Steins Gate (2011)

by The Call

“Steins Gate” (2011)

▪️သောရီ

ဆိုက်ဆိုက်မြိုက်မြိုက်အမြဲရောက်ရှိခဲ့သောခွဲခွာခြင်းများ။
ကိုယ်ကြိုးစားပြီး ပြန်လာကြည့်မယ်နော်။
အစကနေပြန်လျှောက်မယ်။ အစကနေပြန်စမယ်။ အဆုံးသတ်ဟာ ခွဲခွာခြင်းလိုင်းတွေပေါ်မှာ အတိအကျရှိနေတယ်။ သိတယ်။ ကိုယ်ပြန်လာခဲ့မယ်။
သွေဖီခြင်းများ။ တလက်လက်ထနေတဲ့ အချိန်လိုင်းများ။ ထိချက်ဖွဖွလေးနဲ့တင် အချိန်လိုင်းလေးတွေ ဖွာခနဲ ကွဲသွားတဲ့အခါ မင်းနဲ့ငါခွဲခွာဖို့ ဖြစ်တန်စွမ်းတွေဟာ သိန်းသောင်းချီသတဲ့။ အဲ့ထက်တောင်ပိုဦးမယ်။ ကိုယ်လုပ်နိုင် တာက အဲ့ဒီ့လွဲချော်မှု ဖြစ်တန်စွမ်းတွေကို ရသလောက် ပြန်လည်ပြင်ဆင်ကြည့်ဖို့ပဲ။
ပုံစံအမျိုးမျိုး အကြိမ်ကြိမ် သေဆုံးနေတဲ့မင်းကို မြင်နေရတာ ငရဲပဲ။ နောက်တကြိမ်။ နောက်တကြိမ်။ နောက်တကြိမ်။ နောက်တကြိမ်။ ပြီးတော့ နောက်ထပ် နောက်ထပ်တကြိမ်။ ငယ်ဘဝက စွန်ကို ကောင်းကင်ပေါ် မနားတမ်းဆွဲတင်ခဲ့ဖူးတဲ့ မျှော်လင့်ချက်မျိုးနဲ့ နောက်ထပ်အကြိမ်ကြိမ် ကိုယ်ပြန်လာနေတယ်။ ပုံစံအမျိုးမျိုး အကြိမ်ကြိမ် သေဆုံးနေတဲ့မင်းကို မြင်နေရတာ ငရဲပဲ။

ကိုယ် ထပ်လာခဲ့မယ်။ အစကနေပြန်ပြီး လမ်းတွေ အတူတူလျှောက်ဖို့။ စကားတွေ အတူတူပြောဖို့။ နေ့လည်စာတွေ အတူတူစားဖို့။ တခါတရံ အလိုလိုက်ပြီး ပွဲတော်တွေဆီ အတူတူသွားဖို့။ စကားမပြောတာ အကြာကြီးရှိနေပြီလို့ ခံစားရကောင်းခံစားရမယ်။ ဝမ်းမနည်းနဲ့။ မငိုနဲ့။ ပြန်လာခဲ့မယ်။ နောက်ထပ်တကြိမ် …။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment