လုံပါစေ ဆိုတာပါပဲ။
About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*