သာသာယာယာ ပျော်ရွှင်ခြင်းတွေအကြောင်း

by The Call
94 views
◼️ဂနိုက်
သာယာတဲ့နေ့တွေရောက်ချင်တယ်။ မေတ္တာကိုအကြောင်းပြုပြီး ပျော်၀င်သွားချင်တဲ့ အကြောင်သား နာကျင်မှုတွေကို ဖြေဖျောက်ပြီး မြစ်ဖျားခံလာမလားလို့ စောင့်မျှော်နေရတာက တကယ်တော့ သာယာတဲ့နေ့တွေရောက်ချင်လို့ပါပဲ။
ညဘက်တွေ လန့်လန့်နိုးနေရတဲ့ အိမ်ရဲ့အ​ဝေးက လူငယ်လေးတယောက်ရဲ့ ခံစားမှုသက်သက်အဖြစ်နဲ့ ပျော်ရွှင်ချင်တာမျိုးပေါ့။ ညဉ့်အမှောင်ပျောက်သွားပြီး နေ့အလင်းတွေ ပျောက်သွားတဲ့အချိန်အထိ အနားမှာ တယောက်ယောက်လက်ကို တင်းတင်းကြပ်ဆုပ်ကိုင်ပြီး အားတင်းရင်း ရှေ့ဆက်ချင်နေတဲ့ အခုလို ထိလွယ်ရှလွယ်ကာလမျိုးတွေမှာ အမှန်တကယ် ပျော်ရွှင်မှုစစ်စစ်တွေ ရနိုင်မလား ဆိုတာမျိုးတွေကနေ အထီးကျန်ဆန်ရင်း နေသားတကျဖြစ်သွားတဲ့ စိတ်အခြေအနေမျိုးတွေကို ကြောက်ကန်ကန်ပြီး ကြံဖန်ဖျော်နေရတဲ့ ပျော်ရွှင်မှုမျိုးဟာ အမှန်တကယ်ပျော်ရွှင်ရတာမှမဟုတ်တာ။
“နေရောင် တောင်စွယ်မှာကွယ်ရင် ရွှေလမင်းလေး ထွန်းလင်း လမင်းလေး မာယာရှင်လေး မုန်းသွားပါစေ” ဆိုတာမျိုးပေါ့ တယောက်ယောက်လာဖို့ တယောက်ယောက် ထွက်သွားပေးရတာမျိုးက ပျော်စရာမှမဟုတ်တာဘဲ၊ နေပူဒဏ်ကို ထန်းလက်နဲ့ကာလို့ အေးမြသွားတဲ့အခိုက်အတန့်က တခနထက် ပိုတာမျိုးမှမဟုတ်ကြောင်း သီအိုလေဘရမ်ချစရာ လိုဉီးမလား။
ပျော်ရွှင်မှုဟာ ချစ်ခြင်းမေတ္တာ ငွေကြေး ဂုဏ်ပကာသန ရုပ်၀တ္ထု အနတ္တဘာသာရပ် ကျော်ကြားခြင်း ကဗျာတပုဒ် စသည်ဖြင့် ဘယ်ကွေ့ကပဲချိုးလာလာအမိအရဖမ်းနိုင်ဖို့ မဂ္ဂါဟက်ဇ် ဘယ်လောက်ထားထားရမလဲဆိုတဲ့ လက်တွေ့ကျမှုမျိုးတောင်မှ “သိပ်စိတ်ညစ်လာရင်တော့ နွဲ့တင်ရှိရင်ပြီးတာပဲ” ဆိုတာလောက် အမှန်တကယ်ပျော်ရွှင်မှုကို ပေးနိုင်မယ်လို့ ငါတော့မထင်ဘူး။
တိမ်သားလိပ်တွေ တရိပ်ရိပ်ရွေ့လျားနေသလို စိတ်ညစ်စရာစိတ်ရှုပ်စရာတွေ ရွေ့လျားသွားရင်တော့ အက်ပ်အသစ်တွေ ဒေါင်းဖို့မလိုသလို ဖုန်းနံပတ်တချို့ကိုလည်း နောက်ဆံတင်းတင်း ဖျက်ချလို့ရပြီလို့ပြောရဲတယ်။ ဒါကလည်း အတွေ့အကြုံအရဖြစ်လာတာ ပြတင်းပေါက်ဘောင်ပေါ် တက်ထိုင်ပြီး မြင်မြင်သမျှ ခွဆဲနေတဲ့လူတယောက်ဟာ ဖိနပ်တဘက်ကို ရှာမတွေ့တော့တဲ့နောက် ဘာဆက်ဖြစ်မယ်ထင်လဲ။
တကယ်တမ်း ပျော်ရွှင်မှုဆိုတာကိုလည်း အပြစ်မပြောတော့ပါဘူး။ ဖျားနေတဲ့အချိန် ကင်မ်ချီဟင်းရည်ပူပူလေး သောက်လိုက်ရတာမျိုး၊ ဘတ်စ်ကားခ အိပ်ကပ်ထဲမကျန်တော့တဲ့ ရက်တွေမှာ မှတ်ဉာဏ်သိပ်မကောင်းတဲ့ စပယ်ယာနဲ့တိုးတာမျိုး၊ ကျဆုံးသွားတဲ့တယောက်ယောက်အတွက် နောက်ထပ်တယောက်ယောက်က နာရေးကူငွေ လာပေးသွားတဲ့အခိုက်အတန့်မျိုးတွေလို အသက်ရှူချောင်စေမှုဟာလည်းပဲ ပျော်ရွှင်စရာအနည်းငယ်ပဲမဟုတ်လား။
၂၂ ဂျွန် ၂၀၂၄
* ” — ” ထဲကစာသားတွေက စိုင်းခမ်းလိတ်၊ စိုးပိုင်တို့ သီချင်းတွေထဲက စာသားတွေဖြစ်ပါတယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment