အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ရေးထိုးကြ

အခုချိန်က “ဖက်ဆစ်အခက်-လူထုအချက်” အခြေအနေပါ။ ဖက်ဆစ် အကြမ်းဖက်အုပ်စုဟာ ဒင်းတို့သမိုင်းတလျှောက် အခက်ခဲဆုံးနဲ့ အကြပ်တည်းဆုံး အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒင်းတို့ “ပြိုမှတ်” (Tipping Point) ကို ရောက်နေပါပြီ။ ပြိုမှတ်ကနေ ဆုံးမှတ် (Ending Point) ထိ ရောက်အောင် ဆက်တွန်းကြဖို့ကတော့ ပြည်သူလူထုတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ကြီးပါပဲ။ ကျနော်တို့ ပြည်သူတွေ ဘယ်လောက်ထိ ညီညာဖြဖြ ရုန်းကန်အုံကြွနိုင်မလဲဆိုတာကို မူတည်မှာပဲ။
အခုလာမယ့် ဇူလိုင်လ (၁၉) ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းကျိုးပြည်ပြုခေါင်းဆောင်ကြီးများ ကျဆုံးခဲဲ့ရတဲ့ (၇၇) နှစ်မြောက် “အာဇာနည်နေ့” ဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ကဲ့သို့ တိုင်းပြည်နဲ့လူထုအတွက် မိမိအသက်ကို ပေးဆပ်သွားကြတဲ့ အခြားသော အာဇာနည်ပုဂ္ဂိုလ်ကြီးများစွာလည်း မြန်မာပြည်မှာ ရှိပါတယ်။
အာဇာနည်စိတ်ဓာတ်၊ အာဇာနည်သွေးလို့ ပြောရင် တိုင်းပြည်နဲ့ လူထုအတွက် ရဲရင့်ပြောင်မြောက်စွာ အကျိုးပြုခြင်း၊ စွန့်လွတ်စွန့်စားခြင်း၊ မတရားမှုကို ဆန့်ကျင်ခြင်း၊ ကိုယ်ကျိုးမဖက်ခြင်း၊ အသက်နဲ့ ခန္ဓာကိုပင် ပေးဆပ်ခြင်း အစရှိတဲ့ အဓိပ္ပာယ်မွန်များကို တန်းပြီး နားလည်မြင်ယောင်ကြမှာ ဖြစ်ပါတယ်။
မြန်မာပြည်တော်လှန်ရေးရဲ့ အခုအခြေအနေကလည်း အဆုံးသတ်တိုက်ပွဲကို အာဇာနည်စိတ်၊ အာဇာနည်သွေးအပြည့်နဲ့ မော်ကွန်းရေးထိုးကြရမယ့် အချိန်ဖြစ်ပါတယ်။ တလှိုင်းပြီး တလှိုင်း တက်လာတဲ့ စစ်ရေးတိုက်ပွဲအရှိန်တွေနဲ့အတူ လူထုတိုက်ပွဲတွေကိုလည်း အစွမ်းကုန် အရှိန်တိုးမြှင့် ဖော်ဆောင်ကြရမယ့် အချိန်ဖြစ်ပါတယ်။ တက်စုံဖွင့် ရွက်ကုန်လွှင့်ကြဖို့ပါပဲ။
လာမယ့် ဇူလိုင် (၁၉) အာဇာနည်နေ့မှာ ကျနော်တို့ ပြည်သူလူထုအနေနဲ့ ဘာတွေ ဆောင်ရွက်ကြမလဲဆိုတာ အထူးတောင် ပြောပြနေစရာ မလိုပါဘူး။ ဂုဏ်ပြုအပ်တဲ့ အာဇာနည်ပုဂ္ဂိုလ်များကို ဂုဏ်ပြုခြင်းကလည်း မင်္ဂလာတပါးဖြစ်ပါတယ်။ ယခင့် ယခင် နှစ်များမှာ အစဉ်အလာမပျက် ဆောင်ရွက်ခဲ့ကြတဲ့အတိုင်း အဲ့ဒီနေ့ မနက် (၁၀ နာရီ ၃၇ မိနစ်) အချိန်မှာ ကား၊ ဆိုင်ကယ်ပေါ် ရောက်နေကြသူတွေက ဟွန်းတီးကြမယ်ဗျာ။ အိမ်ထဲ ဆိုင်ထဲ ရောက်နေသူတွေက မတ်တပ်ရပ်၊ သတိဆွဲ အလေးပြုကြမယ်ဗျာ။ အခြေအနေပေးတဲ့ ပြည်သူတွေကတော့ နီးစပ်ရာ ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်တို့ဆီကို ချီတက်ပြီး ဂါရဝ ပြုကြမယ်ဗျာ။
လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အဆုံးသတ်တိုက်ပွဲကိုလည်း အာဇာနည်တွေသွေးနဲ့ ဆက်လက် ကဗ္ဗည်းရေးထိုးလိုက်ကြပါစို့ခင်ဗျား။
ပြည်သူအပေါင်း မျှော်ရည်တဲ့ အဆုံးသတ်ပန်းတိုင်ကို ပြည်သူအားလုံး ပါဝင်တဲ့ လူထုတိုက်ပွဲ၊ လူထု အထွေထွေ အုံကြွမှုကြီးနဲ့သာလျှင် စောလျင်စွာ ရောက်ရှိ၊ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။
အရေးတော်ပုံ အောင်ရမည်။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*