Simon
လားရှိုးက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးဖြစ်တဲ့ (ရမခ) ကို MNDAA တပ်တွေက အလုံးစုံ တိုက်ခိုက် သိမ်းပိုက်လိုက်တာကို တွေ့ရတယ်။
ပျော်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ပထမဆုံး တိုင်းစစ်ဌာနချုပ်ကြီး ကျရှုံးသွားတဲ့အတွက် အတိုင်းမသိ ပျော်ရတယ်။ ရန်သူတွေကို ရှင်းလင်းသုတ်သင် ထားတဲ့ ရုပ်သံဗီဒီယိုတွေ၊ ဓာတ်ပုံတွေ ထွက်လာတော့လည်း ကျေနပ်တယ်၊ အားရတယ်။
ဒါပေမယ့် ဆေးရုံက ဒဏ်ရာရစစ်သားတွေနဲ့ ဆေးရုံထဲမှာ ပြောင်းရွှေ့နေကြတဲ့ စစ်သားမိသားစုတွေကို နေရာပြောင်းရွှေ့ပေးတဲ့ အချိန်လည်းရောက်ရော ကျနော် ခုနက ပျော်တယ်ဆိုတဲ့ အပျော်တချို့က တန့်သွားခဲ့တယ်။
ဒဏ်ရာရစစ်သားတွေ အုပ်စုလိုက်ကြီးထဲမှာ တချို့က ထမ်းခေါ်၊ တချို့က တွဲခေါ်နဲ့ ပတ်တီးအဖွေးသား လျှောက်လာကြတဲ့သူတွေထဲမှာ တချို့ဆို ခြေပြတ်၊ လက်ပြတ်တွေနဲ့ ပါလာသလို တချို့ဆို မျက်စိထိထားတဲ့သူတွေလည်း ပါလာတယ်။ ဒီလို ဒဏ်ရာရစစ်သားတွေကို ကြည့်နေရင်း ကျနော့် ရင်ထဲ ထိသွားတဲ့ မြင်ကွင်းတခုက အသက်ခပ်ကြီးကြီး အဘိုးအရွယ် စစ်သားအိုကြီးက သူ့သားသမီးတွေနဲ့ သူ့မိန်းမရဲ့ လက်ကိုတွဲပြီး တုန်ချိချိနဲ့ လျှောက်လာတာကို မြင်လိုက်ရတော့ ကျနော့်မှာ ဘာပြောရမှန်းမသိအောင် ရင်ထဲဆို့တက်သွားတယ်။
စစ်သားအဘိုးကြီးအရွယ်က မင်းအောင်လှိုင်နဲ့ မတိမ်းမယိမ်းဖြစ်သလို သူ့နဲ့အတူပါလာတဲ့ ကလေးတွေရဲ့ အရွယ်တွေကလည်း မင်းအောင်လှိုင်ရဲ့ မြေးအရွယ်တွေဖြစ်တယ်။
ဒီနေရာမှာ သိချင်တာတခုက စစ်ပွဲဖြစ်ပြီဆိုကတည်းက အကြမ်းဖက်စစ်တပ်ဟာ ဘာလို့များ သူတို့ရဲ့ စစ်သားမိသားစုတွေကို တခြားတနေရာကို ရွှေ့ပြောင်းဖို့ မလုပ်ကြတာလဲဆိုတာပါ။ လားရှိုးကိုတိုက်မယ် သိမ်းမယ်ဆိုတာ ၁၀၂၇ ပထမပိုင်းကတည်းက စစ်ရေး၊ နိုင်ငံရေး လေ့လာသူတွေကိုယ်တိုင်က ပြောပြထားသလို ဟိုဘက်၊ ဒီဘက် အဖွဲ့တွေလည်း သိထားပြီးသား။
ဒီလိုအခြေအနေမှာတောင် စစ်တပ်ရဲ့ခေါင်းဆောင်ပိုင်းတွေဟာ ရမခ မကျအောင် ခံချခိုင်းတာကလွဲရင် အောက်ခြေစစ်သည်တွေရဲ့ မိသားစုတွေကို လုံခြုံတဲ့ တခြားမြို့တွေဆီ ကူညီရွှေ့ပြောင်းပေးထားခြင်းမရှိဘဲ သူတို့မိသားစုတွေကိုပါ စစ်ပွဲကြားမှာ တမင်ရောက်နေအောင် ထားရှိခဲ့တာကိုလည်း မြင်ရတယ်။
စစ်တပ်ဟာ အရေးတော်ပုံကြီး စတဲ့အချိန်ကတည်းက သူတို့ကိုဆန့်ကျင်တဲ့သူ ဘယ်သူ့ကိုမဆို လူကြီး၊ လူငယ်နဲ့ ကျောင်းသား၊ ကျောင်းသူတွေအပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးကိုပါမချန် လူကြားသူကြားထဲ လည်ပင်းညှစ်ပြီး ဖမ်းဆီးရိုက်နှက်တာတွေကအစ ရှိခဲ့တယ်။ ပြောရရင် စစ်တပ်ဟာ အရွယ်သုံးပါးစလုံးကို ဒုက္ခတွေပေးခဲ့တယ်။
ဒီအတွက်ကြောင့်လည်း ကျနော်တို့စိတ်မှာ ဒီကောင်တွေကို ဆယ်သက်မကျေဘဲ နာတယ်။ သို့သော် ကျနော်တို့မှာရှိတဲ့ ပြဿနာက လူစိတ်ရှိနေခြင်းပါပဲ။ ဒီလို လူစိတ်ရှိနေတော့ ဘာဖြစ်လဲဆိုရင် ဒီကောင်တွေ ရက်စက်သလို ကျနော်တို့ ပြန်ပြီး မရက်စက်နိုင်ဘူး။ ကျနော်တို့ဟာ စစ်သားကောင်းပီပီ စနစ်တခုကို တိုက်နေတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဆီမှာ လက်နက်ချအညံ့ခံလာတဲ့ ဘယ်သူ့ကိုမဆို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားရမယ် ဆိုတဲ့အသိ ကျနော်တို့မှာရှိနေတယ်။
ပြီးခဲ့တဲ့ မန္တလေးက စစ်ပွဲမှာ ဒဏ်ရာရလို့ ထားခံခဲ့ရတဲ့ အကြမ်းဖက်စစ်သားတဦးကို MDY-PDF က ရဲဘော်က ရေတိုက်နေတဲ့ ရုပ်သံကို တွေ့ရမှာပါ။
ကျနော်တို့ တော်လှန်ရေးတပ်သားတွေမှာ ရှိနေတဲ့ ပြဿနာက အဲ့ဒါပဲ။ ဘာလဲဆိုတော့ လူပီသတဲ့စိတ်၊ စစ်ကိုမုန်းပေမယ့် မဖြစ်မနေတိုက်ခိုက်ရတဲ့ အချိန်မှာတောင် ကျနော်တို့မှာ လူသားဆန်တဲ့စိတ်တွေ ရှိနေကြတယ်။ ဒါကြောင့်လည်း ကိုယ့်ရန်သူ ဖြစ်နေပါစေဦးတော့ ဒဏ်ရာရလာရင် ရန်သူ၊ မိတ်ဆွေ မခွဲခြားဘဲ ကျနော်တို့မှာ ကယ်တင်ချင်တဲ့စိတ်ရှိတယ်။
ဘာကြောင့်လဲဆိုတော့ ရခဲလှတဲ့ လူ့အသက်တချောင်းကို နှမျောတယ်လေဗျာ။
ကျနော်တို့ကသာ ဒီလိုတွေ ခံစားနေပေမယ့် တကယ်တမ်း စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ်တိုင်ကတော့ သူ့အောက်က အောက်ခြေစစ်သည် တွေအပေါ် အခုလို ကိုယ်ချင်းစာပြီး ခံစားပေးဖို့ မရှိဘူး။
အာဏာရူးတကောင်အတွက် သူ့ရဲ့အာဏာ တည်တံ့ဖို့ကလွဲရင်၊ သူ့မိသားစု ချမ်းသာကြွယ်ဝမှုကလွဲရင် ကျန်တဲ့ အောက်ခြေကလူတွေ ဘာဖြစ်ဖြစ် နည်းနည်းမှ ဂရုမစိုက်သလို တန်ဖိုးလည်း မထားဘူး။ အခုပဲကြည့် ရှမ်းမြောက်က ရမခကြီး တိုက်ခိုက်ခံနေရပြီး အောက်ခြေမှာ အလဲလဲအကွဲကွဲနဲ့ သေကြေနေချိန်မှာ မင်းအောင်လှိုင် အာရုံစိုက်နေတာက ရွေးကောက်ပွဲလုပ်ဖို့နဲ့ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကျင်းပဖို့ပဲ။
ကျနော်တို့မှာတော့ အဖေအရွယ်၊ အဘိုးအရွယ် စစ်သားအိုကြီးတွေနဲ့ သူတို့မိသားစုတွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းခေါ်လာရတာကိုမြင်ပြီး စိတ်မကောင်းဖြစ် တဲ့ ခံစားချက်ရှိပေမယ့် မင်းအောင်လှိုင်ကတော့ သူ့လူတွေအတွက် ဘာခံစားချက်တခုမှ မရှိတာကို မြင်ရတယ်။
အာဏာရှင်ဆိုတာ သိပ်ကြောက်စရာ ကောင်းသလို သိပ်ရွံစရာလည်းကောင်းတယ်။
မင်းအောင်လှိုင်မှာလည်း သားသမီးနဲ့ မြေးတွေရှိတယ်။ ဒါပေမယ့် သူ့မှာ ကိုယ်ချင်းစာစိတ်မရှိဘူး။ တကယ့် တိရစ္ဆာန်တကောင်လို စိတ်ပဲရှိတယ်။ ဒါကြောင့်လည်း သူ့အောက်ခြေစစ်သည်တွေရဲ့ မိသားစုဘ၀တွေကို ထည့်မတွေးဘဲ သေသေကြေကြေပစ်ထားပြီး ရက်ရက်စက်စက် လုပ်နိုင်တာဖြစ်တယ်။ အောက်ခြေစစ်သည်တွေအပေါ်တောင် ဒီလောက်ရက်စက်နိုင်ရင် ပြည်သူလူထုအပေါ် ဘယ်လောက်တောင် ရက်ရက်စက်စက် လုပ်နိုင်မလဲဆိုတာ စဥ်းစားသာကြည့်ပေတော့။
တကယ်တော့ စစ်တပ်မှာ အထက်ကကောင်တွေမှ မဟုတ်ပါဘူး၊ အောက်ခြေစစ်သားတွေ ကိုယ်တိုင်မှာလည်း အကျင့်မကောင်းတာတွေ အများကြီးပါ။ အဖမ်းခံရတော့မှ၊ ဒဏ်ရာရတော့မှ မျက်နှာငယ်လေးနဲ့ တောင်းတောင်းပန်ပန်လုပ်နေတဲ့ ဒီလိုကောင်တွေဆီမှာ တချိန်က ဘယ်လောက်ရက်စက်တဲ့သူတွေ ပါလာမလဲဆိုတာ ကျနော်တို့ လုံး၀မသိနိုင်ဘူး။
သုံ့ပန်းဥပဒေကြောင့်သာ လက်ခံထားရပေမယ့် တကယ်တမ်း နောက်ဆုံးအချိန်ထိ လက်နက်မချဘဲ ခံတိုက်နေတဲ့ကောင်တွေနဲ့ မိတော့မှ ကြောက်ပါပြီဆိုပြီး လက်နက်ချတဲ့ကောင်တွေကိုတော့ ကျနော်တို့ဘက်က လူသားချင်းစာနာစိတ်ထားဖို့ သိပ်မလိုဘူးထင်တာပဲ။
အကြောင်းက သူတို့လက်ကြောင့် သေသွားတဲ့ ကျနော်တို့ရဲဘော်တွေရဲ့ အသက်တွေ ဘယ်လောက်များရှိခဲ့လဲဆိုတာ ဘယ်သူမှ မသိနိုင်လို့ပဲ။ ဒါကြောင့် ရန်သူကို လက်ရ ဖမ်းဆီးမိတယ်ဆိုပေမယ့် ဒီလို ဖမ်းဆီးရရှိထားတဲ့ ကောင်တွေကိုလည်း သေချာစစ်ဆေးပြီး အပြစ်ရှိရင် ရှိသလို စီရင်ချက်ချဖို့လိုတယ်။ နေရာတကာမှာ လူသားဆန်တဲ့စိတ်ကို အမြဲတမ်းထားနေရင်လည်း ဒီကောင်တွေလက်နဲ့ သေသွားခဲ့ရတဲ့ ကျနော်တို့ရဲဘော်တွေရဲ့ အသက်တွေကို နှမျောဖို့ကောင်းသလို အားနာဖို့လည်းကောင်းတယ်။
မင်းအောင်လှိုင်ကိုယ်တိုင်တောင် သူ့လူတွေအပေါ် လူစိတ်မရှိတာ ကိုယ်တွေဘက်က တတ်နိုင်သလောက် လူစိတ်ထားပေးပြီးရင် ရပြီလို့ပဲ ကျနော်ကတော့မြင်တယ်။ အထူးသဖြင့် ဒီလို အယုတ်တမာ အဖွဲ့အစည်းထဲက တိရစ္ဆာန်စိတ်ရှိတဲ့ကောင်တွေ အပေါ်မှာတော့ လူသားဆန်တဲ့စိတ်နဲ့ ဆက်ဆံဖို့ဆိုတာ အတိုင်းအတာ တခုအနေနဲ့ပဲထားပြီး အပြစ်ရှိသူကို အပြစ်ရှိသလို ပြစ်ဒဏ်စီရင်ချင်းက သွားလေသူ ကျနော်တို့ ရဲဘော်တွေနဲ့ ဒီကောင်တွေကို နာကျဥ်းနေတဲ့ ကျနော်တို့ရဲ့ တော်လှန်ပြည်သူတွေရဲ့ စိတ်ကို အတိုင်းအတာတခုလောက် ကျေနပ်မှုရစေမှာတော့ အမှန်ပါပဲ။
ဒါကြောင့် ဖမ်းဆီးရရှိတဲ့ သုံ့ပန်းတွေကိုလည်း ကြီးသည်၊ ငယ်သည်၊ ဒဏ်ရာရသည် မခွဲခြားဘဲ သေချာစိစစ်ပြီး အပြစ်ရှိသူကို ရှိတဲ့အတိုင်း ပြစ်ဒဏ်စီရင် ပေးဖို့ကို တော်လှန်ပြည်သူတွေကိုယ်စား ဒီနေရာကနေ ကျနော်က တောင်းဆိုချင်ပါတယ်။
Be the first to comment