
“သန္ဓေမမှန်တဲ့ ပရဟိတ”

ကျနော် ဆယ်ကျော်သက်အရွယ်မှာ သူငယ်ချင်းတွေစုပြီး “လောကပါလ” ဆိုတဲ့ ပရဟိတအဖွဲ့လေးတခု ဖွဲ့ဖြစ်တယ်။ ပရဟိတအဖွဲ့ဆိုပေမယ့် ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊ အခါကြီးရက်ကြီးတွေမှာ ဘုရားသွားပြီး စတုဒီသာ ကျွေးတာမျိုးလောက်ပဲ လုပ်ဖြစ်တာပါ။
တက္ကသိုလ် ပထမနှစ် တက်ခါစကာလဆိုတော့ ကျနော်တို့ဘော်ဒါတွေ တဖွဲ့လုံးက ကျောင်းတက်ရတဲ့ အချိန်တွေကလွဲရင် အချိန်တော်တော်များများက အားနေကြတာကြောင့် ဒီအဖွဲ့ကိုဖွဲ့မိပြီး ကုသိုလ်ရေးအတွက် ကိုယ်လုပ်နိုင်တဲ့ အရာလေးတွေ လိုက်လုပ်မိတာပါ။
ဒါပေမယ့် တကယ်တမ်း လုပ်ရတဲ့အခါ မလွယ်ပါဘူး။ ငွေကြေးစီမံတာ၊ အလှူငွေ လိုက်ကောက်တာ၊ လှူမယ့်ပစ္စည်းတွေ ဝယ်ရခြမ်းရတာ စတာတွေက အချိန်ပေးရသလို လုပ်ရတာတွေ၊ တာဝန်ယူရတာတွေလည်း အများကြီးပါ။ အလှူမလုပ်ခင် ပစ္စည်းတွေငှားရ၊ ပစ္စည်းတွေပြန်ပေးရနဲ့ အလေအလွင့်၊အပျောက်အရှ မရှိအောင်လည်း ဂရုစိုက်ရသလို ရရှိတဲ့ အလှူငွေတွေကိုလည်း အလွဲသုံးစားမဖြစ်အောင် စာရင်းနဲ့တကွ သေချာလုပ်ရတယ်။
ယောကျ်ားလေးတွေချည်း ဖွဲ့ထားတာဆိုတော့ ပါးစပ်ဆော့တာ၊ အပျော်လွန်ပြီး မူးယစ်ရမ်းကားတာအပြင် သွားရေးလာရေးမှာ ခိုက်ရန်မဖြစ်အောင်ပါ အထူး သတိထားရတယ်။
အဲသည်မှာ ကျနော်သိလိုက်တာကတော့ ပရဟိတလုပ်တယ်ဆိုတာ တော်ရုံစိတ်နဲ့မရဘူး၊ စိတ်ရော၊ကိုယ်ပါ အပင်ပန်းလည်း ခံနိုင်ဦးမှ ရမယ်ဆိုတာ သိလိုက်ရတာပါပဲ။ ဒါတောင် ကျနော်တို့က အခါကြီး ရက်ကြီးတွေမှာ အအေးလောက်ပဲ လိုက်တိုက်တာပါ။
ဒီလိုလုပ်တာတောင် ပွဲတပွဲပြီးတာနဲ့ လူက ဘုန်းဘုန်းလဲပြီး ကြမ်းပြင်ပေါ် ထိုင်ချရတဲ့အထိ ပင်ပန်းတယ်။ အဆိုးဆုံးကတော့ အများတကာ လှူတဲ့ငွေတွေနဲ့ လုပ်ရတာဆိုတော့ တာဝန်လည်းကြီးပါတယ်။
ဒီလို ခက်ခဲပါတယ်ဆိုတဲ့ ပရဟိတအလုပ်ကိုလုပ်မယ့် အဖွဲ့တွေက နောက်ပိုင်းနှစ်တွေမှာ အလျှိုလျှို ထွက်လာကြတယ်။ ဒီထဲမှာ တချို့ကတော့ တကယ်ကြီးလုပ်တာ ဖြစ်ပေမယ့် တချို့ကတော့ ကိုယ့်ပုံရိပ်ကောင်းရဖို့၊ ကိုယ်ကျိုးစီးပွားအတွက် လုပ်လာတာတွေလည်း မြင်ရတယ်။
