Simon
တနေ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင် လက်ရှိ ရှမ်းမြောက်အရေးနဲ့ ပတ်သက်ပြီး ထွက်ရှင်းပြတဲ့ ရုပ်သံကို ကြည့်ပြီးတဲ့နောက် ခေါင်းထဲမှာ ရုတ်တရက် သတိရသွားတာက ဟစ်တလာရဲ့လက်ရုံး ဝါဒဖြန့်ချိရေးသမား ဂိုလ်ဘဲကိုပဲ။
ဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာရဲ့လက်အောက်မှာ ဂိုလ်ဘဲက အခု ဗိုလ်ချုပ်ဇော်မင်းထွန်းလို သတင်းမှန် ပြန် ကြားရေးနဲ့ ဝါဒဖြန့်ချိရေးအပိုင်းမှာ ဦးဆောင်ခဲ့ရတယ်။
သူက အောင်မြင်ကြော်ကြားတဲ့ “နာဇီဝါဒဖြန့်ချိရေးသမား” တဦးဖြစ်တဲ့အတွက် ရေဒီယိုအသံလွှင့်ဌာနကို အလွဲသုံးစားလုပ်ပြီး သူတို့ လုပ်ကြံထားတဲ့ ကောင်းသတင်းတွေနဲ့ လူမျိုးစုအချင်းချင်း သွေးကွဲစေရေး ဝါဒတွေကို အစဉ်တစိုက်ထုတ်လွှင့်ပြီး အာဏာရှင်စနစ် အဓွန့်ရှည်ရေးနဲ့ ဟစ်တလာ အာဏာတည်မြဲရေးကိုပဲ တစိုက်မတ်မတ် လုပ်ခဲ့တယ်။
ဒါ့အပြင် စာပေ၊ ဂီတ၊ ရုပ်ရှင် စတာတွေကိုလည်း ထိန်းချုပ်ပြီး ဆင်ဆာဖြတ်တာတွေကအစ သူကိုယ်တိုင် ကြီးကြပ် ထားတဲ့အပြင် အနုပညာကဏ္ဍအသီးသီးမှာလည်း နာဇီနဲ့ပတ်သက်တာ၊ အဓိပတိကြီး ဟစ်တလာနဲ့ ပတ်သက်တဲ့ ကောင်းသတင်းတွေကိုပဲ တင်ဆက်ပြီး ပြည်သူတွေရဲ့အမြင်မှာ ဟစ်တလာကို ဂျာမနီရဲ့ ကယ်တင်ရှင်ကြီး၊ နတ်ဘုရားကြီးတပါးလို ထင်မြင်အောင် မီဒီယာအမျိုးမျိုးကနေတဆင့် ပြည်သူလူထုရဲ့ စိတ်ဓာတ်တွေကို အမှောင်ဖုံးပြီး အလင်းပျောက်ကွယ်သွားဖို့ ဥာဏ်နီ၊ ဥာဏ်နက် ရှိတဲ့အတိုင်းကို ကြိုးပမ်းခဲ့တယ်။
ဂိုလ်ဘဲရဲ့ ဝါဒဖြန့်ချိမှုက ဘယ်လောက်တောင် အောင်မြင်ခဲ့လဲဆိုရင် ကျောင်းသားလူငယ်တွေကိုယ်တိုင် တက်တက် ကြွကြွနဲ့ ရှေ့တန်းသွားဖို့အထိ နာမည်စာရင်းတွေ ပေးလာကြသလို ပိုလန်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ စစ်စခန်းတချို့ဆို စစ်တောင်မတိုက်ရဘဲ ဂျာမန်တပ်တော်ကြီး ချီတက်လာပြီဆိုတာနဲ့ တန်းပြီး လက်နက်ချခဲ့ရတဲ့အထိပဲ။
