
‘အသက်တွေနဲ့ လောင်းကြေးထပ်ရတဲ့ Game’

ကလင် … ကလင် … ကလင် …
မီးဖိုချောင်မှာ အလုပ်ရှုပ်နေတုန်း ရုတ်တရက် ဖုန်းဝင်လာတော့ ကျနော့်ဖုန်းကို တချက် ထုတ်စစ်မိလိုက်တယ်။ သိပ်အရေးမကြီးတဲ့ဖုန်းဆို နောက်မှ ပြန်ဆက်ဖို့၊ ဒါမှမဟုတ် စာချန်ခဲ့ဖို့ ပြောမယ်ဆိုပြီး ဖုန်းကိုကြည့်လိုက်တဲ့အချိန်မှာ ကျနော့်ကိုဖုန်းခေါ်တဲ့သူက ကျနော့်ဦးလေးဖြစ်နေတယ်။
ပုံမှန်ဆို မီးဖိုချောင်မှာ busy ဖြစ်တတ်တဲ့ lunch time လို အချိန်မျိုးမှာ ကျနော့်ဦးလေးက ဖုန်းခေါ်လေ့ခေါ်ထ မရှိတာကြောင့် ခုလို သူ့ရဲ့ call ကိုမြင်တော့ သူ တခုခု အရေးကြီးတာများ ပြောစရာရှိလို့လား မသိဘူးဆိုပြီး ကျနော်လည်း ချက်ချင်းကောက်ကိုင်လိုက်တယ်။
“ဟလို ဦးလေး ပြော”
“အေး ဟရောင် ငါမင်းကိုပြောစရာရှိလို့၊ မင်းစိတ်ကိုတော့ ငြိမ်ငြိမ်ထားကွာ”
“မင်းအဖေ ဆုံးပြီ”
“ဗျာ”
“အေး ဟုတ်တယ် … မင်းအမေ ငါ့ဆီဖုန်းဆက်တာ … ခုနကပဲ မင်းအဖေ ဆုံးသွားပြီ”
“တူကြီး မင်းစိတ်ကို လျှော့ထားကွာ … ငါတော့ မင်းအစား မြန်မာပြည်ကို ပြန်ပေးမယ်။ မင်းက စာအုပ်သက်တမ်းတိုးတာလည်း မရသေးဘူးဆိုတော့ မင်းအစား ငါပဲ မင်းမိသားစုဆီပြန်ပြီး သူတို့လိုတာကို လုပ်ပေးမယ်”
ကျနော် ဟုတ်ကဲ့လို့ ပြောလိုက်တာလား၊ အဲ့နောက်ပိုင်း ကျနော် ဘာတွေ ဆက်ပြောမိလဲဆိုတာ ခုထိ ပြန်စဥ်းစားလို့ မမှတ်မိတော့ဘူး။
မှတ်မိတာတခုကတော့ အဖေဆုံးပြီ ဆိုတဲ့အသံကို ကြားကြားချင်း အရင်ဆုံး ကျနော့်မျက်လုံးထဲ အဖေ့ပုံရိပ်တွေက တဖျတ်ဖျတ်နဲ့ ပြန်ပြီး မြင်ယောင်လာတာပါပဲ။
လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ အဖေနဲ့ ဖုန်းပြောဖြစ်တယ်။ အဖေက အသည်းကို ဆေးဖျန်းနေရပြီဆိုတာကြောင့် အဖေ့ကို ကျန်းမာအောင်နေဖို့နဲ့ ပြန်လာရင် ကျနော်တို့သားအဖ အတူတူသောက်ပြီး အဖေအရမ်းကြိုက်တဲ့ ခင်ဝမ်းရဲ့”ဆယ်လမွန်ငါးတို့အပြန်” သီချင်းကို အတူတူ ဆိုကြမယ်ဆိုပြီး ပြောခဲ့ကြသေးတယ်။
အခုတော့ အဖေဆုံးပြီတဲ့။
တကယ်တော့ တနေ့မှာ အဖေ့ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကြောင့် အဖေ့ရဲ့ နာရေးသတင်းကို ကြားရမယ်ဆိုတာ ကြိုသိပြီးသားပါ။ ဒါကြောင့်လည်း စိတ်ကို တတ်နိုင်သလောက် လျှော့ထားတယ်ဆိုပေမယ့် တကယ်တမ်း ရုတ်တရက် ဆုံးပြီဆိုတဲ့အသံကို ကြားလိုက်တော့ ကျနော် အတော်လေး ရှော့ရတယ်။
ကျနော် ထိုင်ပြီး ငိုမိတယ်။
နောက်ပြီး အမေ့ဆီလည်း ဖုန်းဆက်ရင်း အားပေးစကားပြောမိတယ်။ စိတ်ဓာတ်မကျဖို့နဲ့ ကျနော်တို့ရှိသေးတယ် ဆိုတဲ့အကြောင်းပေါ့။ ဒါပေမယ့် ဘယ်လိုပဲ ကျနော်ရှိတယ်ပြောပြော အမေ့အနေနဲ့ သူဆုံးရှုံးလိုက်ရတာက သူ့ရဲ့ ငယ်ချစ်လည်းဖြစ်၊ ငယ်လင်ငယ်မယားလည်းဖြစ်ပြီး နှစ်ပေါင်းများစွာ သံယောဇဥ် တွေနဲ့ အတူရှိခဲ့တဲ့သူကို ဆုံးရှုံးလိုက်ရတာလေ။ ဒီနေရာမှာ ကျနော့်အဖေက သူအသက်ရှင်စဥ်မှာ မိသားစုအပေါ် တာ၀န်ကျေခဲ့သည်ဖြစ်စေ၊ တာ၀န်မကျေခဲ့သည်ဖြစ်စေ အမေ့အနေနဲ့ကတော့ အိမ်တအိမ်ရဲ့၊ မိသားစုတစုရဲ့ အိမ်ဦးနတ်ကို ဆုံးရှုံးလိုက်ရတာပဲဖြစ်တယ်။
တနေ့က အမေရိကန် စစ်ကားတကားကို ကြည့်မိတယ်။ အဲသည်စစ်ကားထဲမှာ ရင်ထဲထိတဲ့ အခန်းတခုက မိမိလင်ယောကျ်ားတွေ ရှေ့တန်းကိုသွားချိန်မှာ နောက်တန်းမှာကျန်ခဲ့တဲ့ မိန်းမဖြစ်တဲ့သူတွေဆီ ကျဆုံးစစ်သည်တွေရဲ့သတင်းကို လာပြီး အကြောင်းကြားစာပို့တဲ့ကား ဝင်လာတဲ့အခန်းပဲ။
ဘယ်သူကျသွားမှန်းမသိပေမယ့် အဲသည့်ကားက စစ်တပ်ရဲ့ အိမ်ထောင်သည်လိုင်းခန်းထဲကို ဝင်လာရင် အိမ်ထဲမှာရှိတဲ့ မိန်းမဖြစ်တဲ့သူတွေက မှန်ပြူတင်းပေါက်ကနေ ချောင်းကြည့်ပြီး သူတို့အိမ်ရှေ့မှာ အဲဒီကားမရပ်ဖို့ကို ဆုတောင်းကြတယ်။ သူတို့အိမ်ရှေ့ကနေ ကားက ကျော်သွားတော့မှ မိန်းမဖြစ်သူရဲ့ စိတ်ထဲက စိုးရိမ်ပူပန်မှုတွေလည်း ကျသွားတာကို မြင်ရသလို အိမ်ရှေ့မှာ ကားကို ရပ်လိုက်ပြီဆိုရင်လည်း အိမ်ထဲက မိန်းမဖြစ်သူက အရုပ်ကြိုးပြတ် ငိုကြွေးတော့တာပဲ။
ရှေ့တန်းမှာ စစ်သွားတိုက်တဲ့ မိမိယောကျ်ားရဲ့ သတင်းဆိုးကို ဘယ်သူကမှ ကြားချင်မှာမဟုတ်သလို ဒီလိုသတင်းစကားကို လာပြောတဲ့သူတွေကလည်း မပြောရက်ဘူး/မပြောချင်ဘူး ဆိုတဲ့ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းရဲ့ ပီပြင်ချက်က တကယ့် အပြင်ကဘ၀တွေကို မြင်ရသလိုပါပဲ။ ကိုယ့်ရဲဘော်၊ ကိုယ့်လုပ် ဖော်ကိုင်ဖက် ကျသွားတယ် ဆိုတဲ့သတင်းက ဝမ်းသာစရာသတင်း မဟုတ်တဲ့အတွက် လာပြောတဲ့သူတွေကလည်း ပြောရတာ ဝမ်းနည်းသလို ဒီသတင်းစကားကို ကြားရတဲ့ မိသားစုအနေနဲ့လည်း သူတို့ရဲ့ ပူဆွေးဝမ်းနည်းမှုက အတိုင်းအဆမရှိဘူး။
ဒီလိုခံစားချက်နဲ့ အတွေ့အကြုံကို ကိုယ့်ဘက်ကရဲဘော်တွေ ကျချိန်မှာ အမြဲလို ကြုံတွေ့ခဲ့ရတယ်။ ဥပမာ ကျနော်တို့ သူငယ်ချင်းတွေထဲက တယောက် ယောက် ရှေ့တန်းမှာ ကျသွားပြီဆိုရင် နောက်တန်းက သူ့မိသားစုကို သတင်းစကားပါးပြီး သူ့လင်၊ သူ့သား ကျဆုံးသွားကြောင်းကို ပြောဖို့အတွက် ကျနော်တို့မှာလည်း အတော်လေး အားယူရတယ်။
ကျနော့်အဖေလို သူ့အခြေအနေက လက်လွှတ်ရတော့မယ် ဆိုတာကိုသိပြီး ကျန်ရစ်မယ့်မိသားစုက ကိုယ့်စိတ်ကို ကြိုပြီး ပြင်ထားခဲ့တာတောင် တကယ်တမ်း သူထွက်သွားတဲ့အချိန်မှာ ကျနော်တို့က နာကျင်ရတယ်ဆိုရင် ရှေ့တန်းက မိမိရဲ့ လင်ယောကျ်ား၊ ကိုယ့်ရဲ့သားသမီး ကျသွားပြီ ဆိုတဲ့ =သတင်းကို ရုတ်တရက် ကြားလိုက်ရတဲ့ မိသားစုရဲ့ ခံစားချက်ကတော့ အထူးပြောစရာ မရှိဘူးမဟုတ်လား။
အမှန်တိုင်းပြောရင် ဒီအခြေအနေကြီးကို အဆုံးသတ်ချင်ပြီ။
တိုက်ပွဲအလီလီနဲ့ အောင်မြင်မှုတွေလည်း ရတယ်ဆိုပေမယ့် ဒီလို အောင်မြင်မှုတွေရဲ့နောက်မှာ ပေးဆပ်ထားရတဲ့ ရဲဘော်တွေရဲ့ အသက်တွေကလည်း မနည်းသလို သူတို့ကျဆုံးပြီဆိုတာကို ပြောရတိုင်း နာကျင်ရတဲ့ ခံစားချက်တွေကလည်း မနည်းဘူး။
ဒါပေမယ့် ပွဲမပြီးမချင်း ကျနော်တို့တွေ ဆက်ပြီး တိုက်ရမှာဖြစ်သလို အဲဒီ နောက်ဆက်တွဲဖြစ်တဲ့ အောင်ပွဲတွေနဲ့အတူ ကိုယ့်ဘက်က ရဲဘော်တွေရဲ့ ပေးဆပ်အနစ်နာခံရတဲ့ သတင်းတွေကလည်း ဆက်ပြီး ကြားနေရဦးမှာဖြစ်တယ်။
စစ်ပွဲဆိုတာ အသက်တွေနဲ့ လောင်းကြေးထပ်ထားရတဲ့ Game တခုပဲ မဟုတ်လား။ ဒါပေမယ့် မတူတာတခုက ဒီ Game က သေပြီး ပြန်မရှင်တော့တာဘဲ။
Be the first to comment