Simon
၂၀၂၁ တုန်းက CDM ဆေးကျောင်းသား ဆရာ၀န်လောင်း ခန့်ညားဟိန်းကို စစ်တပ်က ပစ်သတ်ခဲ့တာကို မှတ်မိလား၊ CDM လုပ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ဆရာမတွေကို အကြမ်းဖက်ဖြိုခွဲခဲ့လို့ ဆရာမတွေ အသက်ဆုံးရှုံးခဲ့တာကိုရော မှတ်မိလား၊ CDMလုပ်ထားတဲ့ ဒဂုံတက္ကသိုလ်က ကျောင်းသားတွေ၊ တာ၀တက္ကသိုလ်က ကျောင်းသားတွေ သေဒဏ်ပေးခံရတာကိုရော မှတ်မိကြလား။
စစ်တပ်ကို အခုလို လက်နက်ချင်းယှဥ်ပြီး တိုက်ဖို့မပြောနဲ့ အပ်တိုတချောင်းတောင် ကိုင်ထားခြင်းမရှိတဲ့ ကျောင်းသားလေးကို မြို့လည်ခေါင်၊ လူရှေ့သူရှေ့မှာ ခွေးသေကောင်လို တရွတ်တိုက်ဆွဲသွားတဲ့ မြင်ကွင်းကို ငါတို့မျက်လုံးထဲက လုံး၀မထွက်ခဲ့ဘူး။ ဒီလိုပဲ ငြိမ်းချမ်းစွာ ဆန္ဒထိုင်ပြနေတဲ့ ဆရာမကြီးကို လမ်းမပေါ်မှာ ရိုက်သတ်ခဲ့တာလည်း ငါတို့မမေ့သေးဘူး။
ပြောရမယ်ဆိုရင် စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲခဲ့လို့ သေဆုံးခဲ့ရတဲ့ ကျောင်းသား/သူ၊ ဆရာ၊ ဆရာမတွေနဲ့ CDM ဝန်ထမ်းတွေက တယောက်၊ နှစ်ယောက် မဟုတ်ဘူး။
ဒါပေမယ့် သူယုတ်လို့ ကိုယ်ယုတ်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ငါတို့မထားဘူး။ တော်လှန်ရေးကြောင့် လက်နက်ကိုင်ရတယ်ဆိုပေမယ့် ငါတို့ပြန်သိမ်းနိုင်ခဲ့တဲ့ ဒေသတွေထဲက CDM မလုပ်တဲ့ ကျောင်းသား/သူ၊ ဆရာ၊ ဆရာမတွေနဲ့ တခြားဝန်ထမ်းတွေကို နားအုံတောင် မရိုက်ခဲ့ဘူး။
ဒဏ်ရာရထားရင်တောင် ကယ်ထုတ်ပြီး ဆေးတောင်ကုပေးခဲ့တယ်။
“ဘာလို့လဲသိလား ငါတို့က လူစိတ်ရှိတဲ့ လူတွေမို့လို့”
ငါတို့ နာကျင်ခဲ့ရတဲ့အတိုင်း လုပ်ရကြေးဆို CDM မလုပ်တဲ့ဟာတွေ တယောက်မှတောင် အရှင်မထားချင်ဘူး၊ အကုန်လုံး အရေခွံ စုတ်ပစ်ချင်တာ။ ဒါပေမယ့် ငါတို့မှာ စောင့်ထိန်းရမယ့် စည်းကမ်းတွေနဲ့ လိုက်နာရမယ့် စစ်သုံ့ပန်းဥပဒေတွေအတိုင်း ဆောင်ရွက်ပေးခဲ့တာချည်းပဲ။ ဒါပေမယ့် ဒီကောင်တွေအလှည့်တုန်းကတော့ အခုလို စစ်မြေပြင်မှာ မဟုတ်တာတောင် ငါတို့အပေါ် လူမဆန်စွာနဲ့ ရက်စက်ခဲ့တာတွေကိုတော့ ငါတို့ဘက်က လုံး၀မမေ့သေးဘူး။
ဒီလို အနာတွေများစွာနဲ့ ငါတို့ CDM တွေကို Black list ဖျက်ပေးမယ် ပြန်လာပါဆိုတော့ ရယ်ချင်တာပေါ့။
ပြောရမယ်ဆိုရင် CDM စစချင်းတုန်းက မင်းတို့ကိုယ်တိုင် ခပ်ချေချေနဲ့ ငါတို့ငတ်လာရင် ပြန်လာမှာပါကွာဆိုပြီး ထင်ခဲ့ကြတာ။