ဒါ့အပြင် နာဇီကို ဆန့်ကျင်မယ့်၊ နာဇီနဲ့ အတွေးအခေါ်မတူတဲ့ အမည်ပျက်စာရင်း သွင်းခံထားရတဲ့ စာရေးဆရာတွေရဲ့ စာအုပ်မှန်သမျှကို ပြည်သူတွေကိုယ်တိုင်က လိုလိုချင်ချင်နဲ့ မီးထိုင်ရှို့ခဲ့ကြတဲ့အထိ ဝါဒမှိုင်းတွေမိခဲ့သလို မီးရှို့တဲ့အထဲမှာ Albert Einstein နဲ့ Helen Keller တို့ရဲ့ စာအုပ်တွေတောင် ပါခဲ့သေးတယ်။
ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီး စတင်ချိန်မှာလည်း ရေဒီယိုအစီအစဉ်အသစ်တွေ ထပ်လုပ်ပြီး အရေးပေါ်သတင်းများ အစီအစဉ်နဲ့ တပတ်အတွင်း သတင်းစုစည်းချက်များကို ထပ်မံ တိုးချဲ့ခဲ့တဲ့အပြင် ဘာလင်မြို့ အားကစားကွင်းကြီးထဲမှာ သူကိုယ်တိုင်ထွက်ပြီး မိန့်ခွန်းပြောကြားတာတွေပါ လုပ်ခဲ့တယ်။
သူ့ရဲ့ တာဝန်တွေတွေထဲမှာ အရေးအကြီးဆုံးက ဂျာမန်ပြည်သူတွေရဲ့စိတ်ဓာတ် တက်ကြွလာဖို့နဲ့ လူငယ်စစ်သားအသစ်တွေ ရှေ့တန်းမှာ တိုက်ခိုက်လိုစိတ်ရှိအောင် လုပ်ဖို့ပဲဖြစ်တယ်။ ဒါကြောင့်လည်း ဘာလင်မြို့ပေါ်ကို မဟာမိတ် တွေက ဗုံးလာကြဲနေတာတောင် မြို့ပေါ်က ခံစစ်ကတုတ်ကျင်းတွေထဲမှာ ၁၂ နှစ်၊ ၁၃ နှစ်အရွယ် ဆယ်ကျော်သက် ကလေးတွေကိုယ်တိုင်က လေယာဥ်ပစ်လက်နက်တွေနဲ့ မဟာမိတ်လေယာဥ်တွေကို တက်ပြီး ဆော်နေကြတဲ့အထိပဲ။
သို့သော် သူဘယ်လိုပဲ ဝါဒဖြန့်ခဲ့ပေမယ့် တကယ်တမ်း မြေပြင်အခြေအနေကို သူလည်း ဘယ်လိုမှ လိမ်ညာထားလို့ မရခဲ့ဘူး။ ဂျာမန်တွေရဲ့ စစ်ရှုံးမှုကို ဂျာမန်ပြည်သူတွေကိုယ်တိုင် မြင်တွေ့လာပြီးတဲ့နောက် ဂိုလ်ဘဲလည်း သူ့ရဲ့ခေါင်းဆောင် ဟစ်တလာနည်းတူ မြေအောက်ဘန်ကာထဲမှာ သတ်သေသွားခဲ့ရတယ်။
ပြောချင်တာကတော့ လက်ရှိစစ်ကောင်စီရဲ့ အနေအထား၊ မင်းအောင်လှိုင်ရဲ့ အခြေအနေက တဖြည်းဖြည်းနဲ့ ဟစ်တလာရဲ့ နောက်ဆုံးနေ့ရက်များထဲကလို ဖြစ်လာတာတော့ အမှန်ပဲ။
ဟစ်တလာလည်း သူ စစ်ဘယ်လောက် ရှုံးရှုံး ပျော်ပွဲ၊ ရွှင်ပွဲတွေကို အမြဲမပြတ်လုပ်ပြီး သူ့ပတ်ဝန်းကျင်က ဘောမအသိုင်းအဝိုင်းကို ထိန်းထားနိုင်ခဲ့သလို မင်းအောင်လှိုင်လည်း ဒီအတိုင်းကို လုပ်နေတယ်။ ဒါပေမယ့် ဒီနေရာမှာ မတူတာတခုက ဟစ်တလာ တန်ခိုးထွားစဥ်အချိန်နဲ့ ဟစ်တလာ ကျဆုံးတဲ့အချိန်ထိ သူ့ဘေးမှာရှိခဲ့သူတွေက တကယ့် ပညာတတ် ဒိတ်ဒိတ်ကြဲတွေ အများကြီး။ မင်းအောင်လှိုင်ကတော့ ဇော်မင်းထွန်းလို အနုတ်စုတ်၊ ဂုတ်စုတ် ပုဂ္ဂိုလ် တွေကိုပဲ ပွဲထုတ်နေရတယ်။
