
“လူမသေခင် နာမည်သေသူနှင့် လူသေပြီး နာမည်မသေသူ”Simon
ဆိုင်မွန်ရေ ဘဘဦးတင်ဦး ဆုံးသွားပြီကွ!
မနက်စောစောစီးစီး သူငယ်ချင်းပို့လိုက်တဲ့ စာကိုမြင်ပြီး ကျနော့်စိတ်မှာ တွေးစရာတွေ အများကြီးဖြစ်လာတယ်။
အားလုံးသိတဲ့အတိုင်း ဘဘဦးတင်ဦးဆိုတာ NLD ပါတီရဲ့ နာယကကြီးဖြစ်တဲ့အပြင် အမေစု ယုံကြည်အားထားရတဲ့ ပုဂ္ဂိုလ်ကြီး။ စစ်သားဘ၀ကနေ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့လှုပ်ရှားတွေမှာ ကိုယ်တိုင် ဦးဆောင်ပါ၀င်လာပြီး ၈၈ မှာ အမေစုရဲ့ NLD ပါတီနဲ့အတူ ပြည်သူ့ဘက်ကနေ ရပ်တည်ပေးခဲ့တဲ့ ရှားရှားပါးပါး စစ်ဗိုလ်ချုပ်ဟောင်း တယောက်ဆိုလည်း မမှားဘူး။
နိုင်ငံရေးသြဇာကြီးမားသလို ပြည်သူ့အပေါ်မှာရော ပါတီအပေါ်မှာပါ သစ္စာစောင့်သိခဲ့တဲ့ ပုဂ္ဂိုလ်ကြီး။ သို့သော် ဘယ်လောက်ပဲ သြဇာတိက္ကမ ကြီးတဲ့သူဖြစ်ဖြစ် ဖြစ်ပျက်သဘောတရားကို မလွန်ဆန်နိုင်တဲ့အတွက် နောက်ဆုံးမှာ မရဏာလမ်းကို မြန်းရတာပါပဲ။
ဘဘဆုံးတော့ အသက်က ၉၈ နှစ်တောင်ရှိခဲ့ပြီ။
လူ့သက်တမ်းအရ အသက်အရှည်ကြီး နေသွားတယ်ဆိုပေမယ့် ဘဘ ဆုံးတာကို နှမျောတသဖြစ်ကြတဲ့ လူတွေက အများကြီးရှိနေပြန်တယ်။ အိုမင်းမစွမ်းဖြစ်နေတဲ့ ဘဘဦးတင်ဦးကို ဒီတိုင်း သက်ရှိထင်ရှား ရှိနေစေချင်ကြတဲ့ လူတွေကလည်း ဒုနဲ့ဒေး။ ဘာကြောင့်လဲဆိုတော့ “တပ်မတော်ကိုချစ်တယ် ဒါပေမယ့် တပ်မတော်ထက် ပြည်သူကို ပိုချစ်တယ်” ဆိုပြီး ဘဘပြောခဲ့တဲ့ စကားကြောင့် ပြည်သူကလည်း ဘဘကို ပိုပြီးချစ်ခင်ကြတယ်၊ အသက်ရှည်ရှည် နေတာကိုလည်း မြင်ချင်ကြပြန်တယ်။
ဒီနေရာမှာ ဘဘလိုပဲ အသက် ၉၀ တန်းထိ နေသွားပြီးမှ ဘဘနဲ့ မရှေးမနှောင်း ဆုံးပါးသွားတဲ့သူလည်း ရှိတယ်။ သူကတော့ ၈၈ အရေးတော်ပုံကြီးဖြစ်တဲ့အချိန် ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်တွေအပေါ် ရက်ရက်စက်စက်နဲ့ အာဏာရှင်အလိုကျ သတ်ဖြတ်ခဲ့တဲ့ “ကျော်ဘ”။
“နတ်ပြည်မှာ မာဃ၊ လူ့ပြည်မှာ ကျော်ဘ” ဆိုတဲ့စကားနဲ့ သူတန်ခိုးထွားစဥ်ကာလမှာ ခုလိုကြုံးဝါးသံနဲ့အတူ ပြည်သူအပေါ် ဖိနှိပ်ဆက်ဆံခဲ့တဲ့ အာဏာရှင် လက်ကိုင်တုတ် စစ်သားကြီးလည်းဖြစ်တယ်။
