မင်းအောင်လှိုင် ရူးသွားပြီလား

◼️Simon
ပြီးခဲ့တဲ့ရက်တွေက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး သူ့ဘက်ကရော၊ ကိုယ့်ဘက်ကရော အသံတွေ ထွက်လာကြတာရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ မင်းအောင်လှိုင်တယောက် စိတ်သိပ်မမှန်တော့ဘူးဆိုတာပါ။
သူ့ဘက်ကလူတွေ ကိုယ်တိုင်ပြောတဲ့စကားမှာ မင်းအောင်လှိုင်က အစည်းအဝေးခန်းတွေမှာ တောင်စဥ်ရေမရ စကားတွေကို နာရီနဲ့ချီပြီး ပြောတဲ့အပြင် သူပြောတဲ့စကားတွေကိုလည်း သူကိုယ်တိုင်မမှတ်မိဘူး ဆိုတဲ့အကြောင်းပါ။ ဒီလိုမျိုး အသံတွေထွက်လာတော့ ကျနော့်မျက်လုံးထဲ ပြေးပြီးမြင်မိတာ တချိန်က ခင်ညွန့်၊ သန်းရွှေတို့ရဲ့ စီနီယာဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုပါ။
ဘာကြောင့်လဲဆိုတော့ လက်ရှိ မင်းအောင်လှိုင်ရဲ့ အခြေအနေက ဗိုလ်ချုပ်စောမောင်နဲ့ အတော်လေးဆင်တူတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင်ဆိုရင်လည်း ၁၉၈၈ အရေးတော်ပုံကြီးအပြီးမှာ ပြည်သူကို ရွေးကောက်ပွဲကျင်းပမည် ဖြစ်ကြောင်း၊ ထိုရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို အာဏာလွှဲမည်ဖြစ်ကြောင်းနှင့် အာဏာလွှဲပြီးပါက စစ်တန်းလျားပြန်မည်ဖြစ်ကြောင်း ကတိပြုခဲ့ဖူးတယ်။
ဒါကြောင့်လည်း ၁၉၉၀ မှာ သူကိုယ်တိုင်ဦးစီးပြီး ပါတီစုံရွေးကောက်ပွဲကြီးကို ကျင်းပခဲ့တယ်။ အဲ့သည့်တုန်းက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ သောင်ပြို၊ ကမ်းပြို အနိုင်ရခဲ့တယ်။
ဒီတော့ စောမောင်က ကတိအတိုင်း အနိုင်ရပါတီကို အာဏာလွှဲပြောင်းရမှာဆိုပေမယ့် တကယ်တမ်း အာဏာလွှဲပြောင်းပေးဖို့ကို အခြားဗိုလ်ချုပ်တွေက သဘောမတူခဲ့ဘူး။
ဒီလိုနဲ့ ၁၉၉၂ မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို နဝတအစိုးရအဖွဲ့က ကျန်းမာ‌ရေးအကြောင်းပြချက်ဆိုတဲ့ ကြေငြာချက်နဲ့ ရုတ်တရက် အနားပေးလိုက်တယ်။ သိရသလောက်က ဗိုလ်ချုပ်မှူးကြီးစောမောင်လည်း အခု မင်းအောင်လှိုင်လိုပဲ စိတ်ကစဥ့်ကလျားဖြစ်ပြီး တောပြော၊ တောင်ပြောနဲ့ ပြောနေကြလို့ စိတ်ကျန်းမာရေး မကောင်းတော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သန်းရွှေနဲ့ ခင်ညွန့်တို့ခေါင်းဆောင်ပြီး စောမောင်ကို တာ၀န်ကနေအနားပေးပြီး သူတို့က ခေါင်းဆောင် တက်လုပ်လိုက်တာဖြစ်တယ်။ တချို့သတင်းစကားတွေမှာဆိုရင် စောမောင်ကို အရူးဆေးထိုးပေးလိုက်တယ်လို့တောင် ကြားရတယ်။ ပြောရမယ်ဆိုရင် ထပ်ဆင့် အာဏာသိမ်းလိုက်တဲ့ သဘောပါပဲ။
