◼️Simon
ကျနော်မှတ်မိသလောက် အဲသည့်ညက မိုးတွေ သည်းသည်းမည်းမည်းရွာတယ်။ မိုးတင်ပဲလားဆိုတော့ မဟုတ်ဘူး လေလည်းပါတယ်။ ဒီလို လေရော၊ မိုးရော သည်းနေတဲ့အချိန်ဆိုတော့ ကျနော်လည်း စောင်ခြုံပြီး ကွေးတော့တာပေါ့။
မိုးကလည်း ဘာပြောကောင်းမလဲဗျာ ညနက်လေ ပိုပြီးသည်းလေပါပဲ။ ဒီလိုနဲ့ ညသန်းခေါင်ကျော် အချိန်မှာပဲ ရုတ်တရက်ဆိုသလို နားထဲမှာ ကျနော့်နာမည်ကို အဖေနဲ့အမေက အော်ခေါ်နေတယ်လို့ ခံစားမိတယ်။
သားရေ !!! သား !!!
ကျနော့်ကို တိုးတိုးတိတ်တိတ်နဲ့ ခေါ်နေသလိုပါ။
လူ့စိတ်က တအားကို ဆန်းကျယ်တယ်။ သာမန်လိုအချိန်မျိုးမှာ အိပ်နေရင် ဆင်အော်တာတောင် ကြားမှာမဟုတ်တဲ့ ကျနော်က ဒီလောက် သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးသံနဲ့ လေသံတွေကြားထဲကနေ ကျနော့်နာမည်ကို ခေါ်နေတဲ့အသံကို ကြားဖြစ်အောင် ကြားနေရတယ်။ မသိရင် အသံက ကျနော့် နားအနားမှာကပ်ပြီး ခေါ်နေသလိုမျိုးပဲ။
ကျနော် ရုတ်တရက် ထထိုင်မိလိုက်တယ်။ နာရီကိုကြည့်လိုက်တော့ မနက် ၃ နာရီလောက်ဖြစ်နေပြီ။ ကျနော် အိပ်ယာကနိုးတဲ့အချိန်ထိ ကျနော့်ကို ခေါ်နေတဲ့အသံက မရပ်သေးဘဲ တချက်တချက် ကြားနေရတုန်းပဲလို့ ထင်ရတယ်။
ကျနော်နေတဲ့အိမ်က နှစ်ထပ်တိုက်ကိုမှ ကျနော့်အခန်းက အိမ်အောက်ထပ်ရဲ့ နောက်ဆုံး မီးဖိုချောင်နဲ့ ကပ်လျက်ရှိတဲ့အခန်း။ ဒီတော့ အိမ်အပြင်ကနေ လှမ်းခေါ်ရင်တောင် တော်တော်လေးအော်မှ အထဲကလူတွေက အပြင်ကအသံကို ကြားရမှာဖြစ်တယ်။
အောက်ထပ်မှာလည်း ကျနော်နဲ့ ကျနော့်အဘွားရဲ့အမက တခန်းစီနေပြီး ကျနော့်ဦးလေးနဲ့ ကျနော့်ရဲ့ အဘွားဖြစ်သူက အပေါ်ထပ်အခန်းတွေမှာ နေကြတယ်။ ကျနော်က မိဘတွေနဲ့ ခွဲနေတဲ့သူပါ။ အထူးသဖြင့် အဖေနဲ့ သိပ်မတည့်တဲ့အတွက် ကျနော်က မိဘတွေနဲ့မနေဘဲ အဘွားတွေဆီမှာပဲ နေတာကြာပြီ။ ဒါပေမယ့် ဒီညတော့ ထူးထူးဆန်းဆန်း နားထဲမှာ အဖေ့အသံကိုပါ ကြားနေရတယ်။
အဖေ ဘာများ တခုခုဖြစ်နေလဲ။ ကျနော့်အဖေက ကုန်ကားတွေမောင်းတဲ့အပြင် ယမကာလည်းကြိုက်တော့ သူ မူးပြီးကားမောင်းရင် ကျနော်ကိုယ်တိုင်တောင် သူနဲ့လိုက်မစီးချင်ဘူး။
ဒါနဲ့ပဲ ရေထသောက် အိမ်သာထဲခနဝင်ပြီး အပေါ့သွားလိုက်တယ်။ အိမ်သာကအထွက် ကျနော့်အခန်းထဲကို ပြန်ဝင်ခါနီး ခြံထဲမှာ လူရိပ်တွေ့တဲ့အတွက် ချက်ချင်းပဲ အိမ်ထဲမှာရှိသမျှ မီးတွေကို ကျနော်ဖွင့်လိုက်တော့ ခြံတံခါးကို ဘယ်လိုကျော်ဝင်လာမှန်းမသိ အိမ်ရှေ့ ဘာဂျာတံခါးရှေ့မှာ ငုတ်တုတ်လေးထိုင်နေတဲ့ အဖေ့ကိုတွေ့လိုက်ရတယ်။
အဖေတယောက်တည်းလားဆိုတော့ မဟုတ်ဘူး အမေလည်းပါသေးတယ်။
ဟာ … ဘာတုန်းဟ ထိတ်ထိတ်ပြာပြာရှိလိုက်တာ …
ဒါနဲ့ပဲ ကျနော် အိမ်တံခါးမကြီးကို ဖွင့်လိုက်တော့ အဖေရော၊ အမေရော မိုးရေထဲမှာ ခိုက်ခိုက်တုန်အောင် ချမ်းနေကြပြီ။
အမေတို့ ဘာလုပ်နေကြတာတုံး …
“သား နင် စာမေးပွဲအောင်တယ် သိလား”
ရုတ်တရက် အမေ ဝမ်းသာအယ်လဲ ပြောလိုက်တဲ့စကားကြောင့် ကျနော် မိနစ်အနည်းငယ်လောက် ကြောင်သွားသေးတယ်။ ပြီးတော့မှ …
“ဟာ မဖြစ်နိုင်တာ “
“ကျနော်မှ မဖြေနိုင်တာ ဘယ်လိုအောင်မှာတုံး “
“လာပါ နောက်မှပြော အရင် အိမ်ထဲဝင်ဦး၊ အပြင်မှာ ဒီလောက် မိုးတွေသည်းနေတာကို ဖျားကုန်တော့မယ်”
အမေကအိမ်ထဲကို ဝင်လာပါတယ်။
“ဟဲ့ သား နင်မယုံရင် နင့်အဖေကိုမေးကြည့်၊ ကျောင်းမှာ နင့်နာမည်က တယောက်တည်းရှိတာ”
အဖေ့ကိုမေးကြည့်ဆိုတော့ ကျနော် ဆက်မမေးတော့ဘူး၊ အဖေနဲ့ ကျနော့်ဆက်ဆံရေးက ကောင်းမှ မကောင်းတာ။
ဒီလိုနဲ့ အိမ်က အဘွားတွေလည်း နိုးလာတော့ အကြောင်းစုံသိပြီး ကျနော် ၁၀ တန်းအောင်တယ်ဆိုတော့ ပျော်ကြတာပေါ့။ အဲ့သည့်နေ့က အိမ်မှာ အဖေနဲ့အမေက အိပ်တယ် သူတို့အိမ်ကိုမပြန်ဘူး။
ကျနော်ကတော့ စာမေးပွဲအောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မနက်မိုးလင်းကတည်းက ထွက်သွားပြီး ဘော်ဒါတွေနဲ့လျှောက်လည် အရက်မူးအောင်သောက်ပြီး ညရောက်မှ အိမ်ကိုပြန်လာတယ်။ အိမ်ရောက်တော့ အန်ဖတ်မဆို့ရုံတမယ် အန်ပါတယ်။
