1
ညီလင်းအိမ်
“ကြယ်တပွင့် လောင်ကျွမ်းခြင်း”
ဖရက်ဒီ မာကျူရီ အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကို ကြည့်ရတော့ ကျနော့်မှာ ငိုမိပြန်ပါတယ်။ ငိုတဲ့အကြောင်းရင်းကတော့ ခံစားချက်အစုံပါပဲ။ ဆန်းစစ်ရင် သူ့အတွက် ဝမ်းနည်းတာ၊ ယူကြုံးမရ ဖြစ်ရတာ၊ ပြီးတော့ ကြည်နူးရတာ စလို့ ခုလို စိတ်ခံစားချက်တွေက ထိန်းမရအောင်ရုန်းကြွလာတဲ့အထိ သူ့ရဲ့အနုပညာက လွှမ်းမိုးသွားတဲ့အခါမှာ မျက်ရည်ပူတွေကို ဘယ်လိုမှ မထိန်းနိုင်တော့ပါဘူး။ နောက်ဆုံး ဝင်ဘာလေကွင်းကြီးထဲမှာ ဖျော်ဖြေတာ မြင်ရချိန်ဟာ အင်မတန်မှ ကြေကွဲနာကျင်ရတဲ့ အခိုက်အတန့်ပါပဲ။ သူက သူဘာဖြစ်နေပြီဆိုတာကို အလုံးစုံမေ့လိုက်ပြီး ဂီတအနုပညာဟာ သူပဲ ဖြစ်တယ် ဆိုတာကို လုံးဝဥဿုံ မြင်လိုက်ရတဲ့ အချိန်။
ဖန်ဆင်းရှင်ဟာ အန္တိမလူသားတယောက်ကို ပေးပစ်ပြီးမှ ကျနော်တို့လူသားများအတွက် ဘာနဲ့မှလဲလို့မရသော သူ့ရဲ့ အနုပညာရပ်က ပေးစွမ်းတဲ့ ခံစားမှုအလုံးစုံကို ရရှိပိုက်ထွေးနေရတာတွေ မြင်ရလို့ မနာလိုမှု အားကြီးသလား မပြောတတ်ပါဘူး။ ဖရက်ဒီဆိုတဲ့ လူသားကလေးကို ရက်စက်မှုတွေ အပြည့်နဲ့ပဲ ကျနော်တို့ ကမ္ဘာကြီးထဲကနေ ပြန်လည်ရယူဖို့ လုပ်ဆောင်လိုက်ပါသတဲ့။ အဲတော့ ကျနော်တို့ ငိုရပြီပေါ့ခင်ဗျာ။ ဒီလိုလူမျိုးအတွက်နဲ့မှ မငိုမိရင် ဘယ်လိုနေရာမှာ သွားငိုရတော့မှာလဲ။ ငိုရတဲ့အကြောင်းရင်းတွေလည်း ကြည့်ဦးလေ။
ကျနော်တို့တွေအတွက် သူဖန်တီးပေးခဲ့တဲ့ အနုပညာအလုံးစုံဟာ ဘယ်လိုရုပ်ဝတ္ထုနဲ့မှ ထပ်တူထား တန်ဖိုးဖြတ်လို့ မရတဲ့ အရာတွေ။ သူက ခုလို ဟစ်ကြွေးတယ်။ ငါက ဒီဂီတအတွက် လူဖြစ်လာရသူ သက်သက်တဲ့။ ဒါပေမဲ့ဗျာ။ ဘဝကြီးက သူ့ကိုပေးစွမ်းတဲ့ တန်ပြန်ရလဒ်တွေက ချိုမြိန်ပျော်ရွှင်ရမှုတွေမှ မဟုတ်တာ။ ဒီလိုလူမျိုးတယောက်ကို အမှောင်တိုက်တွေကြားထဲပဲ ဆွဲချတဲ့ ရက်စက်တဲ့ ဘဝကြီးလေ။ ရွှေ့ပြောင်းမိသားစုက ဆင်းသက်လာသူအနေနဲ့ ငယ်စဥ်ကတည်းက ဖိနှိပ်မှု၊ လှောင်ပြောင်မှုတွေ အကြားမှာ ကြီးပြင်းလာခဲ့ရသူ။ ရှေးရိုးစွဲမိဘတွေအကြားမှာ ဒီဂီတကိုပဲ အရူးအမူး ဖန်တီးလိုတဲ့ သူ့ခမျာမှာ ရည်မှန်းချက်တွေ ဖြစ်လာဖို့ ဘယ်လောက်တောင် အားတင်းခဲ့ရမလဲ မသိ။ ဘာနောက်ခံမှ မရှိ၊ ဘာမျိုးရိုးမှ မရှိ။ နောက် သူ့ဘက်မှာလည်း ဘယ်သူမှ လိုက်ပါအားပေးသူ မရှိ။
ဒီလို ဘယ်သူမှ မရှိတဲ့ ဗလာဟင်းလင်း အခြေအနေကြီးကပဲ သူ့ကို အမြင့်ဆုံးနေရာအထိ ရောက်စေအောင် တွန်းအားအဖြစ် ခံယူခဲ့တာမျိုး။ ဖရက်ဒီတို့ လူဖြစ်လာရတဲ့ အချိန်က ကမ္ဘာကြီးတခုလုံးက အသစ် အသစ်ဆိုတာကို အရာရာတိုင်း တောင်းဆိုနေတဲ့ ကာလတွေ။ ရုပ်ရှင်လည်း သစ်မှ၊ ဂီတလည်း သစ်မှ။ ဆိုတော့ ယင်းကာလထဲ ပေါ်ထွန်းလာသမျှ လူတွေကလည်း ဒီကမ္ဘာမှာ ဖြစ်ထွန်းလာတာ ဟုတ်ရဲ့လားတောင် သံသယရှိလောက်အောင် မိမိတို့ ရည်သန်ရာ အနုပညာဘာသာရပ်အလိုက် တဖက်ကမ်းခပ် ထူးချွန်ကြတဲ့သူတွေ။ အဲဒီလိုထဲမှာ ဖရက်ဒီတို့မှာလည်း ထိပ်တန်းမှာ ရှိနေဖို့ သာမန်စိတ်ပြင်းပြမှု၊ ဖန်တီးလိုမှုလောက်နဲ့တော့ ဘာတခုမှ ဖြစ်လာစရာ အကြောင်း မရှိဘူးလေ။
ဒါကြောင့်လည်း သူတို့တွေက ရှေးရိုးစွဲအရာတွေကို ချိုးဖျက်သင့်တာကို ရဲရဲရင့်ရင့် ချိုးဖျက်၊ နောက် ပေါင်းစပ်လို့ ရမယ့်အရာဆိုရင်လည်း ရှိရင်းစွဲ ဂီတနဲ့ သူတို့စိတ်ဆန္ဒတွေကို အချိုးညီညီ ပေါင်းစပ်ပြီးနောက် ကမ္ဘာတည်သရွေ့ ဘယ်တော့မှ ဟောင်းသွားမှာ မဟုတ်တဲ့ အနုပညာတွေကို ဖန်တီးကြတော့တယ်။ ဒိနောက်မှာတော့ Queen Band နဲ့အတူပဲ ဂီတအရွေ့တခုကို သယ်ဆောင်လာခဲ့ကြတယ်။ ကျနော်တို့ အမြင်မှာတော့ ဖရက်ဒီတို့က အမြင့်ဆုံး အခြေအနေကို တက်လှမ်းလိုက်ပြီးပြီ။ ဒါ့ထက် အောင်မြင်မှုမျိုးတော့ မရှိနိုင်တော့ဘူး။ အဲတော့ သူ့ဘဝအတွက် ဘာတွေများ နာကျင်ခံစားနေစရာ ရှိတော့လို့တုန်းပေါ့။
အချစ်။ အချစ်ဆိုတဲ့အရာပေါ့။ ကိုယ်မပိုင်ဆိုင်ရတော့ဘဲ လက်လွတ်ကျကွဲလိုက်ရတော့တဲ့ အနာဟာ ဘယ်လိုအရာမျိုးနဲ့မှ ကုသလို့မှ မရခဲ့တာ။ မယ်ရီက သူ့ရဲ့ အချစ်ဦး။ သူ့ဘဝ ဇီးရိုးမှာကတည်းက သန်းပေါင်းများစွာသော ဇီးရိုးဂဏန်းကလေး တလုံး ဖြစ်လာအောင် အရာရာတိုင်းကို ထပ်တူရှိနေပေးခဲ့တဲ့။ သူပြုလုပ်ခဲ့သမျှ အဆင်မပြေမှုတွေ၊ မအောင်မြင်မှုတွေ ရှိခဲ့တိုင်းလည်း ဘယ်သောအခါမှ စွန့်ခွာခဲ့တာမျိုးမရှိခဲ့တဲ့ ကောင်မလေး တယောက်လေ။ ကြယ်တွေချည်း လင်းလို့မှ မရတာ။ ဒါတွေကို ချိတ်ဆွဲထားဖို့ ကောင်းကင်ကြီးတခု လိုအပ်သလိုပေါ့။ နှင်းတွေကျလို့လည်း အေးနေစရာ အကြောင်းမရှိဘူးလေ။ ဖရက်ဒီအတွက် ကောင်းကင်ကြီးဆိုလည်း သူမပါပဲ။ မီးလင်းဖို ကလေးလို နွေးပေးရမှာဆိုလည်း လောင်ကျွမ်းခံပေးဖို့ အသင့်ရှိတာ သူမပဲ။ ဖရက်ဒီဟာ သူမရဲ့တန်ဖိုးကို လုံးဝ သိခဲ့တယ်။ မယ်ရီသာ သူ့နံဘေးမှာ မရှိခဲ့ရင် မယ်ရီနဲ့သာ မဆုံဆည်းခဲ့ရရင် ဒီလိုအခြေအနေ လုံးဝဖြစ်မလာဘူး ဆိုတဲ့အထိ မယ်ရီက သူ့အပေါ်ကို လွှမ်းမိုးထားစေခဲ့တာ။ ဒိအတူ သူ့ဘဝ Career တခုလုံး မယ်ရီမပါဘဲနဲ့လည်း ဆက်လျှောက်လို့ မဖြစ်နိုင်ဘူးဆိုတာလည်း ရင်နှင့်အမျှ ပိုက်ထွေး သိမိနေခဲ့ပါတယ်။
ဒါပေမဲ့ အဆုံးမတော့ မယ်ရီကလည်း သူ့အပေါ်ကို နားမလည်နိုင်တော့ဘူး။ သူ့အချစ်ကို မယုံကြည်တော့ဘူး။ သူဟာ လိင်စိတ်နှစ်မျိုးစလုံး စွဲလမ်းသူပါလို့ ဝန်ခံလိုက်တဲ့တိုင်အောင် မယ်ရီက လမ်းခွဲခဲ့ပါတယ်။ သူမယ်ရီကို ချစ်တဲ့အချစ်မျိုးက တလောကလုံးက ခက်ထန်ရက်စက်မှုတွေ၊ ညစ်ပတ်နံစော်လှတဲ့ သတ်မှတ်ချက် Definition အမျိုးမျိုးတွေရဲ့ ဖျက်ဆီးအုပ်မိုးမှာကို စိုးစိတ်နဲ့ ခေတ်အဆက်ဆက် နေမထိလေမထိအောင် ဖုံးအုပ်ထားခဲ့တဲ့ ကတ္ထီပါခြုံလွှာတွေအောက်က ပိုးသားဝတ်လွှာစကလေးရဲ့ ရာနှုန်းပြည့်သန့်စင်နေမှု မျိုးလိုပါပဲ။ မယ်ရီအပေါ် ထားရှိတဲ့ သူ့ချစ်ခြင်းက သားသည်က မိခင်ကို ချစ်သလိုမျိုး နက်ရှိုင်း သန့်စင်လွန်းခဲ့တာ။ အင်မတန် မြင့်မားတဲ့ ကမ်းပါးစွန်းနား ရောက်နေပါဦး။ အောက်မှာ မယ်ရီ ရှိတယ်ဆိုရင် ဟစ်အော်ပြီးတောင် ရဲရဲကြီး ခုန်ချလိုက်မယ် ဆိုတဲ့ အားကိုး ယုံကြည်မှုမျိုး။ အဲဒါကို မယ်ရီ မသိလေရော့သလား။
ဘယ်လောက်တောင် ဂတ်စ်ဘီ ဆန်သလိုက်။ မယ်ရီရဲ့ အရိပ်အငွေ့လေး မြင်ရလည်း နေပျော်ပါတယ် ဆိုတဲ့ စိတ်ကလေးနဲ့တဲ့။ အိမ်ဆောက်တာတောင် မယ်ရီ အိမ်နားမှာတဲ့။ သူက မီးကလေးဖွင့် အချက်ပြလိုက်လို့ မယ်ရီကလည်း ပြန်အချက်ပြရင် သူ့မှာ ဆွေ့ဆွေ့ခုန် ကြည်နူးနေသတဲ့။
ဘဝကြီးက ဘာလို့များ ဖရက်ဒီလို လူကို အမှောင်တိုက်ကြီးထဲပဲ ခုန်ဆင်းစေခဲ့တာလဲ။ ဘာကြောင့် ရက်စက်မှုတွေ၊ အထီးကျန်မှုတွေ၊ တကိုယ်ရည် နာကျင်ခံစားမှုတွေချည်းပဲ ပိုလို့ ပေးစွမ်းခဲ့တာလဲဗျာ။ ဖရက်ဒီဟာ သူ့ကောင်တွေနဲ့ စကားများတော့ သူပြောတဲ့ စကားတခုက အင်မတန်မှ နာကျင်စရာ ကောင်းလွန်းလှတယ်။ မင်းတို့က တယောက်တည်း ဘဝ မဟုတ်ဘူး။ မိန်းမရှိတယ်။ သားသမီးတွေနဲ့ ပျော်စရာကောင်းတဲ့ မိသားစုတွေ ရှိကြတယ်။ ငါ့မှာ ဘာတခုမှ မရှိဘူးကွ တဲ့။
နှင်းတွေ သိပ်သိပ်သည်းကျနေတဲ့ညက မယ်ရီ သူ့အိမ်ထဲကို လာတော့ ဆိုဖာခုံကလေးပေါ်မှာ ခွေခွေကလေး အိပ်ပျော်နေရှာတဲ့ ဖရက်ဒီကို မြင်ရတာဟာ ရင်ဆို့ခဲ့ရပါတယ်။ မယ်ရီကို မြင်လိုက်တော့ ဆယ်စုနှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့ရတဲ့ မိခင်ကို ပြန်မြင်ရလို့ ပျော်သွားတဲ့ သားတယောက် သဏ္ဍာန်မျိုး မယ်ရီရှိရာကို ချက်ချင်း ထပြေးတာတဲ့။
