■ အခန်း(၁၇)
လွတ်မြောက်ခြင်း၊ အိမ်အပြန်ခရီးနှင့် အဆုံးတကွေ့
+++++++++
အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်တယ်။ တဖက်ကို ခြေလှမ်း ၁၀ လှမ်း။ မနက် ၁၀ နာရီ မထိုးခင် ခြေလှမ်းပေါင်း ၁၂,၀၀၀။
.
ဒါက ကျနော် နေ့စဥ်လုပ်နေကျ။ ကျနော် အဖမ်းခံထားရတာ ရက်ပေါင်း ၆၅၀ မြောက်တဲ့နေ့၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ မနက်၊ ခြေလှမ်းပေါင်း ၇,၂၄၀ အရောက်မှာ အစောင့်တယောက်က ကျနော့်အခန်းတံခါးကို ရုတ်တရက် လာဖွင့်ပါတယ်။
.
“သတင်းကောင်းပဲ ရှောင်။ ခင်ဗျား အိမ်ပြန်ရတော့မယ်။”
.
လမ်းလျှောက်နေတာကနေ ကျနော် ရပ်လိုက်တယ်။ မဖြစ်နိုင်သေးပါဘူး။ ဖြစ်နိုင်ခြေ အရှိဆုံးနေ့က ၂၀၂၃ ဇန်နဝါရီ ၄ ရက်နေ့၊ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့။ အဲဒီနေ့မှ မဟုတ်ရင် ဧပြီလက သင်္ကြန်မှာပဲ ဖြစ်နိုင်ခြေရှိတယ်။ ‘ဟာ’ နဲ့ ကျနော်တောင် မနေ့က အဲဒီအကြောင်း ပြောဖြစ်သေးတယ်။ ကျနော် ခရစ်စမတ်တော့ အိမ်ပြန်ရောက်မှာ မဟုတ်ဘူးဆိုတာ နှစ်ယောက်လုံးက လက်ခံထားပြီးသားပါ။
.
ဒါပေမဲ့ ဖြစ်များ ဖြစ်နိုင်မလား။
.
မြန်မာနိုင်ငံမှာ တရားဝင်ရုံးပိတ်ရက်က များသား။ ၂၀၂၂ နိုဝင်ဘာ ၁၇ ရက်နေ့က အမျိုးသားနေ့။ နှစ်စဥ် တန်ဆောင်မုန်း လဆန်း ၁၀ ရက်နေ့မှာ ကျင်းပတယ်။ ၁၉၂၀ ခုနှစ် ကိုလိုနီခေတ်က ကျောင်းသားသပိတ်ကို အစွဲပြုပြီး အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပတာ။ အဲဒီနေ့ကို ကျနော် မေ့သွားတယ်။
.
“ခင်ဗျား အိမ်ပြန်ရတော့မယ်။ အထုပ်ပြင်ပေတော့။ ၁၀ မိနစ် အချိန်ရမယ်။”
.
ကျနော် သူ့ကို စိုက်ကြည့်နေမိတယ်။ ကျနော်မျှော်နေရတဲ့အချိန် ရောက်လာပေမဲ့ ကျနော့် ဦးနှောက်က သဘောမပေါက်ဘူး ဖြစ်နေတယ်။ အချိန်တွေ ရပ်တန့်သွားတယ်လို့ ထင်ရတယ်။ အဲဒီနောက်မှာ စိတ်တွေ လှုပ်ရှားလာတယ်။ ပျော်တာလည်း မဟုတ်။ စိုးရိမ်တာ။ “ကျေးဇူးပြုပြီး ပြောစမ်းပါ။ ခင်ဗျား နောက်နေတာ မဟုတ်ပါဘူးနော်” လို့ အသံတုန်တုန်နဲ့ မေးလိုက်မိတယ်။
.
.
.
ကျနော် ခေါင်းနည်းနည်း ကြည်လာတော့ ဒါတွေအားလုံး ထားခဲ့ရမှာပဲ ဆိုတာကို သိလိုက်တယ်။ ခပ်မြန်မြန်ပဲ ပစ္စည်းတွေစုပြီး အထုပ်ပြင်လိုက်တယ်။ စာအုပ်တွေကတော့ ထောင်စာကြည့်တိုက်အတွက် အသုံးဝင်နိုင်တယ်။ အစောင့်တွေကလည်း သူတို့ လုပ်ပေးပါမယ်လို့ ကတိပေးကြတယ်။ တခြားပစ္စည်းတွေကိုတော့ အကျဥ်းသားတွေကြားမှာ ဝေပေးမယ်။ သေဒဏ်ပေးခံထားရတဲ့ အကျဥ်းသားတွေ အများစု ရကြမယ်လို့ မျှော်လင့်ရတာပဲ။
.
