1
“ထောင်ဘူးဝမှသည် တော်လှန်ရေးခရီးကြမ်းဆီ”
■ သက်နှင်းအောင်
ထောင်ကလွတ်သည့်ညတိုင်း မည်သူမှအိပ်မပျော်နိုင်သည့် နိယာမကို ကျနော်ကိုယ်တိုင်လည်း မလွန်ဆန်နိုင်ခဲ့ပါ။ အိမ်က ခြင်ထောင်၊ မွေ့ယာနှင့် ကုတင်ကို ရုတ်တရက်အသားမကျ။ ဆယ့်ငါးမိနစ်တကြိမ်ခေါက်သည့် သံချောင်းသံမကြားရတာကြောင့် တခုခုလိုနေသလိုလို။ ခြင်ထောင်အမိုးကိုကြည့်ရင်း အတွေးတွေလွန်နေမိသည်။
မတ်လ ၂ ရက်နေ့ မနက်ကအထိ အကျဉ်းထောင်ထဲမှာပဲ ရှိသေးသည်။ ကျနော်က မနက်ပိုင်း လူစစ်တန်းဖွင့်ပြီးရင် ပြန်အိပ်နေကျ။ ထိုနေ့မှ ထူးထူးခြားခြား ပြန်မအိပ်ဖြစ်။ တပေါင်းလပြည့်နေ့နဲ့လည်းကြုံတာမလို့ ရှစ်ပါးသီလ ယူဖြစ်လိုက်သေးသည်။
ထောင်ထုံးစံအရ မနက်ပိုင်း လူစစ်တန်းဖွင့်ပြီး ရေနွေးနဲ့ ဆန်ပြုတ်ဝေပေးတာကို သွားယူ၍ စားအိုးတွဲရဲဘော်များနဲ့ မနက်စာစားဖို့ပြင်ဆင်နေချိန် “လွတ်ငြိမ်းလာပြီ။ ၅၀-ည နဲ့ ၅၂-က တွေ လွတ်ပြီ” လို့ အော်ကာ အောက်ထပ်ကနေ ပြေးတက်လာသံကို ကြားရသည်။ အော်ပြီးပြေးလာသူက ရန်ကုန် အင်းစိန်ထောင်က ထောင်ပြောင်းလာသူ ရဲဘော်ပေသီး။ PDF သင်တန်းဆင်းပြီး မြို့ပေါ်မြေအောက်လှုပ်ရှားမှုမှာ ဖမ်းဆီးခံရကာ ပုဒ်မ ၅၂-က နဲ့ ထောင် ၇ နှစ်ချခံထားရသူ။ ကလေးနှစ်ယောက်အဖေ။
ရဲဘော်ပေသီးက လွတ်ချင်သူ။ လွတ်ချင်သူလို့ ရေးရင် မတရားဘူး ဖြစ်မည်ထင်သည်။ နှစ်ရှည်ထောင်ကျနေသည့် နိုင်ငံရေးအကျဉ်းသားမှန်သမျှ မလွတ်ချင်သူ အိမ်မပြန်ချင်သူမရှိ။ အိမ်ပြန်ချင်သည့်အကြောင်းကိုတော့ တဖွဖွပြောနေသူက ရှားသည်။ ရဲဘော်ပေသီးက ထိုရှားသည့်အထဲက တယောက်ဖြစ်သည်။
သူဒီလိုအော်ပြီး အဆောင်ပေါ်ပြေးတက်လာတော့ ကျနော်တို့က ရုတ်တရက်မယုံ။
“ကျနော်အခုလေးတင် ရုံးခန်းက ထောင်မှူးနဲ့အတူ ရေဒီယိုနားထောင်လာတာ။ ၅၀ ည နဲ့ ၅၂ တွေ အကုန်လွှတ်ပေးလိုက်တာ။ မယုံရင် ခင်ဗျားတို့ မနက်ရှစ်နာရီ မြန်မာ့အသံသတင်းကို ကြည့်ကြ “
အကျဉ်းထောင်မှာနေခဲ့ရသည့် လေးနှစ်တာအတွင်း “လွတ်ငြိမ်းလာမည်။ နိုင်ကျဉ်းတွေလွှတ်မည်” ဆိုသည့် ကောလဟာလမျိုး အကြိမ်ရာနှင့်ချီ ကြားခဲ့ရသည်။ ကျနော်တို့က ထိုကောလဟာလကို အုတ်ရိုးသတင်းဟု ခေါ်တတ်သည်။ တခါတလေ တိုက်ဆိုင်ပြီး လွတ်ငြိမ်းလာသွားရင်လည်း မိမိတို့ အကြမ်းဖက်ပုဒ်မတွေက ဘယ်တော့မှမပါ။ ရောက်ခါစကတော့ နည်းနည်းစိတ်မကောင်းဖြစ်သေးသည်။ ထောင်သက်ကလေး ရလာတော့ ရင်မခုန်တော့။ ထိုကိစ္စကို ဟာသလို့သာမြင်လာသည်။
ရဲဘော်ပေသီးမျက်နှာက ရွှင်လန်းတက်ကြွနေသည်။ သူဒီလောက်ပျော်နေတာ တခါမှမတွေ့ဖူးသေး။ မယုံတဝက်ယုံတဝက်နဲ့ အခန်းထောင့်က TV ကို သွားဖွင့်ကြသည်။ တခန်းလုံးရှိ နိုင်ကျဉ်း ၃၀ လုံး TV ရှေ့ရောက်လာသည်။ မနက်ရှစ်နာရီ ထိုးဖို့ ငါးမိနစ်အလို။ ထိုငါးမိနစ်က ဘဝမှာအကြာဆုံးငါးမိနစ်ဟု ထင်မိသည်။
ကျနော်တို့အကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားအချင်းချင်း အမည်ရှေ့က ရဲဘော် တပ်ခေါ်လေ့ရှိသည်။ ရဲဘော်ပေသီးက ကျနော်နှင့် စကားစပ်မိတိုင်း “ရဲဘော်ရေ။ မင်းအောင်လှိုင်က ကျနော်တို့ကို လွှတ်ပါ့မလား” ဟု မကြာခဏမေးတတ်သည်။ ရဲဘော်ပေသီးမှ မဟုတ်။ နိုင်ကျဉ်းတော်တော်များများ ကျနော့်ကို ထိုသို့မေးတတ်သည်။ ကျနော့်အဖြေက တမျိုးတည်း။
“စစ်အစိုးရက သူတို့ရဲ့ အယောင်ပြရွေးကောက်ပွဲပြီးရင် ကျနော်တို့ကို လွှတ်ပေးမှာပါ။ ကျနော်တို့က စိတ်ရှည်ရမယ်။ ကျန်းမာအောင်နေရမယ်။ ပြန်လွတ်ရင် အတွေးအခေါ်လက်နက်နဲ့ ဆက်ပြီး တိုက်ပွဲဝင်နိုင်ဖို့ စာများများဖတ်ရမယ်”
၂၀၂၆ မှာ နိုင်ငံရေးအလှည့်အပြောင်းတွေက အများအပြားဖြစ်လာသည်။ စစ်အုပ်စုရဲ့ အယောင်ပြရွေးကောက်ပွဲ၊ NUG အစိုးရ၏ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု၊ ပြည်တွင်းတော်လှန်ရေးအင်အားစုများအကြားက ပဋိပက္ခများ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမျိုးသားရေးအစွန်းရောက်ဖက်ဆစ်ဝါဒနဲ့ နယ်ချဲ့စနစ်။
မနက် ၈နာရီထိုးပြီ။ သတင်းလာပြီ။ အခန်းတွင်းရှိ နိုင်ကျဉ်း ၃၀ လုံး TV ရှေ့ရောက်လာကြသည်။ ကျနော့်နေရာနှင့် TV က သိပ်မဝေးတော့ မနက်စာ စားရင်းနှင့်ပင် နားစွင့်နေလိုက်သည်။ တခြားအခန်းတွေလည်း TV တွေ ထဖွင့်ကြသည်။ မိမိတို့အဆောင်က နှစ်ထပ်ဆောင်။ အပေါ်လေးခန်း အောက်လေးခန်း။ ၈ ခန်းလုံးက မြန်မာ့အသံသတင်းတခုတည်းဖွင့်ထားတာကြောင့် အသံတသံတည်း ကြားနေရသည်။
ပထမဦးဆုံးကြေငြာချက် ၅/၂၀၂၆ ကို ကြားရပြီ။
