
“လူမပီသတဲ့ဘက်မှာ ဘယ်သူက စစ်မှုထမ်းချင်မှာလဲ”

တနေ့က ရန်ကုန်က ကျနော့် အကိုလိုခင်တဲ့ သူငယ်ချင်းတယောက်နဲ့ လိုင်းပေါ်ကနေ စကားပြောဖြစ်တယ်။
သူနဲ့ပြောဖြစ်တာက သူ့သားအငယ်ဆုံးကို ဘန်ကောက်ပို့ချင်လို့ လမ်းကြောင်းလှမ်းမေးတာပါ။ ခက်တာက ကျနော်လည်း ပွဲစားမဟုတ်တော့ မပြောတတ် ဘူး။ သူ့သားအသက်ကလည်း အခုဆို ၁၈ နှစ်ထဲမှာဆိုတော့ စစ်မှုထမ်းနဲ့ ငြိနေပြီ။
အပေါ်လမ်းကနေ ထွက်လာဖို့ကလည်း မလွယ်ဘူး၊ ငွေတော်တော်ကုန်မှာ။ အောက်လမ်းကလာဖို့ ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်။ ခုလက်ရှိ နယ်စပ်မှာ ထိုင်းဘက်က အရမ်းကိုတင်းကြပ်ပြီး လုံခြုံရေး အပြည့်ချထားတာဆိုတော့ အောက်လမ်းကလည်း ထင်သလောက်မလွယ်ဘူး။ နောက်ပြီး လက်ရှိ အောက် လမ်းကနေ ထိုင်းကိုလာဖို့ကို သိန်း ၅၀ လောက်ကုန်မှာဆိုတော့ သူလည်း အတော်စိတ်ညစ်သွားတယ်။
နောက်ဆုံးတော့ နှုတ်ဆက်ပြီး သူလည်း လိုင်းပေါ်က ဆင်းသွားတယ်။ မဆင်းခင် …
“ငါလည်းကွာ ဒီကောင့်ကို နိုင်ငံခြားပို့နိုင်မှပဲ၊ နို့မို့ဆို အိမ်မှာထားရတာလည်း မျက်စိရှေ့က ဒီကောင်ပျောက်သွားတာနဲ့ လူက ရင်တွေပူနေပြီ” ဆိုပြီး ပြောသွားတယ်။
ဒါကိုမြင်တော့ မိဘတွေရဲ့ ရင်ထဲကအပူကို တွေးမိတယ်။
လက်ရှိ ကျနော်တို့နိုင်ငံရဲ့ ကျောမွဲလူတန်းစား (သို့မဟုတ်) အခြေခံလူတန်းစားတွေမှာ ကြုံနေရတဲ့ ပြဿနာက အရင်ကလို ကိုယ့်သားသမီးကို ဘာကြီးဖြစ် ပါစေ၊ ညာကြီးဖြစ်ပါစေဆိုပြီး မျှော်လင့်နေတာထက် ဒီကောင့်ကို စစ်မှုထမ်းကနေ ဘယ်လို လွတ်အောင် လုပ်ပေးရမလဲ ဆိုတဲ့ကိစ္စက အတော်လေး အရေးကြီးနေတယ်။ အထူးသဖြင့် ၃၅ နှစ်မကျော်တဲ့ သားယောကျ်ားလေး မွေးထားတဲ့ မိဘတိုင်းမှာ ဒီလိုခံစားချက်တွေ ရှိနေတာကို မြင်နေရတယ်။
သူတို့ဘက်က ကြည့်တော့လည်း မမှားဘူး။ ကိုယ့်အသက်နဲ့ရင်းပြီး ကြီးပြင်းအောင် မွေးဖွားလာတဲ့ ကိုယ့်သားသမီးကို ဘာကြောင့် ဒီကောင်တွေရဲ့ လက်ထဲမှာ ဘယ်သူက ခွေးသေ၊ ဝက်သေ ပေးသေချင်မှာလဲ။
လက်ရှိ ပြည်တွင်းမှာလည်း စစ်မှုထမ်းဥပဒေက အပတ်စဥ် ၁၀ ထိ ရောက်ခဲ့ပြီ။ အပတ်စဥ် ၁ ခုကို လူ ၅,၀၀၀ ဆိုရင် အပတ်စဥ် ၁၀ ခုမှာ လူ ၅၀,၀၀၀ တိတိ စစ်မှုထမ်းထဲ ပါသွားခဲ့ပြီ။ ဒီထဲက ဘယ်နှယောက် ရှေ့တန်းမှာ သေခဲ့ပြီလဲ၊ ဘယ်သူမှ မသိဘူး။ စစ်တပ်ဟာ ရှေ့တန်းရောက်သွားတဲ့ စစ်သားသစ် တွေကို မပြောနဲ့၊ စစ်မှုထမ်းတာ ကြာမြင့်ပြီဖြစ်တဲ့ သူတို့ရဲ့ စစ်သား အရင့်အမာကြီးတွေကိုတောင် ရက်ရက်စက်စက် ပစ်ထားခဲ့ကြတာ။ လူသစ်တွေဆိုရင် စဥ်းစားသာကြည့်။
ပြီးခဲ့တဲ့တပတ်က မိုးဗြဲမှာ ကျသွားခဲ့တဲ့ စစ်သားတယောက်ရဲ့ အိတ်ထဲကနေ စာရွက်လေးတရွက် ထွက်လာတယ်။ ဘာစာရွက်လဲဆိုတော့ စစ်မှုထမ်းဖို့ဆင့်ခေါ်တုန်းက ရတဲ့စာ။ ဒီစာကို သေသွားတဲ့သူရဲ့ အင်္ကျီအိတ်ထဲကနေ ရလာတာဆိုတော့ ပြောရမယ်ဆိုရင် ခုသေသွားတဲ့သူဟာ စစ်မှုထမ်းအမိန့်နဲ့ ရှေ့တန်းရောက်လာတဲ့သူပေါ့။
