ညီလင်းအိမ်
ဗင်နီဇွဲလားနိုင်ငံက ရှိရင်းစွဲ အဖြစ်အပျက်တွေကိုပဲ ပြန်ပြောင်း အခြေခံထားတဲ့ ယခုရုပ်ရှင်ဟာ လက်ရှိ ကျနော်တို့တိုင်းပြည်မှာ ဖြစ်ပွားနေတဲ့ အခြေအနေ
တွေနဲ့ တထပ်တည်းနီးပါး တူညီနေခဲ့ပါတယ်။ ပြောရရင် လက်ရှိ စစ်အာဏာရှင်ရဲ့ ဖိနှိပ်ညှဥ်းပန်းမှု၊ စစ်ကြောရေးစခန်းတွေကနေ အသက်မသေဘဲ လွတ်မြောက်လာတာတွေ၊ နောက် ဝရမ်းထုတ် ဖမ်းဆီးမှုကြောင့် ပြည်ပ နိုင်ငံရပ်ခြားဆီကို လွတ်ရာပယ်စား ပြေးလွှားရှောင်တိမ်းကြရတဲ့ နိုင်ငံရေး တက် ကြွ လှုပ်ရှားသူတွေအဖို့တော့ ဒီရုပ်ရှင်ကို ကြည့်မိရချိန်မှာ ဒေါသဖြစ် နာကျင်ရတဲ့ ခံစားမှုတွေကို တသီကြီး ရရှိစေမှာ အမှန်ပါပဲ။
သိကြတဲ့အတိုင်း ဗင်နီဇွဲလားမှာလည်း ကျနော်တို့နိုင်ငံကဲ့သို့ ဖိနှိပ်အုပ်ချုပ်လိုတဲ့ အာဏာရှင်စနစ်ဆိုးနဲ့ ရင်ဆိုင်နေကြရတယ်။ Maduro အာဏာရှင်အစိုးရရဲ့ ဖိနှိပ်လာမှုတွေကြောင့် အဘက်ဘက်က ဆင်းရဲကျပ်တည်းမှုတွေနဲ့ ကြုံလာကြရတဲ့အခါမှာ မခံရပ်နိုင်တော့တဲ့ ပြည်သူပြည်သားတွေဟာ အာဏာရှင်အစိုးရကို ဆန့်ကျင်ဆန္ဒပြကြပါတယ်။ လမ်းပေါ်ထွက်ပြီး အုပ်ချုပ်သူအစိုးရကို အလိုမရှိတဲ့ ကြောင်း ဟစ်ကြွေး သပိတ်မှောက်ကြတယ်။ ဒီလိုထဲမှာ ပညာတတ် တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြတဲ့ ဆိုင်းမွန်တို့ သူငယ်ချင်းတစုလည်း ပါဝင်ခဲ့ကြတယ်။ သူတို့တွေအနေနဲ့လည်း ဖိနှိပ်သူ အာဏာရှင်ကို လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ရုံမှတပါး အခြား ရွေးချယ်စရာ မရှိတာမို့ ကျနော်တို့ဆီက နွေဦးတော်လှန်ရေး ကနဦး ဆန္ဒပြပွဲတွေလိုပဲ တခဲနက်တည်း ဆန္ဒထုတ် ဖော်ကြတဲ့အချိန်မှာ ဗင်နီဇွဲလားရဲ့ စစ်အာဏာရှင်ကလည်း မအလနဲ့ ထပ်တူပါပဲ။ လက်နက်အင်အားသုံးပြီး အကြမ်းဖက် ဖြိုခွဲပစ်ကြတယ်။ သ*တ်ဖြတ်ပစ် ကြတယ်။ တက်ကြွလှုပ်ရှားသူတွေကိုလည်း ဖမ်းဆီးအကျဉ်းချပြီး စစ်ကြောရေးစခန်းမှာ ရက်စက်တဲ့နည်းလမ်းတွေကို အသုံးပြုပြီးတော့ နှိပ်ကွပ်ပစ်ပါတယ်။
အဲဒီလို စစ်ကြောရေးစခန်းကို ရောက်သွားကြတဲ့သူတွေထဲမှာ ဆိုင်မွန်တို့လည်း ပါဝင်ခဲ့ရတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ အကြောင်းရင်းကလည်း တဖွဲ့တည်း ပါခဲ့တဲ့ သူငယ်ချင်းရဲ့ လက်ထောက်ချမှုကြောင့်ပဲ။ ဒီလိုနဲ့ စစ်ကြောရေးငရဲခန်းကို ရောက်တော့ ဆိုင်မွန်သိလိုက်ရတာက သူတို့တိုင်းပြည်တခုလုံးဟာ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဝါးမျိုမှုအောက်မှာ စုံးစုံမြုပ်နေပြီဆိုတာပဲ။ သူတို့လို ပညာတတ်ကျောင်းသားတွေ၊ လူငယ်တွေ အသက်အဆုံးရှုံးခံပြီး ဆန္ဒပြဆန့် ကျင်ကြရင်း တကမ္ဘာလုံးသိအောင်လည်း ကြိုးစားကြပေမဲ့ တိုင်းပြည်တခုလုံးက လူအများစုဟာ အာဏာရှင်က ဖန်တီးထားတဲ့ အကြောက်တရားအောက် မှာ စုံးစုံးမြုပ်နေကြပြီဖြစ်တယ်။ ကမ္ဘာကြီးကလည်း သူတို့နိုင်ငံအပေါ်ကို လှည့်ကြည့်တာမျိုးမရှိဘဲ အာဏာရှင် အပေါင်းအပါတွေကပဲ ဆန့်ကျင်ကြသူတွေကို နည်းလမ်းပေါင်းစုံ ကျင့်သုံးပြီး ဖြိုခွဲနေကြတာဖြစ်တယ်။
ဒီရုပ်ရှင်ဟာ ယင်းသို့သော ဆန့်ကျင်သူ လူငယ်တယောက်ရဲ့ ယင်းအခြေအနေများက ရိုက်ခတ်မှုတွေ၊ အကြောက်တရား ဖိစီးမှုတွေနဲ့ စိတ်ထရော်မာတွေကို အဓိက ဖော်ပြထားတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ယင်းစစ်ကြောရေးစခန်းက လွတ်မြောက်လာပြီး အမေရိကကို ထွက်ပြေးလာနိုင်ခဲ့တဲ့ထိတောင် ထပ်ကြပ်မကွာပါလာတဲ့ အရိပ်ဆိုးတွေကနေ မလွတ်မြောက်နိုင်ရှာဘူး။ ကိုယ့်မိခင်တိုင်းပြည် မဟုတ်တဲ့နေရာမှာ သူ ဘယ်လိုပျော်ပိုက်ပါ့မလဲ။ အခြား ရွှေ့ပြောင်းလူမျိုးတွေလိုပဲ အောက်ခြေသိမ်းအလုပ်ကို လုပ်ကိုင်ရင်း စိတ်ဒဏ်ရာ ထရော်မာတွေကို ခံစားနေရတယ်။ ဒီမှာ သူ့လိုပဲ စစ်အာဏာရှင် ဖိနှိပ်မှုကြောင့် အသက်ဘေးက လွတ်ရင်ပြီးရော ပြေးလာကြသူတွေလည်း ဒုနဲ့ဒေး။ သူ့မှာတော့ ဒုက္ခသည် အဖြစ်တောင် ခံယူခွင့်ရဖို့ ခက်ခဲနေဆဲ။
ရုပ်ရှင်ဇာတ်အိမ်ဟာ သူ့ရဲ့ တကိုယ်ရည် အသိအာရုံ ရောထွေး ဝိရောဓိဖြစ်နေတာတွေ၊ အမေရိကရဲ့ ခမ်းနားတဲ့ မြို့ကြီးပြကြီးထဲမှာ အထီးကျန်နေတာ၊ ပျော်ရွှင်စရာ စိတ်ခံစားမှုတွေ ပျောက်ဆုံးပြီး ထီးထီးကြီး ဖြစ်နေတာကို မြင်သာအောင် ပြသပါတယ်။ အဓိက မြင်ရတာကတော့ သူ့ရဲ့ အပြစ်ရှိသလို ခံစားနေရတဲ့ အကြောင်းတွေပါ။ အဲဒါတွေကလည်း ယခုဖြစ်ပျက်နေတဲ့ ကျနော်တို့ဆီက ပဋိပက္ခတွေနဲ့ ထပ်တူပဲမဟုတ်လား။ ပြည်တွင်းက ကျန်ရစ်ခဲ့သူတွေမှာလည်း ပြည်ပထွက်ခွာနိုင်သူတွေကြည့်ပြီး အားငယ်သလို ခံစားကျန်ရစ်ကြရချိန်မှာ ပြည်ပမှာ ရောက်နေသူကျတော့လည်း ပါလာတဲ့ စိတ်ဒဏ်ရာ တပွေ့ကြီးကို ပိုက်ထွေးရင်း အနာဂတ် ပျောက်ဆုံးသွားရတဲ့ ပုံတွေ။