အရေးတော့ မကြီးပေမဲ့ သတိရလိုက်တာ တခုက ကျနော့်ရဲ့ ရှုးဖိနပ်ပါ။ ကျနော့်ဆီမှာ မရှိတော့ဘူး။ ကျနော် လေယာဥ်ပေါ်ကို ဒီလို ခြေညှပ်ဖိနပ်နဲ့ တက်လို့ ဖြစ်ပါ့မလား။
.
.
.
.
အဲဒီမနက်မှာပဲ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သံရုံးကို အကြောင်းကြားတယ်။ ကျနော့်အတွက် လေယာဥ်လက်မှတ်ကို ဘန်ကောက်အထိ ဝယ်ပေးထားကြောင်းပြောပြီး လက်မှတ်ဖိုးတောင်းတယ်။ သြစတြေးလျ အစိုးရအနေနဲ့ ကျနော့်ကို ဘန်ကောက်ကနေ သြစတြေးလျ ပြန်ရောက်အောင် ကိုယ့်ဘာသာ ဆက်လုပ်ပေါ့။
.
လေယာဥ်ခရီးစဥ်တိုင်းက လူအပြည့်ပဲ။ သံရုံးလည်း အရပ်ကူပါ၊ လူဝိုင်းပါ လုပ်လိုက်မှ မဲလ်ဘုန်းမြို့ကို လက်မှတ် နှစ်စောင် ရလိုက်တယ်။ ကျနော့်အိမ်က ဆစ်ဒနီမှာ ဆိုပေမဲ့ သြစတြေးလျအစိုးရအနေနဲ့ ကျနော့်ကို သြဇီ အမြန်ဆုံး ပြန်ရောက်စေချင်တယ်။
.
အဲဒီလိုတွေ ဖြစ်နေတဲ့အချိန်မှာ ကျနော်က အင်းစိန်ထောင်ထဲမှာ ဘာမှ မသိရဘဲ အထုပ်ပြင်နေဆဲပါ။ နောက်ဆုံးမှာ အထုပ်ပြင်လို့ ပြီးသွားတယ်။ အိတ်ထဲမှာ ကျနော့်အဝတ်အစား တစုံ၊ စာအုပ်သုံးအုပ်၊ ‘ဟာ’ ကွတ်ကီးတခုနဲ့ ဆင်ရုပ်လေးတရုပ်။ အဲဒီဆင်ရုပ်လေးကိုပဲ ကျနော် အိမ်ကို တကယ် ပြန်ယူသွားချင်တာပါ။ ကော်ဖီမစ် အထုပ်အခွံတွေနဲ့ လုပ်ထားတာ။ နေပြည်တော်ထောင်မှာတုန်းက အကျဥ်းသားတယောက်ကလုပ်ပြီး ကျနော့်ကို လက်ဆောင်ပေးထားတာ။ ကျနော့်အတွက် တန်ဖိုးရှိတဲ့ တခုတည်းသော ထောင်အပြန်လက်ဆောင်ပါ။
.
အကျဥ်းခန်းထဲက မထွက်ခင်လေး ကျနော်က ထောင်အင်္ကျီအပြာရောင် တထည်ကို ကောက်ထည့်ဖို့ လုပ်တော့ မလုပ်ဖို့ ဝိုင်းတားကြတယ်။ ထောင်ပိုင်ပစ္စည်းတဲ့။
.
.
.
ကျနော်တို့ စောင့်ကြတယ်။ စိတ်ရှည်လက်ရှည် စောင့်ကြတယ်။ သုံးနာရီ ကြာသွားတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောစရာ စကားတွေလည်း ကုန်သွားပြီ။ စိတ်ပူပြီး အားလုံး ငြိမ်သက်သွားကြတယ်။ ငြိမ်သွားတာမျိုး မဖြစ်ချင်လို့ ကျနော်တို့တွေ တယောက်တလှည့် အပြင်ရောက်ရင် အရင်ဆုံး ဘာစားမလဲဆိုတာ ပြောကြတယ်။ ကျနော့်အလှည့်မှာတော့ “ကျနော် အာသီသအရှိဆုံးက ‘ဟာ’နဲ့ အတူတူသောက်ရမဲ့ ဝိုင်အနီတခွက်ပါ။ ပြီးတော့ ရေခဲမုန့်ပေါ့’ လို့ ပြောလိုက်တယ်။
.
စောင့်နေရင်းကနေ ပြန်လွှတ်ဖို့အတွက် ခပ်ဖြည်းဖြည်း စလုပ်ပါတော့တယ်။ ကျနော်တို့ဆီက သိမ်းသွားတဲ့ ပိုက်ဆံနဲ့ အဖိုးတန်ပစ္စည်းတွေ ပြန်ပေးတယ်။ ကျနော့် မြန်မာငွေသိန်းချီ ပြန်ရတယ်။ ဒေါ်လာရာဂဏန်းလောက် ရှိမှာပေါ့။ ကျနော့်ဘေးမှာ ရပ်နေတဲ့ အကျဥ်းသားမိတ်ဆွေကို ခိုးကြောင်ခိုးဝှက်နဲ့ အားလုံးပေးခဲ့တယ်။ အရေးအကြီးဆုံး ပြန်ရလိုက်တာက ကျနော့်ရဲ့ လက်ထပ်လက်စွပ်ပါ။ စသိမ်းကတည်းက အကြီးအကျယ် ကန့်ကွက်ခဲ့ရတဲ့ အဖိုးတန်ပစ္စည်းပါ။ အခုလို ကျနော့် လက်ချောင်းပေါ်ကို ပြန်ရောက်လာတော့ ရင်ထဲက ဝေဒနာကိုစပြီး ကုစားပေးနေသလို ခံစားရတယ်။
.
သူတို့လုပ်ကိုင်တာတွေ ပြီးတော့ အကျဥ်းဦးစီးဌာနက အထက်အရာရှိတယောက် မိန့်ခွန်းခြွေတာကို တခြားပြန်လွှတ်ပေးတဲ့သူတွေနဲ့အတူ နားထောင်ရမယ်တဲ့။ ရာနဲ့ချီတဲ့ လွတ်ခါနီး အကျဥ်းသားတွေကို ရာထူးကြီးကြီးတယောက်က သြဝါဒပေးတာကို တီဗွီကနေ ထုတ်လွှင့်တယ်။ ကျနော် နားလည်သလောက် သူ့မိန့်ခွန်းက ဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားတွေ ဖြစ်အောင် ကြိုးစားဖို့ပါ။ သူပြောတဲ့ စကားအပြည့်အစုံ နားမလည်တာကိုပဲ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။
.
.
.
ဒီတော့ ပြောဆို နှုတ်ဆက်တာတွေ ပြီးတာနဲ့ လေယာဥ်ပေါ် တက်ဖို့ လုပ်ကြတယ်။ ကျနော်တို့ကို ထွက်ခွာဂိတ်ပေါက်အထိ လိုက်ပို့ကြတယ်။ ကျနော်ရယ်၊ ကျော်ဌေးဦးရယ်၊ တိုးလုရယ်က မြန်မာ့လေကြောင်းနဲ့ ဘန်ကောက်ကို သွားကြမှာ။ တခြား ခရီးသည်တွေက ကျနော်တို့ကို စေ့စေ့မကြည့်မိအောင် ကြိုးစားနေကြတယ်။ (မြန်မာပြည်ရဲ့ အခုလိုကာလမှာ အဲဒီလိုကြည့်တာ အန္တရာယ် များတယ်လေ) အန်ဂျယ်လာက ကျနော့်ဘေးမှာ ထိုင်တယ်။ သူကလည်း ကျနော်နဲ့ သြစတြေးလျအထိ ပြန်လိုက်လာမှာ။ ကျနော်တို့ လေယာဥ်ပေါ်တက်မဲ့ ပေါင်းကူးတံတား ရောက်တော့ ကိစ္စတခု ပေါ်လာပါတယ်။
လူဝင်မှုကြီးကြပ်ရေး အရာရှိတယောက်က ကျနော်တို့ဆီကို ရောက်လာပြီး ကျနော်တို့ကို စာဖတ်ပြတယ်။ စာထဲမှာ ကျနော်တို့ရဲ့ ပြစ်မှုတွေကို ဖော်ပြထားပြီး နောက်ဆုံးမှာ ‘သမ္မတရဲ့ တရားဝင်ခွင့်ပြုချက်မပါဘဲနဲ့ မြန်မာပြည်ကို ဘယ်တော့မှ ပြန်လာခွင့်မရှိဘူး’ လို့ အဆုံးသတ်ထားတယ်။ အဲဒီလို ပြောလိုက်တော့ ကျောချမ်းသွားသလို ပိုပြီးတော့လည်း သေချာသွားတယ်။ ‘ကျနော် မြန်မာနိုင်ငံကို နောက်ကို ပြန်လာဖြစ်မှာ မဟုတ်တော့ပါဘူး’ ဆိုတာကိုပါ။
.
အဲဒီစာကို ဖတ်ပြတဲ့ အရာရှိကပဲ စာအဆုံးမှာ လေသံပြောင်းပြီး “ကျေးဇူးပြုပြီး မြန်မာပြည်ကို မမုန်းပါနဲ့ဗျာ” လို့ ပြောသွားတယ်။
.
ကျနော် ခဏတော့ အံ့သြသွားတယ်။ ပြီးတော့ “ကျနော် မြန်မာပြည်သူပြည်သားတွေကို ဘယ်တော့မှ မမုန်းပါဘူး။ အခုလည်း ချစ်တယ်။ နောင်လည်း ချစ်နေမှာပါ” လို့ ပြန်ပြောလိုက်တယ်။ သူက ကျနော့်ကို ခေါင်းညိတ်ပြတယ်။ ကျနော်ကလည်း သူ့ကို ပြန်ညိတ်ပြလိုက်တယ်။ ပြီးတော့ လေယာဥ်ထဲ ဝင်လာခဲ့ကြတယ်။
.
.
.
.
ပြန်လွတ်လာပြီးတော့ အိပ်စက်ခြင်းဟာ ကျနော့်ကျန်းမာရေးအတွက် အကြီးမားဆုံး ပြဿနာတခုပါ။ အမှောင်ထဲမှာ မအိပ်တတ်တော့လို့ ပြန်ကြိုးစားရတယ်။ အကျဥ်းခန်းထဲမှာ ၂၄နာရီ မီးထွန်းထားတာကိုး။ မီးမပျက်ရင်ပေါ့။ ထောင်ထဲမှာတုန်းကတော့ မျက်လုံးကို တခုခုနဲ့ ဖုံးပြီး အိပ်တော့ မျက်လုံးပေါ် တခုခုဖိထားတဲ့ ခံစားချက်မျိုးကို အကျင့်ပါနေပြီ။ အခုတော့ အလင်းရောင်မရှိရင် မအိပ်တတ်တော့သလို ဖြစ်နေတယ်။ နောက်ပြီး နူးညံ့တဲ့ မွေ့ရာ၊ ခေါင်းအုံးတွေနဲ့လည်း ပြန်အိပ်တတ်အောင် ကြိုးစားရပြန်တယ်။
.
အိပ်မရတဲ့ပြဿနာအပြင် အိမ်မက်ဆိုးတွေကလည်း ပြန်ရောက်လာပြန်တယ်။ အရင် အိမ်မက်က တခြားတနေရာကို ရောက်နေတယ်၊ နေဝင်ရင် အကျဥ်းခန်းထဲ ပြန်ရောက်သွားတယ်။ အခုအိမ်မက်က အရင်အိမ်မက်နဲ့ ဆင်တူပေမဲ့ ပုံစံကွဲတယ်။ ကျနော်က ထောင်ထဲမှာ။ ကျနော့်ကို လွှတ်ပေးတဲ့ အမိန့်စာကို ကိုင်ထားတယ်။ စာကိုင်ပြီး ထောင်ဗူးဝနားအရောက်မှာ ကျနော့်စာက တခုခု မပြည့်စုံလို့ (တံဆိပ်တုံးမပါတာ၊ လက်မှတ်မပါတာ) ကြောင့် အကျဥ်းခန်းကို ပြန်သွားရတယ်တဲ့။ အဲဒီလို အိမ်မက်မက်ပြီး လန့်နိုးလာရင် ပြန်အိပ်လို့ မရတော့ပါဘူး။
.
ဒီလို အိပ်မရတာ၊ အိမ်မက်ဆိုးမက်တာတွေ ရှိပေမဲ့ ကျနော့်စိတ်ပိုင်းဆိုင်ရာ အနေအထားကတော့ ကောင်းပါတယ်။ ကျနော့်အပေါ် အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ကြတဲ့ မိသားစုကြောင့်လည်း ပါတယ်။ သူတို့သာမရှိရင် ကျနော် လွယ်လွယ်နဲ့ ပြန်ကောင်းလာနိုင်မှာ မဟုတ်ဘူး။
.
.
.
ထောင်ထဲမှာ ကျန်ခဲ့တဲ့ ကျနော့် မိတ်ဆွေတွေအတွက် တာဝန်ရှိနေသေးတယ် ဆိုတဲ့ စိတ်ကတော့ ကျနော့်မှာ အမြဲဖြစ်ပေါ်နေတယ်။ ကျနော့်လွတ်လပ်မှုကို အသုံးချပြီး မြန်မာပြည်လူထုအတွက် မီးမောင်းထိုးပေးရမယ်လို့လည်း အမြဲတွေးနေမိတယ်။ ပြောရတာ လွယ်သလောက် လုပ်ဖို့တော့ ခက်ပါတယ်။ အထူးသဖြင့် ကျနော့်လုပ်ရပ်ဟာ ထောင်ထဲက ကျနော့်မိတ်ဆွေတွေကို နစ်နာမှုတွေ ဖြစ်စေနိုင်တယ်။ သူတို့က သူတို့အပေါ် ထိခိုက်နိုင်မှန်းသိရက်နဲ့ အပြင်ရောက်ရင် ပြောပြပါလို့ ကျနော့်ကို တိုက်တွန်းခဲ့ကြတယ်။ အဲဒီလိုဆိုတော့လည်း ကျနော့်ကို ပေးအပ်လိုက်တဲ့ တာဝန်တခုလို ဖြစ်နေပြန်တယ်။ ဒါပေမဲ့ သူတို့အပေါ် ကျလာနိုင်တဲ့ အကျိုးအပြစ်တွေကြောင့် ကျနော်ဟာ လက်တွန့်နေမိပြန်တယ်။
.
နောက်တာဝန်တခုကတော့ ကျနော့် မိတ်ဆွေ ခင်မောင်ဆွေ (ယာကွတ်) လုပ်ကြံခံရတာကို ဖော်ထုတ်ဖို့ပါ။ အင်မတန် သတ္တိကောင်းပြီး ကြင်နာတတ်တဲ့သူ့ကို ဂုဏ်ပြုချင်တယ်။ သူ့သေဆုံးမှုကို မြန်မာပြည်တွင်းမှာ ဖုံးကွယ်ထားကြတော့ နိုင်ငံတကာမှာလည်း ဘယ်သူမှ မသိဘူး။ ဒါကလည်း သူ့သေဆုံးမှုဟာ အာဏာသိမ်းပြီးနောက်ပိုင်း လူ ၄,၀၀၀ ကျော် သေဆုံးမှုတွေထဲက တခုဖြစ်နေတာလည်း ပါတယ်။
.
ကျနော်အိမ်ပြန်ရောက်ပြီး ရက်အနည်းငယ်အကြာမှာ မြန်မာမိတ်ဆွေတွေနဲ့ ပြန်ဆက်သွယ်မိပြီး ယာကွတ် ဘာဖြစ်ခဲ့သလဲ ဆိုတဲ့ ဖြစ်ရပ်မှန်ကို စုံစမ်းဖို့ ကြိုးစားတယ်။ သူနဲ့ ရင်းနှီးသူတချို့က သူ့အဖြစ်ဆိုးကို အသေးစိတ် ပြန်ပြောပြကြတယ်။ ကျနော် ဒီအကြောင်းကို ဆိုရှယ်မီဒီယာကနေ တဆင့် သူ့ဓာတ်ပုံတွေနဲ့ ရေးတင်ခဲ့ပါတယ်။ ဓာတ်ပုံအများစုက ထောင်မကျခင် ရိုက်ထားတယ် ဆိုပေမဲ့ ပုံတပုံကတော့ သူ့ကို ဖမ်းစဥ်မှာ ရိုက်ထားခဲ့တာပါ။ အဲဒီပုံက အတော်ကောင်းတယ်။ သူ့ရဲ့ အနိုင်မခံ အရှုံးမပေးတဲ့ မျက်နှာကို ကောင်းကောင်း ထင်ဟပ်စေတယ်။ သူ့အဖြစ်ဆိုးအပေါ် နိုင်ငံတကာ တုံ့ပြန်မှုက အတော်ကောင်းတယ်။ ဒါက ကျနော့်အနေနဲ့ ယာကွတ်အတွက် လုပ်ပေးနိုင်လိုက်တဲ့ ဂုဏ်ပြုခြင်းတခုပါ။ ဒီအကြောင်းကလည်း စစ်ကောင်စီကို အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ဒီလိုဖြစ်တာ ယာကွတ် သိရင်တော့ အထူးကျေနပ်မှာပါ။
.
.
____________________________
ဘာသာပြန် – အောင်မိုး ( A K Moe )
Be the first to comment