9
ဟာရှိန်း
‘အိမ်ပစ်ရွာပြေး’
အနှစ်သုံးဆယ်
ဘာများရခဲ့သလဲ
ရွာကိုပြန်လာတော့
ရွာကမရှိတော့သလောက်ဖြစ်နေပြီ
ဟောဒီမှာလမ်း၊ဟောဒီမှာကျောင်း
ဟောဒီမှာ စပါးကျီတိုက်
မှတ်ဥာဏ်ကို မနည်းပြန်ခေါ်ရတယ်
ဘာမှမရှိတော့ပဲလေ။
ထင်းရှူးအတွင်းသားတွေဆီကလာတဲ့ရနံ့
တောင်ယာမြေသင်းနံ့
နှပ်တွဲလောင်းကလေးတယောက်ရဲ့
ဖြူစင်သော ရနံ့
ခြေရာတွေပြန်ကောက်တော့
ဆူးခြုံတွေကြား အုတ်အကျိုးအပျက်ပုံတွေ
ခင်တန်းသွယ်ပေါ် သပ္ပါယ်စွာကိန်းဝပ်တော်မူတဲ့
ထိုင်တော်မူရုပ်ပွားတော်ဟာ
ငါ့ကို နားလည်သနားစွာကြည့်တော်မူ
အနှစ်သုံးဆယ် သင်ပျောက်ခဲ့တာလို့ အပြစ်တင်တော်မမူပုံပါပဲ။
တောနဲ့တောင်
တိမ်နဲ့မှိုင်း
အခုတော့ ဝဥခင်းတွေချည်း
ကမ္ဘာမြေဟာ
သက်သတ်လွတ်တကယ်ကြိုက်သလား
ရှေးကအတိုင်း သစ္စာပန်းတွေမိုးဦးကျလို့
တချို့နေရာတွေမှာ
နနွင်းတက်တွေ နနွင်းနက်တွေ
ထိုးထိုးထောင်ထောင် စိမ်းလန်းလို့
နောက်ကျခဲ့သူကို မမေ့မလျော့ကြိုဆိုနေကြတာလား။
စစ်ဘေးရှောင်ရင်း မျက်ရည်တွေ့မိတဲ့နေ့များပါပဲ
ကိုယ့်ကိုယ်ကို ပြန်ရှာနေရတဲ့နေ့များပါပဲ
ခမ်းနားကြီးကျယ်ခဲ့သော
ငါးကန်တွေ ရေခန်းသွားတော့မှ
ရေနည်းငါးတကောင်လို
ငါတို့ပျံလာ ပြန်ရောက်ကြပုံတွေ
အသွေးနဲ့အသားနဲ့တော်လှန်ရေးကြီးမှာ
အသိုက်ကိုပြန်လာတဲ့ ငါတို့ဖြစ်အင်တွေ
အနှစ်သုံးဆယ် ဘယ်များရောက်နေခဲ့သလဲ
အခု
တော်လှန်ရေးကိုအပါခေါ်ပြီး
အိမ်ကိုပြန်ရောက်လာခဲ့ပြီ
ဒါနဲ့….
ငါတို့အိမ်ကဘယ်မှာပါလဲ။
၁၇၊ဇူလိုင်၊၂၀၂၁။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