တကယ်တမ်း ပြန်မလာဘဲ လေးရက်၊ ငါးရက်လောက်လည်းကြာရော CDM တွေ ပြန်လာရင် ဘာပေးမယ်၊ ညာပေးမယ်နဲ့ မက်လုံးတွေပေးပြီး ပြန်ခေါ်ခဲ့တာ မင်းတို့တွေပဲ။
ဒါတောင် CDM တွေက ပြန်မလာတော့ တပတ်လောက်လည်းကြာရော ပြန်မလာရင် အစားထိုးမယ်ဆိုပြီး ဘီလူးဇာတ်တွေခင်းဖို့ ခြိမ်းခြောက်တဲ့အပြင် ဖမ်းတာ၊ ဆီးတာတွေလုပ်ပြီး တချို့ဆို အသေတောင် သတ်ခံရတဲ့အထိ ရက်ရက်စက်စက်ကို လုပ်ခံခဲ့ရတယ်။
ဒီလိုတွေဖမ်းပြီး ရက်စက်လည်း CDM တွေက မဖြုံ၊ အကြမ်းဖက်စစ်တပ်က ကောင်တွေလည်း ရှိသမျှ CDM တွေကို အကုန် လိုက်မဖမ်းနိုင်တော့ ပြန်လာရင် လစာလည်း အပြည့်ပေးပါ့မယ်၊ အရေးလည်းမယူပါဘူး၊ အပြစ်တွေကို သင်ပုန်းချေပေးမယ်ဆိုပြီး မဲဆွယ်သလို ဗလွတ်ရွှတ်တတွေ ထပ်ပြီး ပြောလာပြန်ရော။
ဒါလည်း CDM တွေကပြန်မလာတော့ ဇော်မည်းလုံးကိုယ်တိုင်
“နွားတွေကို ကောင်းကောင်းထွန်ယက်အောင် လုပ်ပေးရမယ်၊ မထွန်ရင် တွန်းပြီး ထွန်နိုင်အောင် ခိုင်းမယ်ဆိုပြီး” သူကိုယ်တိုင် သတင်းစာရှင်းလင်းပွဲမှာ ဒီလိုမျိုး ပြောခဲ့သေးတာ မှတ်မိသေးတယ် ငါတို့တွေ လုံး၀မမေ့ဘူး။
အထူးသဖြင့် အဲ့သည့်အချိန်တုန်းက ဆရာ၀န်တွေကို ဒီကောင်က ပိုပြီး ခြိမ်းခြောက်ခဲ့တာ။
ဒီကောင် ဒါမျိုးပြောလည်း CDM တွေက တောင့်ခံခဲ့တယ်၊ လုံးဝ ပြန်မသွားခဲ့ဘူး။ ၂၀၂၁ အစမှာ CDM လုပ်လာခဲ့တဲ့ ၀န်ထမ်းပေါင်း ၃ သိန်းကျော်လောက်ရှိတယ်လို့ သိထားရတယ်။ အဲ့သည့်ထဲက တချို့တလေကတော့ အကြောင်းအမျိုးမျိုးနဲ့ စစ်ဖိနပ်အောက်ကို ပြန်၀င်သွားကြသော်လည်း တချို့တွေကတော့ အခုချိန်ထိ လုံးဝကိုတောင့်ခံပြီး အာဏာရှင်ကို တော်လှန်ပုန်ကန်နေဆဲပဲ။
ကျနော့်သူငယ်ချင်း၊ မိတ်ဆွေတွေထဲမှာ ယနေ့အချိန်ထိ သူတို့ရဲ့ ရာထူးကိုစွန့်ပြီး ကြုံရာကျပန်းအလုပ်တွေနဲ့ တော်လှန်ရေးအပေါ် သစ္စာရှိတဲ့ CDM ဝန်ထမ်းတွေမှ အများကြီးရှိတယ်။ ဒီလို စိတ်ဓာတ်မာကျောတဲ့ ဝန်ထမ်းတွေကို ဒီကောင်တွေဆီ ပြန်သွားမလား မေးကြည့် တယောက်မှ စစ်ဖိနပ်အောက်ကို ပြန်သွားကြမှာ မဟုတ်ဘူး။
ဒါကြောင့် ဒီလို တော်လှန်ပုန်ကန်နေဆဲဖြစ်တဲ့ CDM တွေကို အကြမ်းဖက်စစ်တပ်က အချိုသတ်ပြီး ပြန်ခေါ်မယ်ဆိုရင်လည်း CDM တွေက မင်းတို့ဆီမှာ အလုပ်လုပ်ဖို့ ဖောင်တိန်ကိုင်ပြီး ပြန်လာမှာတော့ မဟုတ်ဘူး၊ မင်းတို့ကို ဖြုတ်ချဖို့ သေနတ်ကိုင်ပြီးပဲ ပြန်လာကြမှာ။
Be the first to comment