တပ်ပြေးလား၊ ခေါင်းဆောင်မှုပြဿနာလား

ဖြိုး​ဇော်​အောင်

by The Call
1 views
“တပ်ပြေးလား၊ ခေါင်းဆောင်မှုပြဿနာလား”
■ ဖြိုး​ဇော်​အောင်
ရဲဘော်တွေ တော်လှန်ရေးကို စွန့်ခွာကြတဲ့ ကိစ္စနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေဟာ ဒီရက်ပိုင်းထဲမှာ ခပ်စိတ်စိတ်ဖြစ်လာပါတယ်။ ရဲဘော်တွေ ဘာကြောင့်တပ်ကို စွန့်ခွာသွားကြတာလဲဆိုတဲ့ မေးခွန်းမှာ အဖြေ အမျိုးမျိုးရှိနိုင်ပါတယ်။ စစ်ရဲ့ အနိဌာရုံကို ထပ်မံ မကြုံတွေ့လိုတော့ခြင်း၊ မိသားစုစားဝတ်နေရေးအတွက် အကူညီပေးရန်လိုလာခြင်း၊ အာဏာ၏ အမှောင်ဘက်အခြမ်းကို တွေ့မြင်လိုက်ရခြင်း၊ ဂုဏ်သိက္ခာနှင့်အညီ အသိအမှတ်မပြုခံရခြင်း၊ မိမိ အနာဂတ်ကို စိုးရိမ်ပူပန်လာရခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို သေချာကြည့်ရင် ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို မေးခွန်းထုတ်နေတဲ့ အချက်အလက်တွေရှိနေတာကိုလည်း တွေ့ရပါလိမ့်မယ်။ စိတ်မကောင်းစရာ အနေနဲ့ တော်လှန်ရေးတပ်တွေရဲ့ ခေါင်းဆောင်ဆိုသူတွေဟာ ဒီမေးခွန်းတွေကို ဖြေဆိုပေးဖို့ တမင် ပျက်ကွက်ခဲ့ကြတာပါပဲ။
ခေါင်းဆောင်ဆိုသူတွေဟာ ဒီမေးခွန်းကို ဖြေဆိုဖို့ ပျက်ကွက်ခဲ့ကြတဲ့အပြင် တော်လှန်ရေးကို စွန့်ခွာသူ ရဲဘော်ကို တပ်ပြေးလို့ တံဆိပ်ကပ်တာတွေပါ လုပ်ဆောင်လာကြပါတယ်။ ဒီလို အလွယ်တကူ တပ်ပြေးကြေငြာခြင်းဟာ တော်လှန်ရေးကို စွန့်ခွာလိုသူတွေ နည်းသွားအောင် လုပ်နိုင်မယ့်အဖြေမဟုတ်ပါ။ ရဲဘော်တွေ တော်လှန်ရေးကို စွန့်ခွာလာကြခြင်းဟာ မျှတမှုမရှိတဲ့ အသိုင်းအဝိုင်းကို တုံ့ပြန်တဲ့ နိုင်ငံရေးသဘောဆောင်သောလက္ခဏာအဖြစ် ကြည့်မြင်လို့ရပါတယ်။ ဒီနိုင်ငံရေးသဘောဆောင်တဲ့ အပြုအမူရဲ့ နောက်ဆက်တွဲရလဒ်ဟာ တော်လှန်ရေးအတွက် စိုးရိမ်စရာဖြစ်ပါတယ်။
အညာဒေသမှာ ပုံမှန်တွေ့မြင်နေရလေ့ရှိတဲ့ မမျှတခြင်းရဲ့ မြင်ကွင်းနှစ်ခုကို ဥပမာ ပြကြည့်ချင်ပါတယ်။ ပထမတခုကတော့ ဖုန်တထောင်းထောင်းထနေတဲ့ လမ်းတွေပေါ်မှာ ကားကြီး ကားငယ် အသွယ်သွယ်နဲ့ တော်လှန်ရေးခေါင်းဆောင်ဆိုသူတွေ လမ်းသလားနေကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။ ၎င်းတို့ရဲ့ အဆင်အသွေးကြည့်တဲ့အခါမှာလည်း “လည်မှာ ခလောက်၊ ခါးမှာ ဗြောက်၊ မယား ဆံတောက်” ဆိုတဲ့ ရန်သူ့ ဝါဒဖြန့် စကားအတိုင်း ဆင်ယင်ဝတ်စားထားတာများလားလို့တောင် တွေးစရာပါပဲ။ ဒုတိယမြင်ကွင်းကတော့ ရဲဘော်တွေရဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။ အောက်ခြေက ရဲဘော်လေးတွေဟာ သော့ပေါက်နဲ့ ကာဗာတောင်မပါတဲ့ ဆိုင်ကယ်အစုတ်ကလေးတွေကို “အရိုးခြောက်ဘီး” လို့ဆိုရင်း ဂုဏ်ယူစွာ စီးနေကြတာကို တွေ့ရပါလိမ့်မယ်။
ထို့အပြင် တော်လှန်ရေးခေါင်းဆောင် ဆိုသူတွေ လူထုနဲ့ ကင်းကွာလာခဲ့တာ အချိန်အတော်ကြာပြီဖြစ်ပါတယ်။ ပြည်သူလူထုဟာ စစ်ကြောင့် အထွေထွေကျပ်တည်းမှုကို အလူးအလဲကြုံနေရချိန်မှာ တော်လှန်ရေးခေါင်းဆောင်ဆိုသူတွေ နေ့စဉ်သောက်နေတဲ့ အရက်တပုလင်းရဲ့ ဈေးနှုန်းဟာ အနည်းဆုံး ၁၀၀,၀၀၀ လောက်ဖြစ်တာကို မကြာခဏတွေ့မြင်နေရပါတယ်။ “အရက်၊ ဘီယာနဲ့ မူကထာ” ဟာ ၎င်းတို့အတွက် နေ့စဉ်စားနပ်ရိက္ခာသဖွယ် သုံးစွဲနေခြင်းမျိုးက ဒုက္ခကို ခါးသီးစွာခံစားနေရတဲ့ ပြည်သူလူထုအတွက် မျက်စိဆံပင်မွှေးဆူးစရာ ကိစ္စရပ်ပဲဖြစ်ပါတယ်။
ဒီလို အထက်အောက် မမျှတမှုတွေ၊ လူထုနဲ့ ကင်းကွာမှုတွေ တော်လှန်ရေးထဲမှာ ရှိနေတာ လက်သင့်ခံနိုင်စရာအကြောင်းမရှိပါ။ တော်လှန်ရေးဟာ လေထဲမှာ အလွယ်တကူပျောက်ဆုံးသွားခဲ့ရမယ့် ကြွေးကြော်သံ သက်သက်မဟုတ်ပါ။ လူပေါင်းများစွာရဲ့ အသက်နဲ့ ဘဝတွေကို ရင်းနှီးပေးဆပ်ရင်း “မနက်ဖြန်တွေဟာ ပိုကောင်းလာစေရမယ်” လို့ အာမခံပေးထားရတဲ့ စာချုပ်တခုဖြစ်ပါတယ်။ ဒီစာချုပ်ထဲမှာ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေး စတဲ့ ကတိကဝတ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။ တော်လှန်ရေးသမားတွေ အထူးသဖြင့် ခေါင်းဆောင်တွေက ဒီကတိကဝတ်တွေကို လက်တွေ့လိုက်နာ ကျင့်သုံးခြင်းဖြင့် ပိုကောင်းတဲ့ မနက်ဖြန်ကို ထုဆစ်ကြဖို့ တာဝန်ရှိတာဖြစ်ပါတယ်။
တန်းတူညီမျှမှုမရှိတဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေဟာ တော်လှန်ရေးရဲဘော်တွေရဲ့ စိတ်ဓာတ်ကို ယိုင်နဲ့စေပါတယ်။ အထူးသဖြင့် အသက်နဲ့ ဘဝကို ညီတူမျှတူ ပေးအပ်ကြရတဲ့ တော်လှန်ရေးရဲ့ တောင်းဆိုချက်မှာ “သူတို့နဲ့ ငါတို့က မတူပါလား” ဆိုတဲ့ အသိကို ဖြစ်စေပါတယ်။ ရဲဘော်တွေရဲ့ ရင်ထဲမှာ “ဘာကြောင့် ငါတို့က သူတို့အတွက် ရှေ့ကနေ အသက်ပေးဖို့လိုတာလဲ” ဆိုတဲ့ စိတ်ခံစားမှုမျိုးကို ဖြစ်စေပါတယ်။ ဒါဟာ ရဲဘော်တွေ တော်လှန်ရေးကို စွန့်ခွာရတဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် တော်လှန်ရေးခေါင်းဆောင်ဆိုသူတွေရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကြောင့် ရဲဘော်တွေ တော်လှန်ရေးကို စွန့်ခွာနေကြခြင်းဖြစ်ပါတယ်။
နောက်ထပ် အကြောင်အရင်းတခုအနေနဲ့ ခေါင်းဆောင်ဆိုသူတွေဆီမှာ “စစ်ရေးအမြင်” နှင့် “နိုင်ငံရေးရည်မှန်းချက်” ဟန်ချက်ညီမျှမှုမရှိခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်တွေဟာ ရဲဘော်တွေကို “စစ်ရေးအမြင်” သာ တပ်ဆင်ပေးလိုက်ပြီး “နိုင်ငံရေးရည်မှန်းချက်” ရှင်းလင်းအောင် မပြသပေးနိုင်ခြင်းဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အောင်မြင်မှုကို “မြို့သိမ်း၊ စခန်းသိမ်း” တိုက်ပွဲတွေနဲ့လောက်သာ တိုင်းတာ၍ မရပါ။ “ဆိုးယုတ်တဲ့ စနစ်နေရာမှာ ပိုကောင်းမွန်တဲ့ အသစ်တခုနဲ့ အစားထိုးမယ်” ဆိုတာ ရဲဘော်တွေ သိနားလည်အောင်ပြသပေးနိုင်ရပါတယ်။ “ငါတို့ဟာ ဘယ်လို စနစ်အသစ်ကို အသက်သွင်းနေကြသလဲ” ဆိုတဲ့ အခြေခံအကျဆုံးမေးခွန်းကို မဖြေဆိုပေးနိုင်ရင် ရဲဘော်တွေဆီမှာ “ယုံကြည်ချက် လေဟာနယ်” တည်ရှိလာမှာ ဓမ္မတာပဲဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှုဟာ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်တည်ဆောက်ရေးကို ရည်မှန်းထားတဲ့ စံတန်ဖိုးအခြေပြု ခေါင်းဆောင်မှု (Values-Based Leadership) ဖြစ်ပါတယ်။ ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်တွေထက် ယုံကြည်မှု၊ လေးစားမှုနဲ့ စံနမူနာပြခြင်းတို့အပေါ်မှာ အခြေခံထားတဲ့ ခေါင်းဆောင်မှုဖြစ်ပါတယ်။ စံနမူနာကောင်း မပြနိုင်တဲ့ ခေါင်းဆောင်တွေရဲ့အောက်မှာ ရဲဘော်တွေဆက်လက် မနေနိုင်ခြင်းကိုတော့ တပ်ပြေးအဖြစ်တံဆိပ်ကပ်၍ မရပါ။ ရဲဘော်တွေ တော်လှန်ရေးကို စွန့်ခွာကြခြင်းဟာ မိမိတို့ရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို ပြန်လည်သုံးသပ်ကြဖို့ အချိန်သင့်နေပြီဖြစ်ကြောင်း ခေါင်းလောင်းထိုးသံလည်း ဖြစ်နိုင်ပါတယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment