မင်းအောင်လှိုင်နဲ့ စိတ်ရောဂါ

“မင်းအောင်လှိုင်နဲ့ စိတ်ရောဂါ”
◼️Simon
အခုတလော K ဒရမ်မာတွေကြားထဲမှာ ခေတ်စားနေတဲ့ ရုပ်ရှင်တကားရှိတယ်။ မင်းသမီး Shin Hye – Sun သရုပ် ဆောင်ထားတဲ့ Dear Hyeri ဆိုတဲ့ ဇာတ်ကားပါ။
မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသမီးဖြစ်တဲ့အပြင် ဇာတ်လမ်းကလည်း ခပ်ဆန်းဆန်းဖြစ်တာကြောင့် လက်ရှိ K ဒရမ်မာ ပရိသတ်တွေကြားထဲမှာ တော်တော်လေး ရေပန်းစားတယ်။
ဇာတ်လမ်းကလည်း ခပ်ဆန်းဆန်းဆိုတဲ့အတိုင်း အဓိကသရုပ်ဆောင်ဖြစ်တဲ့ ခေါင်းဆောင်မင်းသမီးရဲ့ ကာရိုက်တာက မနက်တမျိုး၊ ညတမျိုးနဲ့ နှစ်မျိုးဖြစ်နေတဲ့ စိတ်ရောဂါသမား။
မနက်ပိုင်း သူ့ရဲ့ဘ၀အမှန်မှာ အလုပ်လုပ်ပြီး ပုံမှန်လည်ပတ်နေပေမယ့် ညနေပိုင်းလောက်ရောက်ရင် လူတကိုယ်ထဲကနေ ဘာမှမဆိုင်တဲ့ နောက်တဦးအသွင် ပြောင်းသွားပြီး မနက်ပိုင်း သူ့ရဲ့ဘဝတွေ၊ အလုပ်တွေ စတာတွေကို လုံး၀မသိတော့တဲ့ လူသတယောက်လို ဖြစ်သွားတာဖြစ်တယ်။
ဒီလို လူတကိုယ်ထဲကနေ စိတ်နှစ်မျိုး ဖြစ်သွားတတ်တာကိုတော့ ဆေးပညာအရဆိုရင် Multiple Personality Disorder လို့ခေါ်သလို Dissociative Disorder လို့ခေါ်တယ်။
ဒီရောဂါက လူတိုင်းဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာတော့ သေချာမပြောတတ်ပေမယ့် ကမ္ဘာလူဦးရေရဲ့ ၂% လောက် ဖြစ်တယ်ဆိုတာကိုတော့ စာတွေထဲမှာ ဖတ်ဖူးတယ်။ ဒီတော့ နည်းတဲ့ပမာဏတခု မဟုတ်ဘူးလို့လည်း ပြောရမယ်ထင်တယ်နော်။
ဒီလိုရောဂါရှိတဲ့သူတွေမှာက အနည်းဆုံး အကျင့်စရိုက်နှစ်မျိုးတော့ ကွဲနေတတ်တယ်။ ဒီနေရာမှာ အနည်းဆုံး နှစ်မျိုးလို့ ပြောရတဲ့အကြောင်းက ဘာကြောင့်လဲဆိုရင် တချို့ရောဂါသည်တွေက လူတကိုယ်ထဲမှာတင် စိတ်က
သုံး လေး ငါးခုထိ ဖြစ်နိုင်တာကြောင့်ပါ။
ဒီရောဂါအကြောင်းကို အသေးစိတ်ရေးပြရရင်တော့ ရှည်ပါလိမ့်မယ်။ ကျနော်ပြောချင်တာက ရောဂါအကြောင်းကို သုတေသနလုပ်ဖို့ မဟုတ်ပါဘူး။ ဒီရောဂါဖြစ်နေတဲ့ လူတွေရဲ့ စိတ်နေစိတ်ထားကို ပြောချင်တာပါ။
ဒီတော့ စာကိုပြန်ဆက်ရရင် Dear Hyeri ဆိုတဲ့ဇာတ်ကားမှာ မင်းသမီးက မနက်ပိုင်းမှာ သတင်းတင်ဆက်သူဖြစ်ပြီး ညနေပိုင်းမှာတော့ မနက်ပိုင်းနဲ့ ဘာမှမဆိုင်တဲ့ လူတယောက်အသွင်နဲ့ သူ့ရဲ့မှတ်ဥာဏ်တွေကလည်း life နှစ်ခုမှာ ဘာတခုမှကို မမှတ်မိဘဲ သီးခြားရပ်တည်နေတာမျိုး။ ယုတ်စွအဆုံး သူကြိုက်တဲ့သူကိုတောင် သူမမှတ်မိဘဲ မနက်မှာ တယောက်၊ ညပိုင်းဆိုတယောက်နဲ့ သူ့ဘဝနှစ်ခုက ဘာမှမဆိုင်အောင်ကိုဖြစ်နေတယ်။
ဒီတော့ ဒီဇာတ်ကားကိုကြည့်ပြီး အရင်ဆုံး ခေါင်းထဲမှာ တွေးမိတာတခုက လက်ရှိ နိုင်ငံတော်အာဏာကို မတရားသဖြင့် သိမ်းယူထားတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်အကြောင်းပါပဲ။ မင်းအောင်လှိုင်လည်း ဒီလိုစိတ်ရောဂါ ရှိနေပြီလားဆိုတာကို ကျနော်တွေးမိလာတယ်။