အတွင်းစကားတွေအရ ဒီလို စောမောင်ကို အနားပေးလိုက်လို့ဆိုပြီး စောမောင်ရဲ့ မိန်းမက စစ်ရုံးထိလာပြီး သန်းရွှေနဲ့ ခင်ညွန့်ကို ဖေနဲ့ကိုင်ပြီး လာဆဲခဲ့တယ်လို့တောင် ပြောကြတယ်။
တကယ်လည်း ဗိုလ်ချုပ်မှူးကြီးစောမောင်က ဒေါ်အောင်ဆန်းစုကြည်ကို အာဏာလွှဲပြောင်းပေးမယ့်ကိစ္စမှာ အခြားထိပ်တန်း ဗိုလ်ချုပ်ကြီးများက လက်မခံတဲ့အတွက် ဗိုလ်ချုပ်ကြီးသန်းရွှေအပါအဝင် အခြားသော ဗိုလ်ချုပ်များကိုယ်တိုင်က ဗိုလ်ချုပ်မှူးကြီးစောမောင်ကို လျှို့ဝှက်ဖြုတ်ချရန် စီစဉ်ခဲ့ကြတယ်ဆိုတာ အမှန်ပဲဖြစ်သလို ဒီလိုလုပ်ကြံပြီး ရာထူးက ဖြုတ်ချခံခဲ့ရတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ စိတ်ကျန်းမာရေးကလည်း အရင်ကထက် ပိုဆိုးရွားသွားပြီး နောက်တော့ အဲ့သည့်စိတ်နဲ့ပဲ သေတာပဲ။
ဒီလိုနဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်က ကာချုပ်ဘ၀နဲ့ ၃နှစ်နဲ့ ၇ လပဲခံခဲ့တယ်။
အခုလည်း မင်းအောင်လှိုင်ကို စိတ်ကစဥ့်ကလျားဖြစ်နေပြီဆိုတဲ့ လေသံတွေ ထွက်လာတာကို တွေ့ရတယ်။ ပြောရမယ်ဆိုရင် ဒီလိုလေသံထွက်လာတာဟာ သူ့ဘက်ကလူတွေ အထူးသဖြင့် သူ့အနားက လူတွေဆီကပဲ ထွက်လာတာ ဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စကို သေချာစဥ်းစားဖို့လိုတယ်။
မင်းအောင်လှိုင် တကယ်ပဲ သူ့စိတ်က အခြေအနေမဟန်ဖြစ်နေတာလား တမင်သူ့ကို ခုထက်ပိုပြီး စိတ်ကစဥ့်ကလျားဖြစ်အောင် သူ့အောက်ကလူတွေကိုယ်တိုင်က ဒီလိုသတင်းကို ထုတ်လိုက်တာလားဆိုတာ သူတို့တွေကပဲ ပိုသိပါလိမ့်မယ်။
ကျနော်တို့အနေနဲ့ကတော့ မင်းအောင်လှိုင်ရဲ့ လက်ရှိအခြေအနေကို သုံးသပ်ရရင် သူ့ရဲ့စိတ်က သာမန်လို မဟုတ်တာကိုတော့ လက်ခံတယ်။ ဘာကြောင့်လဲဆိုရင် တနိုင်ငံလုံး စစ်ရှုံးပြီး နေပြည်တော်အထိ ခြိမ်းခြောက်ခံနေရတဲ့ သူ့အတွက် နေ့စဥ်နဲ့အမျှ ဖိအားတွေကို ရင်ဆိုင်နေရမှာပဲ။ အထူးသဖြင့် စစ်ရှုံးရင် သူ့ရဲ့မရှိတဲ့သိက္ခာနဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေအပြင် သူ့မိသားစုပါ မြောင်းထဲရောက်မယ့် အခြေအနေကို သူမြင်နေရတယ်။
ဒါ့အပြင် သူ့ရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့် အချိန်မရွေး သူ့နောက်ကျောကို ဓါးနဲ့ထိုးမှာကို ကြောက်နေရတဲ့ စိတ်မလုံခြုံမှု စတဲ့ အကြောင်းအရာတွေကလည်း မင်းအောင်လှိုင်အနေနဲ့ မရူးသေးရင်တောင် ရူးသွားနိုင်ဖို့အတွက် တွန်းပို့သလို ဖြစ်နေတာတော့ အသေအချာပဲ။
ဒီတော့ ကျနော့်ရဲ့အမြင်ပြောရရင် မင်းအောင်လှိုင်ဟာ တချိန်က အာဏာရူးတဲ့ဘ၀ကနေ သွက်သွက်ခါအောင် ရူးတဲ့ဘ၀ကို ရောက်သွားနိုင်တယ် ဆိုတာပါပဲ။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*