2046 – Wong Kar Wai

by The Call
60 views

“2046 – Wong Kar Wai”

■ သောရီ

မင်း ကိုယ့်ဆီရောက်လာပုံက သက်တန့်တခုလိုပါပဲ။ အဲဒီ့အရာဟာ ပြီးဆုံးမသွားဘဲ ကိုယ့်ရင်ထဲမှာ ဆက်လက်တောက်လောင်နေဆဲပါလို့ ရှင့်စာထဲမှာဖတ်ရတော့ ကျမလဲရူးမတတ်ပါဘဲလို့ စာပြန်ချင်ခဲ့တာ။ ဒါပေမဲ့ စာမပြန်ဖြစ်ခဲ့ဘူး။ ကျမလဲ နံရံလေးဘက်အပြည့်ကာထားတဲ့ ဆေးရုံအခန်းကျဉ်းထဲမှာ လပေါင်းများစွာ ဖြတ်သန်းခဲ့ရတာပါပဲ။

ရှင် ကျမကို စတွေ့တဲ့အချိန်ဟာ ကျမရဲ့စနစ်တွေအားလုံး အစကနေ ပြန်ပြင်ထားတဲ့အချိန်ပဲ။ ကျမဖြတ်သန်းခဲ့ရတဲ့ အဖြစ်အပျက်တွေအရ ကျမဟာ နောက်ထပ်ထိခိုက်လို့ မဖြစ်တော့ဘူးတဲ့။ ဒီလိုနဲ့ ကျမရဲ့စနစ်အားလုံးကို ပြန်ပြင်လိုက်ရတယ်။ တချို့နေရာတွေမှာ စနစ်က အနည်းငယ်လွဲနေတော့ ငိုရမယ့် အဖြစ်အပျက်တွေအတွက် မျက်ရည်တွေနောက်ကျနေတာ ရယ်ရမယ့် အဖြစ်အပျက်တွေအတွက် ရယ်သံတွေက နောက်ကျနေတာမျိုး ရှိနေခဲ့ရင်လည်း ခွင့်လွှတ်ဖို့ တောင်းပန်ချင်တယ်။ ကျမခံစားချက်နဲ့ တုန့်ပြန်မှုစနစ်တွေဟာ အကောင်းအတိုင်းမဟုတ် တော့ဘူးမဟုတ်လား။

ကျမကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲမှာ မင်းသမီးက အရက်တွေမူးပြီး အိပ်ပျော်သွားတဲ့အခါ မင်းသားက အသာအယာ ဖိနပ်ချွတ်ပေးပြီး မီးတွေမှိတ်လို့ ပြန်သွားခဲ့တယ်။ အပြင်ကမ္ဘာမှာတော့ ကျမအကျီတွေကိုပဲ ချွတ်သွားခဲ့ပြီး တန်ဖိုးထားတည်ဆောက်ထားတဲ့ ဆက်ဆံရေးတွေဟာလည်း ဆေးလိပ်မီးခိုးတွေလိုပဲ မျက်နှာကျက်ဆီမရောက်ခင် ပြတင်းပေါက်အပြင်ဆီမရောက်မီ လွင့်ပါးပျောက်ကွယ်ကုန်ကြတာပဲ။ ဒီနှစ်ခရစ်စမတ်မှာ ရှင် အခြားအမျိုးသမီးနဲ့ ညစာစားနေတာဟာ အရင်နှစ်က ကျမနဲ့ညစာစားဖို့ ရှင် ဘယ်လောက် ကြိုးစားခဲ့ရတာတွေကို ပြန်ပြောင်းသတိရစရာပါပဲ။

အရင်က ကျမကိုသိခဲ့ပြီး အခု ကျမဆီရောက်လာတဲ့ခါ အရုပ်တရုပ်ကို ဖက်ထားရသလိုပဲ အသက်မပါတော့ဘူးလို့ ရှင်ပြောတာ အမှန်ပါ။ တုန့်ပြန်ချက်တွေဟာ စနစ်အတိုင်းသွားနေပြီး ချို့ယွင်းချက်ဆိုလို့ တခါတရံ နှေးသွားတာပဲရှိပေမယ့် အဲဒါ ကျမပါပဲ။ စိတ်အေးလက်သာရှိတဲ့ နွေနေ့လယ်ခင်းတခုမှာပဲ ကျမပါးပေါ် မျက်ရည်တွေ စိမ့်ကျလာတယ်။ စနစ်ချို့ယွင်းချက်ကြောင့် အချိန်အခါမှားတဲ့ မျက်ရည်တွေပေါ့။ လွန်ခဲ့တဲ့ နာရီပေါင်း တသောင်းရှစ်ထောင် ရှင့်ကို ကျောခိုင်းခဲ့တုန်းက ကျခဲ့ရမယ့်မျက်ရည်တွေ။

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment