အတုအယောင်ရွေးကောက်ပွဲတွေအလွန်က အတုအယောင်ငြိမ်းချမ်းရေး

ဖြိုး​ဇော်​အောင်

by The Call
0 views
“အတုအယောင်ရွေးကောက်ပွဲတွေအလွန်က အတုအယောင်ငြိမ်းချမ်းရေး”
■ ဖြိုး​ဇော်​အောင်
အတုအယောင်ရွေးကောက်ပွဲတွေအပြီးမှာ စစ်အုပ်စုက နိုင်ငံရေး၊ စစ်ရေးကစားကွက်တွေကို သိသိသာသာ အရှိန်မြှင့်လာခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ တရုတ်နောက်ခံပြုပေးထားတဲ့ စစ်တပိုင်းအစိုးရကို မကြာခင်မှာ မြင်တွေ့လာရဖို့ရှိမယ်။ လက်ရှိ နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ တော်လှန်းရေးစစ်ပွဲတွေအပေါ်မှာတော့ တရုတ်အပါအဝင် ဒေသတွင်း နိုင်ငံအများစုဟာ နယ်စပ်ဖြတ်ကျော် မှုခင်းပြသနာတွေ၊ သယံဇာတနဲ့သက်ဆိုင်နေတဲ့ အကျိုးစီးပွားတွေကြောင့် သူတို့ထိန်းချုပ်လို့ရနိုင်မယ့် စစ်ပွဲတခုထက် မပိုစေချင်ကြတဲ့ ဆန္ဒမျိုးကိုပဲ ပြသခဲ့ကြပါတယ်။
တော်လှန်ရေး ၅ နှစ်တာ ကာလအတွင်းမှာ မိမိတို့ရဲ့ ပြည်သူကိုသာ အခြေပြုပြီး ဆင်နွှဲခဲ့ရတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေး၊ နိုင်ငံရေး အောင်မြင်မှုဟာ ဒေသတွင်းနိုင်ငံတွေက မျှော်လင့်ထားတာထက်တော့ ပိုပြီး စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုလို့ရပါတယ်။ သို့ပေမယ့် ပြည်တွင်းနေ ပြည်သူတွေရဲ့ လိုအင်ဆန္ဒကိုတော့ ဖြည့်စည်းနိုင်စွမ်းမရှိသေးပါ။ စစ်ဘောင်ကျယ်လာတဲ့အခါ နိုင်ငံရေးဘောင်ဟာ အလိုလိုကျဉ်းသွားတတ်တဲ့သဘောရှိပါတယ်။ ပြည်သူတွေဟာ ကျယ်ပြန့်တဲ့ စစ်ပွဲတွေရဲ့ ဒဏ်ကို အလူးအလဲ ခံနေရတဲ့အခါ နိုင်ငံရေးဘက်မှာ မျှော်လင့်ချက်လေးများရှိနိုင်မလား ရှာဖွေနေကြမှာ ဓမ္မတာပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ ပေါ်ထွက်လာမယ့် စစ်တပိုင်းအစိုးရဟာ တော်လှန်ရေးအင်အားစုတွေနဲ့ တစုံတရာ ညှိနှိုင်းနိုင်မလားဆိုတဲ့ မေးခွန်းဟာ ပြည်သူတွေကြားမှာ ရှိလာပါလိမ့်မယ်။
သမိုင်းကို ပြန်လည်ကြည့်ရင်တော့ စစ်အုပ်စုဟာ ပြည်သူလူထုအပေါ်မှာ တခါမှ သ‌န္ဓေမမှန်ခဲ့ဖူးတာကို တွေ့ကြရပါလိမ့်မယ်။ လူသတ်လက်နက်တွေ၊ လူသတ်ယန္တရားတွေကို အခြေပြုပြီး အုပ်စုကိုယ်ကျိုးအာဏာ တည်ဆောက်ခဲ့ဖူးတာကလွဲရင် ပြည်သူ့စိတ်ဆန္ဒကို တခါမှ ထည့်သွင်းမစဉ်းစားဖူးတာကို သတိထားမိကြလိမ့်မယ်။ အတုအယောင်ရွေးကောက်ပွဲအပြီးမှာ အညာဒေသဟာ နဂိုထက်ပိုပြင်းထန်တဲ့ ဗုံးဒဏ်ကို ခံနေရတယ်၊ နဂိုထက် ပိုတင်းကျပ်တဲ့ ဖြတ်လေးဖြတ်နဲ့ ပြည်သူကို အငတ်ထားချင်တဲ့ စစ်အုပ်စုရဲ့ ဆန္ဒကိုလည်း မြင်ရပါလိမ့်မယ်။
နိုင်ငံရေး အရွေ့တွေကို လှမ်းကြည့်လိုက်တဲ့အခါမှာ ဘာများထူးပါသလဲ၊ စစ်အုပ်စုက ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥပဒေကို မတရားသဖြင့် ပြဌာန်းလိုက်တယ်။ ဒီဥပဒေဟာ ယခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေနဲ့ ဆင်တူတယ်လို့ ထင်နေကြတဲ့ သူတွေလည်းရှိပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရပါတယ်။ အခု စစ်အုပ်စုက ပြဌာန်းတဲ့ အတိုင်ပင်ခံကောင်စီဥပဒေမှာတော့ အတိုင်ပင်ခံကောင်စီအဖွဲ့ဟာ မည်သူ့ကိုမှ တာဝန်ခံစရာမလိုခြင်းဖြစ်တယ်။ ဒါဟာ စစ်အုပ်စုရဲ့ စကောလောက်မှ စောက်မနက်တဲ့ ကိုယ်ကျိုးစီးပွားအခြေပြု အကြံသာဖြစ်တယ်။ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရတခုဖြစ်တဲ့ အပြန်အလှန်ထိန်းကြောင်းမှု (Check & Balance) ကျိုးပျက်တဲ့သဘောလည်းဖြစ်ပါတယ်။ မင်းအောင်လှိုင်အတွက် မသေမချင်း အာဏာရှင်လုပ်လို့ရမယ့် လမ်းကြောင်းကို ဖန်တီးလိုက်တာလည်းဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ နောက်ထပ် အကြံပတ်စက်တဲ့ ခြေလှမ်းတခုကတော့ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်ခြင်းဖြစ်တယ်။ နိုင်ငံတခုမှာ အရေးကြီးတဲ့ အခြေခံဥပဒေခုံရုံးကို အုပ်ချုပ်ရေးမဏ္ဏိုင်ကနေ ကိုယ်လိုသလိုကြိုးကိုင်ဆောင်ရွက်နိုင်ဖို့အတွက် ဥပဒေကို ပြင်ဆင်လိုက်ခြင်းသာဖြစ်တယ်။
တော်လှန်ရေး အင်အားစုတွေဘက်မှာတော့ ကျယ်ပြန့်လာတဲ့ တော်လှန်စစ်ကို ဆင်နွှဲနိုင်ဖို့အတွက် အရင်းမြစ်ပိုင်းမှာ တဖြည်းဖြည်းအားနည်းလာပါတယ်။ လူသူ၊ လက်နက်၊ ခဲယမ်းနဲ့ ရိက္ခာကအစ တစစလျော့နည်းလာခဲ့တယ်။ ပကတိအခြေအနေအရ မြေပြင်ရဲ့ လုပ်နည်းလုပ်ဟန်လွဲမှားမှုဟာ တော်လှန်ရေးအပေါ်မှာ အကြီးအကျယ်ထိခိုက်မှုရှိတာကို တော်လှန်ရေးတပ်တွေအနေနဲ့ သတိပြုမိကြဖို့ လိုအပ်ပါတယ်။ ယခင်ကတော့ အမှားအယွင်းတခုခုဖြစ်လာခဲ့ရင် NUG လို NUCC လို CRPH လို လူထုနဲ့အဝေးမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အားနည်းချက်တွေကို ကာဗာယူပြီး ငါတို့ကိုယ်စား နင်ခံ လုပ်လို့ရခဲ့ပေမယ့်၊ ယခုကာလမှာတော့ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့ မြေပြင်အဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ရဲ့ အမှားအယွင်းအတိမ်းအစောင်းဟာ ပြည်သူကို တကယ်ထိခိုက်ခံစားစေပါလား၊ မိမိတို့အပေါ်မှာလည်း သက်ရောက်မှုရှိပါလားဆိုတာကို သိဖို့လိုလာပြီဖြစ်ပါတယ်။
၂၀၂၆ ထဲမှာ အသစ်ပေါ်လာမယ့် စစ်တပိုင်းအစိုးရဟာ သိန်းစိန် အစိုးရရဲ့ ထုံးစံအတိုင်း အတုအယောင် ငြိမ်းချမ်းရေးကို ပြည်တွင်းလော်ဘီတွေ၊ နိုင်ငံတကာပွဲစားတွေကနေတဆင့် ERO တွေဆီ လည်ရောင်းဦးမှာပါပဲ။ တဖက်မှာလည်း ဗမာလူမျိုးအများစုရှိတဲ့ ပြည်နယ်တွေကို ထိန်းချုပ်ထားနိုင်ဖို့က စစ်အုပ်စုနဲ့ စစ်တပိုင်းအစိုးရရဲ့ အရေးတကြီးလိုအပ်ချက်ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်ပဲ NUG နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကိုတော့ စစ်ရေး၊ နိုင်ငံရေးမှာ အကျပ်အတည်းဆိုက်အောင်၊ အားနည်းချိနဲ့လာအောင် ဆက်လက်တိုက်ခိုက်နေဦးမှာပဲဖြစ်ပါတယ်။
အတုအယောင်ရွေးကောက်ပွဲတွေရဲ့ အလွန်က အတုအယောင်ငြိမ်းချမ်းရေးဟာ တော်လှန်ရေးကို အားနည်းချိနဲ့သွားအောင် လုပ်နိုင်တဲ့ နည်းဗျူဟာတစိတ်တပိုင်းလည်း ဖြစ်နေတာမို့ တော်လှန်ရေးသမားတွေအနေနဲ့ ဒါကို သတိကြီးကြီးထားတုန့်ပြန်ကြရမှာဖြစ်တယ်။ တော်လှန်ရေးရဲ့ အဓိကတပ်ဦးဟာ ပြည်သူတွေဖြစ်ပြီး၊ ပြည်သူကို အလုပ်အကျွေးပြုရတဲ့ တာဝန်ဟာ တော်လှန်ရေးသမားတွေရဲ့ တာဝန်ဆိုတာကို အမြဲနှလုံးသွင်းနေကြဖို့လိုပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ဟာ ဖက်ဒရယ် ဒီမိုကရေစီဖြစ်ပြီး၊ အန္တိမရည်မှန်းချက်ဟာ ထာဝရ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုတည်ဆောက်ရေးပဲဖြစ်ပါတယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment