3
“နှစ်ဆန်းစကား”
ပြီးခဲ့တဲ့ ၁ နှစ်တာကာလကို ပြန်ကြည့်မယ်။ အကောင်းနဲ့အဆိုး ရောပြွန်းနေမယ်။ စစ် အကြမ်းဖက်လက်အောက်မှာ ၅ နှစ် ကျော်ခဲ့ပြီ။ တိုင်းပြည်ဟာ ပြာပုံထဲ ရောက်ခဲ့ရတယ်။ ဒီဘဝက လွတ်မြောက်ဖို့ တော်လှန်ရေးကလွဲ အားကိုးရာမရှိဘူး။
သင်္ကြန်ဟာ မြန်မာတွေချစ်တဲ့ ရိုးရာပွဲတခုဖြစ်တယ်။ ရင်ခုန်ကြတယ်။ ပျော်ကြတယ်။ မြူးကြကကြတယ်။ ရူးကြမူးကြတယ်။ စိတ်ကို အလွတ်လပ်ဆုံးထားပြီး ဆင်နွဲကြရတဲ့ပွဲမျိုးလို့ ဆိုရမယ်။ လွတ်လပ်မှုဆိတ်သုန်းတဲ့အချိန်မှာ သင်္ကြန်ဟာ မီးသတ်ပိုက်နဲ့ ရေတွေထိုးပက်လည်း သွေ့ခြောက်နေမှာပဲ။
နှစ်ဟောင်းကအညစ်အကြေးတွေကို အတာရေနဲ့ဆေးကြောတယ်လို့ ဆိုရိုးစကားရှိတယ်။ တနှစ်တခါဆေးတာတောင် အညစ်အကြေးတွေက စင်ကြယ်သွားတယ်လို့မရှိဘူး။ ရုန်းကြကန်ကြနဲ့ပဲ အညစ်အကြေးတွေ ထပ်ကာထပ်ကာ ကပ်ညိကြရပြန်တယ်။ အညစ်အကြေးကင်းစင်တဲ့ လူ၊ အညစ်အကြေးကင်းစင်တဲ့ ဘဝရယ်လို့ ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် အညစ်အကြေးတွေကို ဆေးကြောရကောင်းမှန်းသိတဲ့စိတ်နဲ့ အလေ့အကျင့်လေးကတော့ ထိန်းသိမ်းအပ်တဲ့အရာပဲ မဟုတ်လား။
ပျော်ကြတာ အပြစ်မှမဟုတ်ဘဲ။ ဒါပေမယ့် မပျော်ရတဲ့သူတွေရှိတယ်ဆိုတာတော့ မမေ့ဖို့လိုတယ်။ မခြောက်သေးတဲ့မျက်ရည်တွေကို လေးစားတတ်ဖို့လိုတယ်။ ပန်းတွေကြွေတဲ့အရပ်မှာ ကိုယ့်ရယ်မောသံကို ချုပ်တည်းတတ်ဖို့လိုတယ်။ ကိုယ်ပျော်ရွှင်မှုမှာ နတ်ဆိုးတွေအတွက် ကောင်းချီးတွေ မပါဖို့လိုတယ်။
ပြန်ငဲ့ကြည့်ဖို့ပဲဖြစ်ဖြစ် လှမ်းမျှော်ကြည့်ဖို့ပဲဖြစ်ဖြစ် နေ့ရက်အသစ်တွေပေါ် တင်မိတဲ့ခြေလှမ်းတိုင်းမှာ လတ်ဆတ်တဲ့အသက်ရှုသံတွေဟာ စည်းချက်ကျနေရမယ်။ ပြည့်စုံတဲ့လွတ်လပ်မှုနဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုကသာ လူ့ဂုဏ်သိက္ခာနဲ့ ဖြစ်တည်မှုကို မနက်ခင်းတွေဆီရောက်အောင် ဆောင်ကြဉ်းနိုင်တယ်။ နှစ်ကာလအသစ်တခု ဆန်းချိန်မှာ တခြားအရာအားလုံးကိုလည်း သစ်ကြဆန်းကြပါလေလို့ ရင့်ကျုးကြရမှာပဲ။
မြစ်သေးသေးလေးတစင်းလည်း ဖြစ်ချင်ဖြစ်မယ်။ တောတန်းတကွေ့လည်း ဖြစ်ချင်ဖြစ်မယ်။ တောင်တန်းမှိုင်းမို့မို့လည်း ဖြစ်ချင်ဖြစ်မယ်။ သတ်မှတ်မျဉ်းတွေကို ဖြတ်ကျော်ခဲ့ကြပြီးတဲ့အခါ ရှေ့ဆက်ခဲ့တဲ့ခရီးဟာ အရင်ထက်ပိုနီးလာစမြဲပဲလေ။ အာရုဏ်နုနုအောက်မှာ အိမ်ပြန်လမ်းကို ရေးရေးထင်ထင် မြင်ကြရဲ့မဟုတ်လား။ မပြတ်စီးဆင်းနေတဲ့ရေမှာ ဘယ်လိုအဟောင်းအမြင်းနဲ့အညစ်အကြေးတွေမှ ကပ်ညိတင်ကျန်နေနိုင်ရိုးမရှိသလိုပေါ့။ ပေးစရာ တောင်းစရာမလိုတဲ့ ဆုတွေမှာ The Call နဲ့အတူ တလုံးတဝတည်း ခေတ်သစ်တခု ဆန်းလိုက်ကြပါစို့။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