အာဏာမသိမ်းခင်ကာလ အမေစုကို အမကြီး၊ အမကြီးဆိုပြီး ပြုံးပြုံးကြီးနဲ့ ဖြီးနေတဲ့ရုပ်က အာဏာလည်းသိမ်းပြီးရော ဘယ်ဘဝက အငြိုးတရားမှန်း မသိနိုင်တဲ့ အမုန်းတွေနဲ့ ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီးထိန်းသိမ်းပါတော့တယ်။
မင်းအောင်လှိုင် စိတ်နှစ်ခွဖြစ်နေတယ်ဆိုတာ ဟုတ်မဟုတ်တော့ မသိပေမယ့် ဒီကောင်ကြီး ရူးနေတယ်ဆိုတာကို သတိထားမိတဲ့အရာတွေနဲ့ယှဥ်ပြီး မြင်သာအောင်ပြောရရင် –
‘ရွေးကောက်ပွဲကာလ’
ပြည်သူ့ဆန္ဒနဲ့ မဲပေးတဲ့ကာလမှာလည်း မဲနိုင်တဲ့ ဘယ်ပါတီမဆို အစိုးရဖွဲ့ရမှာဖြစ်ပြီး ရှုံးတဲ့သူကလည်း UEC ရဲ့ အဆုံးအဖြတ်အတိုင်း အရှုံးကိုလက်ခံရမယ်လို့ သူကိုယ်တိုင် လူတွေ့အင်တာဗျူးတွေမှာ ဖြေခဲ့တယ်။
ဒါပေမယ့်လည်း တကယ်တမ်း စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ရှုံးတဲ့အချိန်မှာတော့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က သူတို့ဝှက်ထားတဲ့ လက်သည်းတွေကို ထုတ်လာပါတော့တယ်။ ဒီတော့ မဲစာရင်းကိုအကြောင်းပြပြီး အနိုင်ရပါတီကို ဖျက်သိမ်းပြီး အမေစုအပါအဝင် NLD ပါတီ ခေါင်းဆောင်တွေကို ထိန်းသိမ်းပါတော့တယ်။
‘မလုပ်ရဲတာ ဘာမှမရှိဘူး’
ဒီစကားကို မင်းအောင်လှိုင်ကိုယ်တိုင် ပြောခဲ့တာဖြစ်ပြီး သူတို့ပြုလုပ်တဲ့ အစည်းအဝေးမှာတင် သူ့ပါးစပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကြီးကို ဖျက်သင့်ဖျက်ရမယ်လို့လည်း ပြောခဲ့တာကို တွေ့ရတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးချိန်မှာတင်ပဲ ပြည်သူ ၂,၀၀၀ ကျော်လောက်ကို ရက်ရက်စက်စက်နဲ့ သူကိုယ်တိုင်က ပစ်သတ်ဖို့ အမိန့်ပေးခိုင်းစေခဲ့တယ်။ ဒါပေမယ့် တဘက်မှာလည်း သူတော်ကောင်းယောင် ဟန်ဆောင်ပြီး ဘုရားတည်၊ကျောင်းဆောက်တဲ့ အမှုတွေလုပ်ပြီး သေနတ်တဘက်၊ စိပ်ပုတီးတဘက်နဲ့ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့အတိုင်း သူတော်ကောင်းတလှည့်၊ သူယုတ်မာတလှည့်နဲ့ လုပ်ပြခဲ့တယ်။
ဒါတွေကို ထောက်ရှုကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင်ရဲ့စိတ်ဟာ တဘက်မှာလည်း သူ့ကိုမထောက်ခံတဲ့ ပြည်သူကိုရက်ရက်စက်စက် လုပ်ပြဖို့အထိ တွေးထားသလို တဘက်မှာလည်း ဒီလိုမျိုး သူ့ရဲ့မကောင်းမှုတွေကို အကာအကွယ် ပြုဖို့ သာသနာပြုမင်းကြီးတပါးအသွင် လုပ်နေတာကိုလည်း တွေ့ရတယ်။
တကယ့်ကို စိတ်နှစ်ခွနဲ့ ရူးနေတဲ့ကောင်ဆိုတာ အသိသာကြီး။
‘နိုင်ငံရေးစကားဝိုင်း’
ဒီအကြောင်းအရာကတော့ အခုရက်ပိုင်းအတွင်း ဖြစ်ပျက်နေတဲ့အရာမို့လို့ ဒီအကြောင်းကို မဖြစ်မနေ ထည့်ရေးရတာဖြစ်တယ်။ တကယ်တမ်း မင်းအောင်လှိုင် ရူးနေတယ် ဆိုတဲ့အကြောင်းကို ရေးပြရရင် အများကြီးဆိုပေမယ့် အခုအကြောင်းအရာကတော့ ရက်ပိုင်းအတွင်းမှာ ထင်သာမြင်သာရှိတဲ့ အကြောင်းအရာမို့ ရေးပြရတာဖြစ်တယ်။