မယ်ရီရဲ့ စွန့်ခွာမှုကို ခံရပြီးတဲ့နောက် သူ့ဟာ လေလွင့်ရွက်ခြောက်လိုပဲ ဘဝကို ခြောက်သွေ့ကျွမ်းမြပစ်စေတာကို မြင်ခဲ့လိုက်ရတယ်။ အတ္တတခုလုံး ဘဝတခုလုံးနဲ့ရင်း ချစ်ရသူအနားမှာ မရှိနေမှတော့ တကမ္ဘာလုံးက သူ့ကို ချစ်တဲ့စိတ်နဲ့ ပို့လိုက်ကြတဲ့ ပန်းစည်းတွေက တလောကလုံးနီးပါး ပြည့်လို့နေလည်း ဘယ်မှာ ပျော်ရွှင်ရမှာလဲလေ။ ချစ်တတ်တဲ့သူတိုင်း ဒီဖီလင်ကို အပြည့်အဝ ကိုယ်ချင်းစာတတ်ကြမယ် ထင်ပါရဲ့။ ဒီလိုနဲ့ပဲ ဖရက်ဒီ သူ့ သိစိတ်ကို ချက်ချင်းဆွဲဖမ်းပြီး မီးအိမ်ကို ငြိမ်းမယ်လုပ်တော့ နောက်ကျခဲ့ပြီ။ သူ့တကိုယ်လုံး နီးပါးကို လောင်ကျွမ်းသွားခဲ့ပြီ။
ရီဝေမှုန်ဝါးစပြုနေပြီဖြစ်တဲ့ မျက်လုံးနှစ်လုံးကို နေကာမျက်မှန်ကလေး တပ်ပြီး ဂျိုင်းပြတ်စွပ်ကျယ် အဖြူကလေး ဝတ်ထားရင်း စတိတ်စင်ပေါ်ကို ပြန်တက်လာပုံက ဂီတလောကထဲကို စရောက်ခါစတုန်းက မြင်ရတဲ့ ဖရက်ဒီကို ပြန်တွေ့လိုက်ရသလိုပဲ။ ငြိမ်းအံ့ဆဲဆဲ မီးတောက်တွေ၊ ကြွေလုဆဲဆဲ ပန်းတွေ၊ ခမ်းလုဆဲဆဲ စမ်းအိုင်တွေ။ အဲဒီခဏမှာ သွားကြည့်ရင် ပိုလို့တောက်လောင်တာ၊ ပိုလို့ မွှေးပျံ့တာ၊ ပိုလို့ ကြည်မြနေတာမျိုးတဲ့။ တီးခတ်နေကြတဲ့ သူငယ်ချင်းတွေဟာ ကြေကွဲနာကျင်မှုတွေ အသီးအသီးနဲ့။ သူ့ကောင်ကို ငေးကြည့်နေကြတယ်။ စတိတ်စင်ပေါ်မှာ မြင်နေရတာဟာ သူမဟုတ်တော့။ ဟိုးဘက် ကောင်းကင်နံရံမှာ ကြယ်တပွင့်အဖြစ် အရောင်ပြောင်းစပြုနေပြီ ဖြစ်တဲ့ လူတယောက်ကို ကြည့်နေရတာ။ ကမ္ဘာကြီးရဲ့ သက်တမ်း ဆယ်ခါလောက် အရေခွံလဲပါစေဦး သူလိုမျိုး ဘယ်တော့မှ ထပ်ပေါ်လာတော့မှာ မဟုတ်တဲ့ လူသားတယောက်ရဲ့ နောက်ဆုံး ညနေဆည်းဆာတွေကို ရင်နာနာနဲ့ပဲ ငေးကြည့်နေကြရတာလေ။
ကွင်းအတွင်းမှာတော့ လူသားတွေဟာ သူ့အနုပညာရပ်နဲ့ အတူ စီး မျောလို့။ We Are Champion သီချင်းမှာ ခံစားသူ ကျနော်ရော သူတို့ရော။ Queen ဝိုင်းတော်သားတွေရော။ ဒီကမ္ဘာလောကကြီး တခုလုံးရော။ ငိုလို့။ ကြေကွဲကြည်နူးစွာ မျက်ရည်တွေ သက်ဆင်းလို့။
ရုပ်ရှင်ရည်ညွှန်း- Bohemian Rhapsody Movie(2018)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