ဆိုတော့ လက်ရှိ ရုပ်ရှင်ထဲက ဇာတ်ကောင် ဆိုင်မွန်နဲ့အတူ ကျနော်တို့တွေဟာလည်း ဆိုင်မွန်ကိုယ်ပွားသာ ဖြစ်လျက်သား ရှိနေတာကို သိမြင်လာခဲ့ရတယ်။ မအောင်မြင်ခဲ့ရတဲ့ ပုန်ကန်မှုကြောင့် သူတို့ အဖွဲ့ဝင်တွေအကြားမှာ တယောက်နဲ့တယောက် အပြစ်ဖို့နေကြပေမဲ့ ဘာ့ကြောင့် အခုလို အပြစ်ဖို့မိကြရတာလဲဆိုတဲ့ အဓိက လက်သည်တရားခံကို မေ့လျော့လျက်သား ဖြစ်နေကြတယ်။ ဒါတွေအားလုံးရဲ့ ရင်းမြစ်တရားခံဟာ အာဏာရှင်စနစ်ဆိုးကြောင့်ပဲ မဟုတ်လား။ အဆုံးမတော့ ဆိုင်မွန်ဟာ ပြည်တွင်းကို ပြန်ဝင်ဖို့ မဆုံးဖြတ်နိုင်တော့ဘဲ ဒုက္ခသည်စာရင်းဝင်အဖြစ်သာ ရောက်ရှိဖို့ ကြိုးပမ်းရတော့တယ်။
ဗင်နီဇွဲလားမှာ လက်ရှိအချိန်အထိ အာဏာရှင်အပေါင်းအပါတွေကို ဆွဲချနိုင်ခြင်း မရှိသေးပါဘူး။ နိုင်ငံဟာ အလုံးစုံ ချွတ်ခြုံကျနေပြီး နိုင်ငံတွင်းပြည်သူတွေဟာ ပြည်ပနိုင်ငံတွေဆီကို အလုံးအရင်းလိုက် ထွက်ခွာလို့နေပါတယ်။ ဘာလို့ အခုထိ အာဏာရှင်ခေါင်းဆောင်ကို ဖြုတ်မချနိုင်ရသလဲဆိုတဲ့ အကြောင်းတရားမှာတော့ ရုပ်ရှင်ထဲမှာပါတဲ့ စစ်ကြောရေးခေါင်းဆောင်ရဲ့ စကားမှာ ထင်ဟပ်နေပါတယ်။ သူက ဘာပြောသလဲဆိုတော့ ‘မင်းတို့အနေနဲ့ ဒီအရူးကို ဖြုတ် ချချင်ပေမဲ့ လက်ရှိကာလမှာ အခြေအနေတွေက ပြောင်းသွားပြီ။ လူတွေ လမ်းပေါ်ထွက် ဆန္ဒပြသူတွေဟာ ရပ်တန့်ပြောင်းလဲသွားပြီ။ ဒီလိုအခြေအနေမှာ မင်းက ခံဝန်ကတိမထိုးရင် ဘာဖြစ်မလဲဆိုတော့ ဘာမှဖြစ်မလာဘူး။ မင်းပဲ ဆက်ထောင်ကျနေမှာဖြစ်ပြီး ကျန်တာတွေကလည်း အရင်အတိုင်းပဲ’ တဲ့။ သူဆိုလိုချင်တဲ့သဘောက အာဏာရှင်လက်ကိုင်တုတ်တွေဟာ ဆန့်ကျင်ကြသူ ပြည်သူတွေ တရပ်လုံးဆီကို အကြောက်တရားတွေ စိမ့်ဝင်နေအောင် ပျံ့နှံ့စေနိုင်ခဲ့ပြီးပြီ။ ဒါကြောင့် မင်းတို့တွေ ဘယ်လို ဟီးရိုးလုပ်လုပ် ပြောင်းလဲမသွားဘူးလို့ ခနဲ့လိုက်တာဖြစ်တယ်။
နောက်ဆုံးမှာတော့ ဆိုင်မွန်ဟာ အမေရိကမှာပဲ အခြေချဖို့ ဆုံးဖြတ်လိုက်တော့တဲ့ ပြန်လမ်းမဲ့ ငှက်တကောင်ဘဝကို ရွေးချယ်လိုက်ရပါတော့တယ်။ ဒါဆို ကျနော်တို့တိုင်းပြည်က အိမ်ဝေးငှက်တွေမှာရော လက်ရှိအချိန်မှာ အိမ်ပြန်နိုင်ဖို့ နီးစပ်နေပြီလား။ စစ်အာဏာရှင်စနစ်က အသုံးပြုတဲ့ အကြောက်တရား ဆိုတဲ့အရာနဲ့ ကျနော်တို့ တပြည်လုံးကို ဖိနှိပ်နေမှုတွေဟာ ဗင်နီဇွဲလားကဲ့သို့ အရာထင်နေဆဲလား။ ဘာပဲဖြစ်ဖြစ် ဆိုင်မွန် ပြန်မရောက်တော့တဲ့ ဒုတိယ ဗင်နီဇွဲလားဟာ ကျနော်တို့တိုင်းပြည် ဖြစ်မလာနိုင်တော့ပါဘူးလို့တော့ ယုံကြည်မိနေတာပါပဲ။
(ရုပ်ရှင်ရည်ညွှန်း – Simón Movie (2023 ) စပိန်ဘာသာစကားပြော ရုပ်ရှင်ဖြစ်ပြီး လက်ရှိဖြစ်ပျက်နေတဲ့ မျက်မှောက်ခေတ် ဗင်နီဇွဲလား နိုင်ငံရေးသရုပ်ကို အခြေပြုပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်)
Be the first to comment