မနက်ဖြန်အတွက် ပေးနိုင်စရာတခုခု

◼️ဂနိုက်
လူငယ်တယောက်က သာမန်ထက် သွေး ပိုအေးနေတာဆိုရင် ဒါဟာ ပုံမှန်မဟုတ်တဲ့ လောကဓံကြောင့်ပဲဖြစ်မှာ။ နေသာတဲ့ နေ့မှာပဲဖြစ်ဖြစ် မီးခိုးတလူလူလွင့်တက်နေတဲ့ တောင်ကုန်းထိပ်က သစ်သားအိမ်ကလေးမှာဖြစ်ဖြစ် အပန်းဖြေ စိတ်ကြည်နူးစရာ အခိုက်အတန့်တိုင်းမှာ သွေးအေးနေရတဲ့ဖြစ်ရပ်တွေ။
စိတ်ပညာအရ သတိမေ့တတ်ခြင်းဟာ အချစ်ရေး၊ လူမူရေး၊ ပတ်ဝန်းကျင်၊ မိသားစုအသိုင်းအဝိုင်း စသဖြင့် တနေရာရာမှာ ပေးဆပ်တာ များသွားလို့ဆိုပြီးဆိုတယ်။ ဒီဘက်ခေတ်မှာ သတိမေ့လာသူတွေ ဒုနဲ့ဒေး။ ကျနော်ရော ခင်ဗျားရော ကြိုပြောလို့မရသေးတဲ့ မနက်ဖြန်တွေမှာရောပေါ့။ ရနံ့တွေဝေရီနေတဲ့ စိတ်ကျ ရူးသွပ်ချင်စရာ အခန်းတွေထဲမှာ ရေမွှေးနံ့တွေ။ မေတ္တာနဲ့ ချစ်ခြင်းရဲ့ သဘောကလည်း ကျနော်တို့ ကျမတို့သည် ယနေ့ချိန်မှစ၍ – – – – – – – – ဒီနေရာမှာပဲ အဆုံးသတ်သွားတာ မဟုတ်လား။ ချည်နှောင်ခြင်းမျိုးတွေကို မနက်ဖြန်တွေမှာ ကြိုးတချောင်းအဖြစ်တောင် မရှိစေချင်ပါဘူး။ စိတ်လုံခြုံရာ ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် ကိုယ်စိတ်ကျန်းမာမှုအတွက် တက်ကြွသောအနမ်းတွေ ပျောက်နေဆဲဖြစ်တဲ့ ကမ္ဘာမြေတနေရာရာမှာ ရှာလို့ရမလား။
“ဒီကမ္ဘာမှာ စစ် စစ် စစ်မဖြစ်ရာမြေ တနေရာ ရှိ ရှိ ရှိရမယ်လေ သဘာဝရဲ့ ရင်သွေးငယ်တွေ” ဆိုတဲ့သီချင်းသံကို ဖြည်းဖြည်းချင်း ပိတ်သွားတဲ့အထိ “အိမ်ပြန်မဲ့လမ်းကလေး ငြိမ်းချမ်းပါစေ အိမ်ပြန်မဲ့လမ်းကလေး ဆီးနှင်းတွေ ဝေ အိမ်ပြန်မဲ့လမ်းမှာ ….” အိမ်ကိုပြန်ရောက်ချင်တဲ့ မနက်ဖြန်တွေအတွက် ကြိုးစား ရှင်သန်နေရတာမျိုးပဲ ဖြစ်ပါလိမ့်မယ် ။
ရှင်သန်စရာ ရပ်တည်နေထိုင်စရာ လောကအကျယ်ကြီးထဲမှာ ရုန်းကန်ရင်း သေဖို့မြေကွက် တနေရာစာလေးလောက်တောင်မှပဲ မရရှိနိုင်တဲ့ မြင်ကွင်းမျိုးကိုလည်း မနက်ဖြန်တွေမှာ ရပ်တန့်သွားစေချင်ပါတယ်။
သာမန် ရာသီဥတုမျိုးမှာပဲ ဆေးလိပ်တွေ ပိုသောက်ဖြစ်မယ်။ ကုန်စျေးနှုန်းအကြောင်း ပိုစိတ်ဝင်စားမယ်။ အခြေခံဘာသာဘာဝ အပြင်လေနုအေးတွေကိုမေ့ပစ်ဖို့ကြိုးစားပြီး တယောက်ယောက်ပုခုံးပေါ်မှီ စောက်တလွဲနိုင်ငံကို စောက်ဖောင်းထု ကိုကိုရေဆိုတဲ့ ခေါ်သံတွေဟာ ခင်ဗျားရော ကျနော်ရော တပ်မက်မိကြမှာပဲမ ဟုတ်လား။ ခက်ခဲလှတဲ့ ဒီကာလကြီးထဲ မနက်ဖြန်တွေကို အချစ်မရှိရင် ဘယ်လိုဖြတ်ကျော်ကြမလဲ။ နှောင်ကြိုးတွေဟာ လှလှပပ တွယ်ရစ်နေတာ လျစ်လျူရှုစရာ ဘာစောက်ကြောင်းမှ ရှိတာမှမဟုတ်ဘဲ။ ဒီတိုင်းပဲ မနက်ဖြန်မှာ တခုခုတော့ ဖြစ်လာမှာပါပဲ။
၂၄ ဇူလိုင် ၂၀၂၃
* “ – – – “ ထဲက စာသားက သီချင်းစာသားပါ။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*