လက်ရှိ မင်းအောင်လှိုင်ရဲ့ဘေးမှာ တကယ်တော်တဲ့သူတွေ၊ သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ကျွမ်းကျင်တတ်မြောက် သူတွေ မရှိတာကို မြင်ရတယ်။ အထူးသဖြင့် စစ်ရေးမှာဆိုရင်လည်း တကယ် တိုက်ရည်၊ ခိုက်ရည်ရှိတဲ့သူတွေ မရှိသလို၊ ဝါဒဖြန့်ချိရေးအပိုင်းမှာလည်း ဇော်မင်းထွန်းအပါအ၀င် ကျော်စိုးဦး၊ သဇင်ဦး၊ ဟန်ငြိမ်းဦးတို့လို သတင်းနဲ့ အတင်းတောင် မခွဲတတ်တဲ့ ပေါက်ပန်းလေးဆယ်ကောင်တွေနဲ့ စခန်းသွားပြီး ပြည်သူကို ဂျင်းထည့်နေတာကိုလည်း မြင်နေရတယ်။
ဒီလိုလူတွေကို ပွဲထုတ်ပြီး ဝါဒဖြန့်ချိနေတာကို မြင်ရတော့ ကျနော်တွေးမိတာတခုက နေ၀င်း၊ သန်းရွှေတို့ခေတ်နဲ့ ယှဥ်လိုက်ရင် လက်ရှိ မင်းအောင်လှိုင်ဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးကိုမပြောနဲ့ လိမ်လည်လှည့်ဖျားခြင်းဆိုတဲ့ ဝါဒဖြန့်ချိတဲ့ နေရာမှာတောင် ခေတ်အဆက်ဆက်မှာ သူ့လောက်ညံ့တာကို မမြင်ဖူးဘူးဆိုတာပဲ။
ဆရာကြည်ဇော်အေးရဲ့စကားကို ယူသုံးရရင် မုသာဝါဒက နူးအောင်ချက်ရင် ဆေးဖက်ဝင်တယ် ဆိုတဲ့အတိုင်း စစ်ကောင်စီဟာ သူ့ဘက်က ဘောမတွေကို ယုံအောင် မုသာဝါဒတွေ တွင်တွင်သုံးနေပေမယ့် လိမ်တာတောင် စောက်ဖြစ်မရှိတာကြောင့် သူတို့ရဲ့ မုသာဝါဒက ဆေးဖက်မဝင်ဘဲ ကိုယ်ရှူးကိုယ်ပတ်ပြီး ဘောမတွေကိုယ်တိုင် အဆိပ်တက်လာတာကို မြင်နေရတယ်။
ဥပမာပေးရရင် ကွမ်လုံတုံးက ခဏ “ဟ” ပေးထားတုန်း မြောက်ပိုင်းသုံးဖွဲ့က ဓာတ်ပုံ ဝင်ရိုက်သွားတာ၊ လောက်ကိုင် တုံးကလည်း ဒကစရှေ့ အလံမတင်မချင်း စစ်တပ်က သူတို့နိုင်နေတယ်ဆိုပြီး ပြောခဲ့တာ၊ အခုနောက်ဆုံး လားရှိုးကိုလည်း MNDAA တွေက အရပ်ဝတ်တွေနဲ့ ခိုးဝင်လာပြီး ဘယ်သူမှမရှိတဲ့ နေရာရောက်မှ ယူနီဖောင်းလဲပြီး ဓာတ်ပုံခိုးရိုက်သွားတာ စတဲ့ ယုတ္တိမရှိတဲ့ လိမ်ညာမှုတွေနဲ့ ဝါဒဖြန့်ချိရင်း သူတို့ရဲ့ စိုးမိုးနယ်မြေဆိုတာ နေပြည်တော်နဲ့ အနီးတဝိုက်ပဲ ရှိတော့တယ်ဆိုတာကို ကျနော်တို့ ခင်ဗျားတို့ အားလုံး မျက်မြင်ပဲမဟုတ်လား။
Be the first to comment