သူဆုံးပြီဆိုတဲ့အချိန်မှာ ပြည်သူလူထုရဲ့ ကျိန်စာတိုက်သံတွေနဲ့ ဖရုဿဝါစာ ဆဲဆိုသံတွေဟာ လိုင်းပေါ်မှာ ပလူပျံနေသလို သူ့ရဲ့ မိသားစု၀င်တွေကိုယ်တိုင် တောင် ခေါင်းမဖော်ရဲကြဘူး။ သေတော့လည်း တိတ်တဆိတ်သေရပြီး အသုဘချတော့လည်း အကျဥ်းချုံးပြီး တိတ်တဆိတ် ချရပြန်တယ်။
လူနှစ်ယောက်သေတာချင်း အတူတူ၊ စစ်သားဘ၀ကလာကြတာချင်း အတူတူ ပြည်သူကို မျက်နှာမူတဲ့သူနဲ့ ပြည်သူကို ကျောပေးခဲ့တဲ့သူရဲ့ အဆုံးသတ်ကွာခြားမှုက အတော်ကြီးတယ်ဆိုတာကို မြင်လိုက်ရတယ်။
“ကျော်ဘ” မှ မဟုတ်ပါဘူး ကျော်ဘထက် စီနီယာကျတဲ့ အာဏာရှင်ဟောင်း “နေဝင်း” တယောက် သေတော့ရော သူ့ရဲ့စျာပနကို ဘယ်လိုအဆုံးသတ်ခဲ့ရလဲ။ တနိုင်ငံလုံးကို သြဇာညောင်းပြီး လူတိုင်းဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီး သေတဲ့အခါ မိသားစုကွက်ကွက်လေးနဲ့ တိတ်တဆိတ်သင်္ဂြိုလ် ပြီး ဘ၀ရဲ့ နောက်ဆုံးထွက်သက်ကို ခိုးကြောင်ခိုးဝှက်နဲ့ ထွက်သွားရပြန်တယ်။
“နေဝင်း၊ ကျော်ဘ” တို့နဲ့ အလားတူ လာဦးမယ့် =သူတွေရှိတယ်။
“သန်းရွှေ၊ ခင်ညွန့်” အစရှိတဲ့ အာဏာရှင်ဟောင်းကြီးတွေရဲ့ နေဝင်ချိန်ဟာ မကြာခင် ရောက်လာကြတော့မယ်။
လူတိုင်း မွေးဖွားပြီး သေဆုံးတာချင်းတူပေမယ့် တချို့က လူမသေခင် နာမည်သေပြီး တချို့က လူသေသွားတာတောင် နာမည်က မသေဘဲ ကျန်ခဲ့တဲ့ လူတွေရှိတယ်။
ကျနော်တို့အားလုံး တနေ့သေကြရမှာပါ။
ဒါပေမယ့် မသေခင် လူတိုင်းရဲ့ပါးစပ်ဖျားမှာ ကိုယ့်နာမည်နဲ့ ဂုဏ်သတင်းက ဘယ်လိုပုံစံနဲ့ ကျန်ခဲ့စေချင်လဲ ဆိုတာကတော့ ကိုယ်တိုင်ရဲ့ ရွေးချယ်မှုကပဲ စကားပြောသွားမှာဖြစ်တယ်။
ဒီနေရာမှာ သေပြီးတဲ့သူကို ပြောချင်တာပြောပေါ့ကွာ၊ သေတဲ့သူက ကြားမှာမှ မဟုတ်တာဆိုပေမယ့် သေသူရဲ့ မိသားစုမှာ နားတွေ၊ မျက်စေ့တွေ ရှိနေတဲ့အတွက် ထိုပုဂ္ဂိုလ်တွေရဲ့ ကောင်ခြင်း၊ ဆိုးခြင်း ဆိုတဲ့အရာတွေကို ကျန်ရစ်သူမိသားစုက တိုက်ရိုက်ခံစားရမှာ အသေအချာပါပဲ။
Be the first to comment