နောက်တနေ့ မနက်လင်းတော့ အိပ်ယာထဲ ပေပွနေတာတွေ လျှော်ဖို့ ဆပ်ပြာမှုန့်နဲ့ စိမ်နေတုန်း အဖေက သူတို့အိမ် ကိုမပြန်ခင် ကျနော့်နားကိုရောက်လာတယ်။
“ငါမင်းကို ပြောစရာရှိတယ်”
“ပြောလေ၊ ကျနော် ညက မူးလာတာကို ဆူမလို့လား”
“သြော် … မဆူပါဘူးကွာ၊ မင်းက သောက်တတ်လို့ သောက်တာမှ မဟုတ်တာ၊ သူငယ်ချင်းတွေနဲ့ ပျော်လို့သောက်လာတာပဲ၊ ငါနားလည်ပါတယ်”
“အခု ငါ မင်းကို ပြောချင်တယ်ဆိုတာ တခြားမဟုတ်ဘူး၊ ငါ မင်းဆီက ကတိတခုတောင်းချင်တာ”
“ဘာကတိတုံး”
အဖေက ကျနော့်အခန်းထဲကနေ ကျနော်ဖတ်လက်စ စာအုပ်တွေဖြစ်တဲ့ ဦးနု၊ ကြေးမုံဦးသောင်း၊ အလုပ်သမားအရေးအခင်း၊ ၈၈ အရေးအခင်း အစရှိတဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာအုပ်တွေကိုယူလာပြီး လာပြပါတယ်။
“မင်း စာကောင်းပေကောင်းတွေဖတ်တာ ကောင်းပါတယ်၊ ဒါလည်း ငါ မင်းကို အစလုပ်ပေးခဲ့တာဆိုတော့ မင်းအခုလို စာတွေဖတ်တာ ဝမ်းသာစရာပဲ”
“ဒါပေမယ့် နိုင်ငံရေးနဲ့ မူးယစ်ဆေး လုံး၀ မလုပ်ပါဘူးဆိုတဲ့ ကတိတော့ ငါ့ကိုပေးကွာ၊ မင်းသိတဲ့အတိုင်း ဒီကိစ္စတွေက ငါတို့မှာရှိတဲ့ အင်အားနဲ့ ဘယ်လိုမှ လိုက်ပြီးရှင်းဖို့ မလွယ်ဘူး”
“ရတယ်လေ ဒါက ဘာခက်တာမို့လို့လဲ၊ စာကတော့ ကျနော်က သမိုင်းကို စိတ်ဝင်စားလို့ဖတ်တာ၊ မူးယစ်ဆေးကတော့ ကိုယ်တိုင်လည်း ကြိုက်စရာမရှိတော့ မသုံးဘူး၊ စိတ်ချ ကျနော် ကတိပေးတယ်”
“အိုခေ ဒါဆိုရပြီ” ဆိုပြီး အဖေကလှည့်ထွက်သွားတယ်။
အဲ့သည့်တုန်းက အဖေ့ကို ကျနော်ပေးလိုက်မိတဲ့ ကတိတွေ တည်ခဲ့လားဆိုတာ အခု ပြန်စဥ်းစားကြည့်တော့ တခုမှ မတည်ခဲ့တာကို တွေ့ရတယ်။
မူးယစ်ဆေး – မူးယစ်ဆေးကို မသုံးဘူးဆိုပေမယ့် လူငယ်ပီပီ ကျနော် ဟိုနည်းနည်း၊ ဒီနည်းနည်း စပ်စုလိုစိတ်နဲ့ စမ်းခဲ့ဖူးတယ်။ ဒါပေမယ့် ကျနော် မကြိုက်တဲ့အတွက်ကြောင့် ဘ၀ပျက်လောက်တဲ့အထိ မျောပြီးပါမသွားခဲ့ဘဲ ရပ်တန်းက ရပ်နိုင်ခဲ့တယ်။
နိုင်ငံရေး – နိုင်ငံရေးကတော့ အခုရောက်နေတဲ့နေရာကနေ ပြန်စဥ်းစားကြည့်တော့ အစမှာ စစ်တပ်ရဲ့အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် လမ်းမပေါ်ထွက် ဆန္ဒပြတယ်၊ အဲ့သည့်ကနေ စစ်တပ်ရဲ့ အကြမ်းဖက်နှိပ်စက်မှုတွေကို မျက်ဝါးထင်ထင်မြင်ပြီး လက်တုံ့ပြန်ဖို့ ကြိုးစားခဲ့တယ်။