ပြီးခဲ့တဲ့ မတ်လ၂၇ ရက် ၂၀၂၃ ခုနှစ် တပ်မတော်နေ့အခမ်းအနားမှာ မင်းအောင်လှိုင်ဟာ သူ့ကို တော်လှန်ပုန်ကန်နေတဲ့ တိုင်းရင်းသားတပ်တွေ၊ PDF တွေကို ပြတ်ပြတ်သားသား နှိမ်နှင်းမယ်လို့ ပြောခဲ့တာကို တွေ့ရတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ၂၆ ရက် စက်တင်ဘာ ၂၀၂၄ ည ၈ နာရီလောက်မှာတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေငြာချက်တခုမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ အပါအဝင် PDF တွေကို နိုင်ငံရေးအရဆွေးနွေးဖို့ ဖိတ်ခေါ်လာတာ တွေ့ရတယ်။ (သို့သော် အထက်စီးကနေ အကျောကြီးနဲ့ခေါ်တာပါ)
ဒီလိုမျိုး ၂၆ ရက်နေ့မှာ နိုင်ငံရေးအရစကားပြောဖို့ ကြေငြာချက် ထုတ်ခဲ့ပေမယ့်လည်း ၂၇ ရက်နေ့ မနက် (၃ နာရီ) ဝန်းကျင်မှာတော့ လားရှို့မြို့ကို ဗုံးကြဲခဲ့တဲ့အတွက် ပြည်သူတွေ သေကြေခဲ့ကြရပြီး ဒဏ်ရာရတာတွေလည်း ရှိခဲ့ကြတယ်။
ဒီတော့ ပြောချင်တာက မင်းအောင်လှိုင်က သူပြောသမျှစကားတွေနဲ့ လုပ်ရပ်တွေဟာ တထပ်တည်းမကျဘဲ သူ့စိတ် အတက်အကျ သို့တည်းမဟုတ် သူ့စိတ်သဘောအရ သူလုပ်ချင်တာတွေလုပ်ပြီး သူပြောချင်ရာတွေကို ပြောနေတာ တွေ့ရတယ်။
ရှေ့စကားနဲ့နောက်စကား မညီသလို လွယ်လွယ်ကတိပေး၊ လွယ်လွယ်ကတိကိုဖျက်နဲ့ တကယ့်သူရူးတကောင်လို ပုလ္လင်ပေါ် တက်ထိုင်နေတာကိုလည်း တွေ့ရတယ်။
ဒီတော့ အပေါ်မှာ ကျနော်ရေးခဲ့သလို မင်းအောင်လှိုင်ဟာ သူ့တကိုယ်တည်းနဲ့ စိတ်နှစ်ခုဖြစ်ပြီး တဘက်မှာလည်း သူ စစ်ရှုံးတော့မှာကို သိတဲ့အတွက် ငြိမ်းချမ်းရေးရချင်၊ တဘက်မှာလည်း သူ့မာနအတွက် အရှုံးပေးရမှာကို မလိုချင်ဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတာလားဆိုတာပါ။
ဖြစ်နိုင်ရင် သူ့ကို စိတ်ကျန်းမာရေးဆေးရုံက အထူးကုသဆောင်မှာ သေချာထားပြီး စစ်ဆေးသင့်ပြီလို့ ထင်တယ်။ ဘာကြောင့် ကျနော်ဒါမျိုးပြောလဲဆိုရင် ဒီရောဂါဖြစ်တဲ့သူက တခါတလေ စိတ်နှစ်ခုတင်မကဘဲ စိတ်က သုံး လေး ငါးခုအထိ ဖြစ်တတ်တာကြောင့် နိုင်ငံတော်ရဲ့ ယာယီသမ္မတ၊ နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆိုတဲ့ ရာထူးတွေပါ ယူထားရတဲ့ သူ့မှာ ဘုရားဒကာ၊ သာသနာပြုမင်းကြီးဆိုတဲ့ စိတ်တွေနဲ့ပါ ပေါင်းလိုက်ရင် မင်းအောင်လှိုင်ဟာ သူ့တကိုယ်တည်းမှာတင် စိတ်က လေး ငါး ခြောက်ခုမကအောင် ဖြစ်နေနိုင်လို့ပါပဲ။
ဒါကြောင့် ကျနော်ကတော့ ဖြစ်နိုင်ရင် မင်းအောင်လှိုင်ကို စိတ်ကျန်းမာရေးဆေးရုံကိုပို့ ဆေးစစ်ချက်လုပ်သင့်ပြီလို့ ထင်တယ်။ ဒါမှ သူရူးတာကို သေချာသိရရင် သူ့ကိုထောက်ခံအားပေးခဲ့တဲ့ သူတွေကိုယ်တိုင်လည်း ငါတို့တော့ အရူးကိုမှ ဘုရားထူးမိပြီဆိုတာကို သိစေချင်လို့ပါ။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*