
“တွတ်ပီနဲ့ ကျနော်”

ကျနော့်ဘဝမှာ ကင်မရာတလုံး ပိုင်ဆိုင်ဖူးခဲ့တယ်။
တန်ဖိုးကြီးတာတော့ မဟုတ်ပါဘူး။ အလုပ်က ဖော်ရိန်နာတယောက်က အမေရိကားကိုအပြန် သူ့မှာရှိတာတွေ တဝက်စျေးနဲ့မက ပြန်ရောင်းတဲ့အထဲ အဲ့သည့်ကင်မရာလေး ပါလာလို့ ဝယ်ထားမိလိုက်တာ။
ဓာတ်ပုံလည်း သိပ်ရိုက်တတ်တဲ့သူ မဟုတ်တော့ ကင်မရာ လက်ထဲရောက်ရောက်ခြင်း တွေ့သမျှအကုန် လိုက်ရိုက်ပြီး ဒီလိုပဲ လက်တည့်စမ်းရတာပေါ့။ကင်မရာကလည်း ၂၀၀၀ စွန်းစွန်းလောက်က ထွက်ထားခဲ့တာဆိုတော့ တော်တော်လေး ဟောင်းတဲ့အမျိုးအစားဖြစ်ပြီး သူ့မှာပါတဲ့ ဖန်ရှင်တွေကလည်း သိပ်မများသေးတော့ ကင်မရာ လက်ထဲရောက်ပြီး ရက်ပိုင်း၊ လပိုင်းအတွင်း ကျနော်နဲ့ အသားကျသွားတယ်။
နောက်ပိုင်း မိသားစုနဲ့ ခရီးတွေဘာတွေ ထွက်တော့လည်း ဒီကောင်လေးက ကျနော့်အတွက် တော်တော်လေးကောင်းတဲ့ အဖော်တယောက် ဖြစ်လာတယ်။ ဒါပေမယ့်လည်း ကျနော့်အလုပ်က ခရီးထွက်ရတဲ့အလုပ် မဟုတ်တော့ ကင်မရာကို သိပ်ပြီးမသုံးဖြစ်ဘဲ သိမ်းထားရတာက များပါတယ်။
ဒါပေမယ့်လည်း ကျနော်တို့ မမျှော်လင့်ဘဲဖြစ်လာတဲ့ အာဏာသိမ်းမှုဖြစ်စဥ်မှာတော့ ကျနော့်ရဲ့ကင်မရာက တလှည့်ပြန်ပြီး အသုံးတော်ခံ ဖြစ်လာခဲ့တယ်။
မနက်မိုးလင်းတာနဲ့ ရန်ကုန်မြို့တပတ် ဆိုင်ကယ်နဲ့ထွက်တယ်၊ မျက်လုံးထဲမြင်သမျှ အရာအားလုံးကို မှတ်တမ်းတင်တယ်၊ နေ့လယ် ထမင်းတခါ ပြန်စားတယ်၊ ခဏနေရင် ပြန်ထွက်တယ်၊ ပြီးရင် တွေ့သမျှအရာအားလုံးကို မှတ်တမ်းတင်တယ်။
သူငယ်ချင်းတွေကလည်း မီဒီယာလောကထဲမှာ ရှိကြတာဆိုတော့ ဒီကောင်တွေနဲ့ လိုက်ရိုက်တယ်၊ မှတ်တမ်းတင်တယ်။ ဒီတော့မှ ကင်မရာရဲ့အရသာကို ကျနော် ကောင်းကောင်းသိလာတယ်။ တကယ်တော့ ဓာတ်ပုံဆိုတာ သမိုင်းကို ပြန်ပြီးပြောနိုင်ကြတဲ့ အသံတိတ် စကားပြောတဲ့သူ ဆိုတာကိုလည်း ကျနော် ကောင်းကောင်း နားလည်လာတယ်။
ဒီလိုနဲ့ တနေကုန်ရိုက်ခဲ့သမျှ လိုင်းပေါ်တင်တယ်။ သူငယ်ချင်းတွေဆီ ပို့ပေးတယ်၊ သူတို့ သုံးချင်တဲ့နေရာသုံးပေါ့။ ဒီလိုမျိုး ဆန္ဒလည်းပြ၊ မှတ်တမ်းဓာတ်ပုံတွေ လိုက်ရိုက်နေရင်း တရက်မှာ “နိုဗန်ထူး” က ကျနော့်ကို ဖုန်းဆက်လာတယ်။
“မနက်ဖြန် ဘယ်သွားမလဲ”
“ဒီလိုပဲ ခြေဦးတည့်ရာပေါ့ကွ”
“ဒါဆို လာခဲ့”
မနက်ဖြန် ဘယ်မှာဆုံမယ်ဆိုပြီး သူကချိန်းတာနဲ့ နောက်တနေ့ ကျနော် စမ်းချောင်း ပဒုမ္မာလမ်းကို ရောက်သွားတယ်။
အဲ့မှာ ဘယ်သူနဲ့တွေ့လဲဆိုတော့ “တွတ်ပီ။” ပြောရမယ်ဆိုရင် ကျနော် တခါမှ တွတ်ပီကို ကင်မရာနဲ့ ဓာတ်ပုံမရိုက်ဖူးဘူး။ သူ့ပွဲတွေရောက်လည်း ဖုန်းနဲ့ပဲရိုက်ခဲ့ဖူးတာဆိုတော့ အဲ့သည့်နေ့က မှတ်မှတ်ရရ တွတ်ပီပုံတွေကြီး အများကြီး ရိုက်ပစ်ခဲ့လိုက်တယ်။
ဒီလိုနဲ့ နောက်ရက်တွေ နိုဗန်၊ တွတ်ပီတို့နဲ့ ဆုံတဲ့အခါဆုံတယ်၊ မဆုံတာလည်းရှိတယ်။ ကျနော်က မနက်ပိုင်းသာ တွတ်ပီတို့နဲ့မဆုံတာ ညတော့ဆုံတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့သည့်အချိန်မှာ ကျနော့်ကိုလည်း စခတွေက လိုက်ဖမ်းနေကြပြီဆိုတော့ အိမ်ကိုပြန်လို့ မရတော့ဘူး။
ဒီတော့ ညဆို စတေးချရတဲ့ဝပ်ကျင်းက ကိုဂျပန် (idiots band) ရဲ့အိမ် ဖြစ်နေတာပေါ့။ တွတ်ပီကလည်း အဲ့သည့်အိမ်မှာပဲ ခြေရာ လာဖျောက်နေတာဆိုတော့ ညဆို ကျနော်တို့က ဆုံကြပြီ။
နောက်ပိုင်း ကျနော်တို့ တောထဲသွားဖို့ အတူတူတိုင်ပင်ပြီးမှ ကျနော်က အကြောင်းအမျိုးမျိုးနဲ့ လိုက်သွားလို့ မဖြစ်ခဲ့ဘူး။ ဒီလိုနဲ့ တဖြည်းဖြည်း တွတ်ပီ၊ ကိုဂျပန်၊ နိုဗန် စသဖြင့် သူတို့နဲ့လည်း အဆက်သွယ်တွေပြတ်ပြီး ကျနော်က မြို့ပေါ်မှာ UG အဖြစ်နဲ့ ကျန်ခဲ့တယ်။ နောက်ပိုင်း ကျနော်လည်း မှတ်တမ်းဓာတ်ပုံတွေရိုက်တာ မလုပ်တော့ဘဲ UG အဖြစ်နဲ့ လုပ်ရမယ့်အလုပ်ပဲ တောက်လျှောက်လုပ်ရင်း ကျနော်နဲ့ ကျနော့်ကင်မရာနဲ့က တခန်းရပ်သွားခဲ့တယ်။
ဒီလိုနဲ့ တရက် ကျနော့်ဆီ ဖုန်း call တခု ဝင်လာတယ်။
“တွတ်ပီ ဆုံးပြီတဲ့”
တွတ်ပီမဆုံးခင် ၂ ရက်လား၊ ၃ ရက်လားမသိ ကျနော် သူနဲ့ CB ကနေ စကားပြောဖြစ်ခဲ့သေးတယ်။ ကျနော် တောထဲလာမယ် ဆိုတာရယ်၊ လာဖြစ်ရင် တွတ်ပီက သူတို့နဲ့ အတူနေရမယ်ဆိုတာရယ် ပြောဖြစ်ခဲ့ကြသေးတယ်။ ဒါပေမယ့် ဒီလို ရုတ်တရက် သူဆုံးပြီဆိုတာသိတော့ ကျနော့်မှာ တနေ့လုံး ဘာလုပ်ရမှန်းမသိ ကြောင်ပျောက်နေခဲ့တယ်။
နောက်ပြီး သူဆုံးတော့မှ သတိရတာက ကင်မရာထဲက ကဒ်ထဲမှာ သူ့ပုံတွေ မထုတ်ရသေးဘူး ဆိုတာပဲ။ ဒါပေမယ့် ပြဿနာက ကျနော်လည်း ရန်ကုန်မြို့တွင်းမှာ ဟိုနေရာဝင်အိပ်၊ ဒီနေရာဝင်အိပ်နဲ့ လူတကိုယ်စာအတွက် ကျောတခင်းလိုက်ရှာပြီး နေရတာဆိုတော့ ကျနော့်ကင်မရာလည်း သွားလေရာ ယူမသွားနိုင်ဘူး။ ပိုဆိုးတာက အဲ့သည့်ကာလမှာ လက်ထဲ ကင်မရာတွေ့ရင် ဖမ်းပြီး နောက်နေ့ နေရောင်မြင်ရဖို့ မသေချာတဲ့ကာလဆိုတော့ ကျနော်လည်း ကင်မရာကို တခြားမှာ ထားခဲ့ရတာ။