အစမှာ သာမန်တက်ကြွသူ၊ နောက်တော့ ပြောက်ကျားသပိတ်ဆင်နွဲသူ၊ အဲ့သည့်ကနေမှ တဆင့် UG၊ နောက်တော့ ဝရမ်းထုတ်ခံရ၊ လိုက်ဖမ်းခံရ စသဖြင့် သာမန် အနုပညာသမားဘ၀ကနေ ဘာတွေဘယ်လိုဖြစ်လို့ ဖြစ်သွားမှန်း မသိရလောက်အောင် ဘ၀ရဲ့အလှည့်အပြောင်းက မြန်ဆန်လွန်းခဲ့တယ်။
ဘာရယ်မဟုတ်ဘဲ အဖေ့ကိုသတိရတာနဲ့ အတိတ်ကအကြောင်းတွေကို ပြန်ပြီး တွေးမိနေတယ်။
အဖေဆုံးသွားခဲ့တာ ဆယ်စုနှစ်တခုရှိခဲ့ပြီ။ အဖေသာရှိရင် ကျနော့်ကို ဘာပြောမယ် မသိပေမယ့် သေချာတာကတော့ ဒီမတရားမှုကြီးကို တော်လှန်နေတဲ့ ကျနော့်ကို အဖေလည်း တားမြစ်နိုင်မှာ မဟုတ်ဘူး။ တနေ့က အမေ့မွေးနေ့၊ ကျနော် အမေ့ကို မွေးနေ့ဆုတောင်းဖို့ မလုပ်ခဲ့ဘူး၊ လုပ်လည်း မလုပ်ချင်ဘူး။ မွေးနေ့ဆုတောင်းရာကနေ စကားတွေဆက်ပြီး သားအဆင်ပြေလားဆိုပြီး မေးလာရင် ကျနော် ဘာမှ ဆက်ဖြေချင်စိတ်မရှိလို့။
အခုရောက်နေတဲ့နေရာ၊ အခုရောက်နေတဲ့ ဘ၀မှာ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ် အဆင်ပြေအောင်နေမယ်၊ ကျနော့်ကြောင့် ထပ်ပြီး ဘယ်သူ့ကိုမှ စိတ်ဒုက္ခမပေးချင်သလို ဘာတခုမှလည်း မပြောချင်ဘူး။
အခုဆို ကျနော့်မှာ သားလေးတယောက် ရှိနေပြီ။ တနေ့က သူ့ကို သူ့အမေက ဝလုံးရေးတာ သင်ပေးတော့ အစမှာ ကောင်းကောင်းမွန်မွန်နဲ့ ဝလုံးကို အဝိုင်းလေးရေးရာကနေ တြိဂံပုံပြောင်းပြီး ရေးချလိုက်တယ်။
ဟာ … ဟိုကောင်လေး ဝလုံးဆိုတာ အဝိုင်းလေ၊ ဘယ်လိုဖြစ်ပြီး တြိဂံပုံတွေ ဖြစ်လာရတာတုံးဆိုပြီး သူ့အမေက ပြောတော့ သားဖြစ်သူက သူ့အမေကိုပြန်ပြောတယ်။
“ဒီ ဝလုံးက Future ဝလုံးလေ”
ကျတော်ကတော့ သူတို့သားအမိပြောနေတာကိုနားထောင်ပြီး ပြုံး၍သာ နေလိုက်မိတယ်။
အဖေသာရှိရင် သူ့မြေးကိုကြည့်ပြီး ပြောမှာ၊ “သူပုန်ကမွေးတဲ့ကောင် သူပုန်စိတ်လေးတော့ ပါလာပြီဟေ့” ဆိုပြီး။
Be the first to comment