အာဏာသိမ်းပြီးတဲ့အချိန်မှာတော့ ပရဟိတအဖွဲ့တွေ တော်တော်များများက ပျောက်ကုန်တယ်။ အထူးသဖြင့် စစ်တပ်ရဲ့ မိုက်မိုက်ကမ်းကမ်း ရိုက်နှက်ဖမ်းဆီးမှုတွေကိုလည်း ပရဟိတသမားတွေ တော်တော်များများ ခံရတဲ့အတွက် တချို့ ပရဟိတအသင်းတွေက ဒီလို စစ်တပ်လက်အောက်မှာ (စစ်တပ်နဲ့ ပူးပေါင်းပြီးလုပ်ရမှာ) မလုပ်ချင်လို့ ပရဟိတအလုပ်တွေကို စွန့်လွှတ်လိုက်ကြတာတွေ၊ အဖွဲ့တွေကို ဖျက်သိမ်းလိုက်ကြတာတွေ ရှိလာတယ်။
ဒီလို ပရဟိတအဖွဲ့တွေ နည်းပါးသွားခြင်းက ဘယ်အချိန်မှာ သိသာသွားခဲ့လဲဆိုရင် လက်ရှိ ကျနော်တို့နိုင်ငံမှာဖြစ်နေတဲ့ သဘာဝဘေးကိစ္စတွေမှာ အသိသာဆုံးပဲ။ အရင်က တိုင်းပြည်မှာ သဘာဝဘေးတခုဖြစ်တာနဲ့ ထွက်လာလိုက်ကြတဲ့ ပရဟိတအဖွဲ့တွေ အများကြီးဟာ၊ ဒီကာလမှာတော့ အတော်လေး နည်းပါးသွားတယ်။ ကူညီတဲ့လူငယ်တွေလည်း မရှိတော့သလို တာ၀န်ခံတဲ့ လူကြီးတွေလည်း မရှိတော့ဘူး။ ဥပမာ ကျနော့်သူငယ်ချင်းတွေဆို အခု PDF တွေ ဖြစ်နေပြီ။
ဒီလို စစ်တပ်ရဲ့လက်အောက်မှာ မလုပ်ချင်တဲ့လူငယ်တွေ၊ ပရဟိတအဖွဲ့တွေ မရှိတော့ပေမယ့် စစ်တပ်နဲ့ပေါင်းပြီး လုပ်လာတဲ့ ပရဟိတသမားတွေကတော့ အတော်လေး အင်အားကြီးထွားလာတယ်။
မြင်အောင်ပြောရမယ်ဆိုရင် ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေလိုမျိုး လူတွေပါ။ ကျနော်က ဒီလိုပြောလို့ တချို့က ကျနော့်ကို မုန်းကောင်း မုန်းနိုင်တယ်၊ သို့ပေမယ့် ဒါ အမှန်တရားပါပဲ။ ခိုင်နှင်းဝေ အခုလုပ်နေတဲ့ ပရဟိတအလုပ်တွေကို သန္ဓေမမှန်တဲ့ ပရဟိတလို့တောင် ကျနော်ပြောချင်ပါတယ်။
ဘာကြောင့် ခိုင်နှင်းဝေက စစ်တပ်နဲ့ပေါင်းပြီးလုပ်တဲ့ ပရဟိတသမားလို့ ပြောရတာလည်းဆိုရင် ထောက်ပြစရာတွေရှိပါတယ်။
ဒီထဲကမှ ထင်ထင်ရှားရှားရှိတာကို ပြရမယ်ဆိုရင် ဥပမာ … ငွေသား ကျပ်သိန်း ၄ သောင်းကို ဘဏ်ကနေ အလွယ်တကူ ထုတ်ယူလို့ရနေတာမျိုး၊ အလှူသွားလုပ်ရင် တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေ၊ စစ်ရှောင်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေကို မသွားဘဲ စစ်တပ်နဲ့ မကင်းရာမကင်းကြောင်းရှိတဲ့ အရပ်ဒေသတွေကိုပဲ သွားရောက်ပြီး လှူဒါန်းတာမျိုး စတာတွေအပါအဝင် တခြားအရာတွေလည်း ရှိပါသေးတယ်။ (ကရင်နီမှာ ရေဘေးသင့်တုန်းက ခိုင်နှင်းဝေ ဘယ်လို လှူခဲ့လဲဆိုတာ ပြန်ကြည့်ပါ။)