ဒီလိုနဲ့ အချိန်တော်တော်ကြာတဲ့အထိ ကျနော်နဲ့ ကျနော့်ကင်မရာနဲ့က တခြားစီဖြစ်ခဲ့တယ်။ ဒါပေမယ့် ပြန်ဆုံဖို့ ကံပါလာတော့ ကင်မရာကို ပြန်ရလာတယ်။ ဒါပေမယ့် အကောင်းတိုင်းတော့ မဟုတ်ဘူးဗျာ။ ဘာကြောင့်လဲဆိုတော့ ကျနော့်ကင်မရာထဲမှာ ပုရွက်ဆိတ်အနီတွေက အသိုက်လုပ်ပြီး နေကြတာ ဥတွေရော၊ ရိက္ခာတွေရော စုံလို့ဗျာ။
ကျနော်ကတော့ ငိုချင်သွားတာပဲသိတယ်။ နောက်ဆုံး ကင်မရာကိုပြင်ဖို့ ဆိုင်ကိုပေးတော့လည်း ကင်မရာက နှစ် ၂ ၀လောက် ရှိနေတာဆိုတော့ အပိုပစ္စည်းက ရှာမရဘူး။ ပိုဆိုးတာက ကင်မရာထဲက မန်မိုရီကဒ်တချို့မှာလည်း တွတ်ပီပုံတွေ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ တွတ်ပီပုံတွေ သိမ်းထားတဲ့ ကဒ်က ကျနော် ပြေးရင်း၊ လွှားရင်း တနေရာရာမှာ ကျကျန်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ကျနော့်မှာလည်း ကွန်ပျူတာကမရှိတော့ ဓာတ်ပုံတွေလည်း ပြန်မကြည့်ဖြစ်တာနဲ့ ဘာတွေ ဘယ်လို ပျောက်နေမှန်းလည်း မသိခဲ့ဘူး။
ကဒ်တွေထဲမှာ တွတ်ပီ ပေါက်ကရပုံတွေ၊ အမှတ်တရပုံတွေရှိတယ်။ အခန်းထဲမှာ အဲကွန်းအေးလို့ဆိုပြီး ကိုဂျပန်အိမ်က ခွေးကြီးရော်ဘင်ရဲ့စောင်ကို တွတ်ပီက ယူခြုံပြီး ကွေးနေတဲ့ပုံတွေကအစ လျှပ်တပျက်ရိုက်မိတဲ့ ပုံတွေလည်း မနည်းဘူး။
ဒါပေမယ့် အားလုံးက ဆုံးရှုံးသွားပြီ၊ ပြောရမယ်ဆိုရင် ကျနော့်ရဲ့ အသုံးမကျမှုပေါ့ဗျာ။ နောက်ပြီး ဘယ်သူကရော ထင်မှာလဲ၊ ဒီပုံတွေက တွတ်ပီရဲ့ နောက်ဆုံးပုံတွေ ဖြစ်မယ်ဆိုတာ။
ကျနော်လည်း ငယ်သေးတယ်၊ သူလည်းငယ်သေးတယ်။ ကျနော်တို့အချင်းချင်း ပြန်ဆုံကြမယ်၊ နောက်ထပ် အလုပ်တွေ ထပ်လုပ်ကြမယ်ဆိုပြီး ကတိတွေပေးထားတာတွေ ရှိတယ်။ ဒီတော့ ဘယ်သူက ဒီလိုကတိတွေကို ထားခဲ့ပြီး ထွက်သွားလိမ့်မယ်လို့ ထင်မှာလဲ။ ဒါပေမယ့်လည်း ဘာတခုမှ အစိုးမရတဲ့ လောကကြီးမှာ ဖြစ်ပျက်သဘောတရားတွေက အရမ်းကို မြန်ဆန်လွန်းတယ်။
အခုဆို တွတ်ပီလည်း မရှိတော့ဘူး၊ ကျနော်လည်း နောက်ထပ် ဘာဓာတ်ပုံမှ မရိုက်ဖြစ်တော့ဘူး။ ဒါပေမယ့် ဒီနေ့ဒီအချိန်ထိ ကျနော့်တို့ရင်ထဲမှာတော့ တွတ်ပီက ရှိနေပါသေးတယ်၊ သူ့သီချင်းတွေလည်း လတ်ဆတ်နေပါသေးတယ်။
သွားလေသူ ဘော်ဒါကြီးကို သတိရမိတဲ့ အခိုက်အတန့်အတွင်း ရေးမိတဲ့ စာ …
(ပုံကတော့ တွတ်ပီက သူ့ FB မှာ တင်ထားခဲ့တဲ့ တခုတည်းသော ကျနော့်ရဲ့ ဓာတ်ပုံ)
Be the first to comment