ဒီလို သူ့ရဲ့စာရွက်လေး လိုင်းပေါ်မှာ ပြန့်သွားပြီးတဲ့နောက် သိရတာက သူ့မှာ မိန်းမနဲ့ ကလေး ကျန်ရစ်ခဲ့တယ် ဆိုတာပဲ။ ပြီးခဲ့ရက်တွေကပဲ ချင်းပြည်မှာ အလင်းဝင်လာကြတဲ့ စစ်သားတွေ ဆယ်ဂဏန်းနဲ့ ချီပြီးရှိတယ်။ သူတို့ဆိုရင်လည်း စစ်မှုထမ်းဥပဒေနဲ့ ရှေ့တန်းကို ရောက်လာတာဖြစ်ပြီး ဇာတိက မန္တလေးကဖြစ်တယ်။
စစ်တပ်ဟာ စစ်မှုထမ်းဥပဒေနဲ့ ပြည်သူတွေကို ဆင့်ခေါ်တုန်းက ဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင် ပြောထားတဲ့စကား ရှိခဲ့တယ်။ စစ်မှုထမ်းဥပဒေနဲ့ ပါလာတဲ့လူတိုင်းကို သင်တန်းပြီးရင် ရှေ့တန်းမပို့ဘူး ဆိုတာပါ။ ခုတော့ မန္တလေးသားက ချင်းတောင်ပေါ် ရောက်လာရပြီ။ ဒါတောင် လက်နက်ချလို့ အသက်ရှင် ရတာ။ ဒဏ်ရာရနေတဲ့ သူတို့တပ်ဖွဲ့ကို လာကယ်ဖို့ ရဟတ်ယာဥ် အကူညီတောင်းတော့ အထက်အရာရှိပြောတာက “မင်းတို့သေတာ အရေးမကြီးဘူး ငါ့ရဟတ်ယာဥ်တော့ ပျက်ကျလို့မရဘူးကွ၊ ရဟတ်ယာဥ်က ပိုစျေးကြီးတယ်” တဲ့။
ဒီသတင်းကိုကြားတော့ သတိရမိတာတခုက တချိန်က ဂျပန်မှာထင်တယ်၊ မိလ္တာတွင်းထဲ ပြုတ်ကျတဲ့သူကို လာကယ်တာ ကယ်ဆယ်ရေးအတွက် ကားတွေ၊ သူနာပြုတွေပါ ပါလာတဲ့အပြင် ရဟတ်ယာဥ်နဲ့ပါ လာစောင့်နေတာ။ ဒါတောင် သာမန်လူတယောက်ရဲ့ အသက်ကို လာကယ်တာနော်၊ စစ်သားကို လာကယ်တာ မဟုတ်ဘူး။
ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ အမေရိကန်နိုင်ငံက စစ်အတွင်းမှာ သေဆုံးသွားခဲ့တဲ့ သူတို့စစ်သည်တွေရဲ့ ရုပ်အလောင်းတွေကို ဘယ်နေရာကပဲ ပြန်ပြီးတွေ့ခဲ့ တွေ့ခဲ့ အဲသည့်နိုင်ငံကနေ ရအောင်ပြန်သယ်လာပြီး အမေရိကားမှာ စစ်အခမ်းအနားနဲ့ ပြန်ပြီး သင်္ဂြိုလ်ပေးတယ်။ အခုချိန်ထိလည်း နိုင်ငံရဲ့ပြင်ပမှာ ကျဆုံး၊ ပျောက်ဆုံးသွားတဲ့ စစ်သည်တွေကို တွေ့ရင်တွေ့သလို သေသေချာချာလေး သင်္ဂြိုလ်ပြီး နာရေးအခမ်းအနားကို ဂုဏ်ယူစွာနဲ့ သိက္ခာရှိရှိ ကျင်းပပေးကြတယ်။
PDF ထဲမှာဆိုရင်လည်း ကျနော့်သူငယ်ချင်းတချို့ ကျတယ်။ ဒါကို တခြားရဲဘော်တွေက ကျသွားတဲ့သူငယ်ချင်းရဲ့ ဘော်ဒီကို ရအောင် ပြန်ပြီးကောက်လာကြတယ်။ မခမ်းနားပေမယ့် ဂုဏ်ယူစရာကောင်းအောင် သင်္ဂြိုလ်ပေးတယ်။ ဒါပေမယ့် နှစ်ပေါင်း ဆယ်နဲ့ချီပြီး ကြာမြင့်လာခဲ့တဲ့ နိုင်ငံတော်အဆင့် စစ်တပ် ကြီးမှာတော့ ဒါမျိုးလုပ်ဖို့ မပြောနဲ့၊ သေတာတောင် မိသားစုဆီ အကြောင်းမကြားဘဲ လစာကို ခိုးထုတ်ကြတဲ့အထိ ယုတ်မာခဲ့ကြတယ်။
ပြောချင်တာက စစ်တိုက်ရတာချင်းအတူတူ၊ အသက်ပေးရတာချင်း အတူတူ လူတိုင်းက စစ်တပ်ဆီမှာ ဘာကြောင့် စစ်မှုမထမ်းချင်ဘဲ ရှောင်တိမ်းဖို့၊ ကင်းလွတ်ဖို့ ကြိုးစားချင်ရတာလဲဆိုရင် အဖြေက ရှင်းပါတယ်။
“လူပီသတဲ့အဖွဲ့အစည်း မဟုတ်တဲ့အတွက် အသက်ပေးရဖို့အထိ မတန်ဘူးဆိုတာကို သိလာကြလို့ …”
Be the first to comment