ခိုင်နှင်းဝေကို လက်ရှိ စစ်ဘေးသင့်နေတဲ့ စစ်ဒဏ်ခံနေရတဲ့ စစ်ကိုင်း၊ ကရင်နီ အစရှိတဲ့ ဒေသတွေထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ရာနေရာကို သွားပြီး လှူမလား၊ ကူမလား မေးကြည့်ပေးပါ။ လုံခြုံရေးကြောင့် မသွားနိုင်ဘူးဆိုရင် ခိုင်နှင်းဝေတင်မက သူ့အဖွဲ့တခုလုံးကို မှဲ့တပေါက်မစွန်းအောင် ကျနော်တို့ရဲဘော်တွေက လုံခြုံရေး အပြည့်ပေးနိုင်ပါတယ်။
ဒါဆိုရင်ရော သူလာမလား၊ သူလာနိုင်မယ်လို့ ထင်ပါသလား။ မလာနိုင်ဘူး၊ သူကိုယ်တိုင်လည်း လာမှာမဟုတ်သလို စစ်တပ်ကလည်း သွားခိုင်းမှာ မဟုတ်ပါဘူး။
မြေငလျင် ဖြစ်တဲ့အချိန်မှာ NUG က စစ်တပ်အုပ်ချုပ်ရာဒေသတွေအထိ စစ်တပ်ကသာ ခွင့်ပြုရင် ကယ်ဆယ်ရေးအတွက် ဝင်ရောက်လုပ်ကိုင်ပေးဖို့ ကမ်းလှမ်းခဲ့တယ်၊ ဒါကို စစ်တပ်က ဘယ်လိုတုန့်ပြန်ခဲ့လဲ။
ပြောချင်တာက အကြမ်းဖက်စစ်တပ်ဟာ ပြည်သူအပေါ် တစက်လေးမှ စေတနာမရှိပါဘူး။ သူတို့ကို ဆန့်ကျင်တဲ့ အရပ်ဒေသမှာ ရှိသူတွေကို ပိုလို့တောင် စေတနာမရှိပါဘူး။ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တဲ့ ပြည်သူတွေဆိုရင် ပရဟိတသမားတွေဘက်က စေတနာထားတာမျိုးတောင် မလိုချင်ပါဘူး။ ဒါကြောင့်လည်း ပရဟိတလုပ်တဲ့ အဖွဲ့တွေကို စောင့်ကြည့်နေတတ်ပြီး မထင်ရင် မထင်သလို ထိန်းသိမ်းတာမျိုးတွေလည်း လုပ်ခဲ့တာဖြစ်ပါတယ်။
ပရဟိတဆိုတာ သူတပါးအကျိုးကို သယ်ပိုးတာပါ။ ဒါပေမယ့်တချို့ကတော့ ပရဟိတဆိုပေမယ့် အတ္တဟိတတွေ ပါလာကြတယ်။ ဘယ်လို အတ္တဟိတလည်းဆိုရင် ကိုယ့်ပုံရိပ်အတွက်၊ အဖွဲ့အစည်းတခုရဲ့ ပုံရိပ်အတွက် လုပ်တာကို ပြောတာပါ။ ဒါကြောင့် တချို့ ပရဟိတလုပ်နေကြသူတွေရဲ့ နောက်ကွယ်က လက်မည်းကြီးတွေကိုလည်း မြင်အောင်ကြည့်ကြပါ။
ဒီလိုပြောလို့ မင်းတောင် သူတို့လောက် လှူနိုင်လို့လား မေးလာရင် သူတို့လောက်တော့ မလှူနိုင်ပါဘူး၊ သို့သော် သူတို့လို လှူနိုင်ခဲ့ရင်တော့ ဘယ်သူ ဂိုက် လိုင်းပေးတာကိုမှ လက်မခံဘဲ တကယ် ဒုက္ခရောက်နေတဲ့သူတွေဆီ ရောက်အောင် သွားကူနိုင်မယ့် သန္ဓေမှန်တဲ့ ပရဟိတဖြစ်အောင် လုပ်မှာတော့ သေချာပါတယ်။
Be the first to comment