“ယာယီသမ္မတသည် ( စိတ်ထဲကတော့ ဘယ်သူမှရွေးကောက်တင်မြှောက်တာမဟုတ်တဲ့ သမ္မတလို့ တွေးလိုက်သည်) တပေါင်းလပြည့်အခါသမယနှင့် မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် (အမှန်က ဗိုလ်နေဝင်းစစ်အာဏာသိမ်းသည့်နေ့) လူသတ်မှု၊ မုဒိန်းမှု၊……….,……..,……… အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများ မှ အပ”
“မှ အပ”ဆိုကတည်းက ဆန်ပြုတ်တဇွန်းခပ်သောက်ပြီး မဲ့ပြုံးပြုံးရင်း နားထောင်တာကိုရပ်လိုက်သည်။ ပြီးခဲ့သည့်လွတ်ငြိမ်းကြေငြာချက်တွေမှာလည်း ထို “မှ အပ” ဆိုတာနှင့်ပင် နိုင်ကျဉ်းတွေ မပါဘဲ ကျန်ခဲ့ရသည်။ အခုလည်းလာပြန်ပြီ။ စိတ်က TV ကို မရောက်တော့ဘဲ နေ့လည်စာ ငါးပိရည်နဲ့စားရန် အောက်ထပ်က တောင်ယာစိုက်ခင်းမှာ တို့စရာခူးဖို့ တွေးနေမိသည်။ ခရမ်းသီးအနုလေးတွေ၊ ကန်စွန်းရွက်အနုတွေကလွဲပြီး တခြားရွေးစရာကလည်း သိပ်မရှိ။
ရဲဘော်တွေကတော့ ဆက်ပြီးနားထောင်နေကြသေးသည်။ ကြေငြာချက်တွေ တခုပြီးတခု။ ၈/ ၂၀၂၆ မှာတော့ တဆောင်လုံး ဟေးခနဲထအော်ပြီး လက်ခုပ်တွေတီး ဆူညံသွားကြသည်။ ကျနော်က မယုံနိုင်သေး။ TV နားကပ်သွား၍ မြန်မာ့အသံက ကြော်ငြာနေသည့် စာကို ဖတ်ရသည်။ ဟုတ်ပါသည်။ ပုဒ်မ ၅၀-ည၊ ၅၂က ကို ပုဒ်မ ၄၀၁ အရ လွှတ်ပေးမည်။
ရုတ်တရက် ဘယ်လိုခံစားရမှန်းတောင် ကိုယ်တိုင်မသိတော့။ အာရုံတွေက ရှုပ်ထွေးနေသည်။ အိမ်တွင်ကျန်ခဲ့သည့် လေဖြတ်နေသည့် အသက်ခြောက်ဆယ်ကျော် မိခင်နှင့် ဆီးချိုသမားဖခင်ကို မြင်ယောင်လာသည်။ ထို့နောက် လေးနှစ်နီးပါး ခွဲခွာနေရသည့် ချစ်သူ့မျက်နှာ။
တကယ်ပြန်ရတော့မည်လား။ ဖြစ်ရောဖြစ်နိုင်ပါ့မလား။ (၅၀-ည) နှင့် (၅၂-က) ပဲဆိုတော့ အခြားနိုင်ကျဉ်းတွေကရော။ စိတ်ထဲမှာ ဗလောင်ဆူနေသည်။ အရင်က လွတ်ငြိမ်းလာလို့ ရဲဘော်တချို့ပြန်သွားရင် “ငါလည်း သူတို့လို ပြန်ရရင် တော်တော်ပျော်မယ်ထင်တယ်” ဟု တွေးမိသည်။ အခု တကယ်ဖြစ်လာတော့ မပျော်နိုင်။
စားအိုးတွဲ သုံးယောက်မှာ တယောက်က (၅၁-ဂ) နှင့် ၇ နှစ် ကျနေသူ။ ကျန်နှစ်ယောက်က ၅၀ ည နှင့် ၁၀ နှစ် ကျသူတွေမလို့ မိမိတို့စားအိုးတွဲမှာ သူက အရင်လွတ်မည်ဟု ထင်ထားကြသည်။ သူပြန်ရင် ပေးခဲ့ဖို့ ပစ္စည်းတွေတောင် စီစဉ်ထားပြီးပြီ။ အခုသူလည်း မျက်နှာမကောင်း။ စိတ်ထဲမှာတော့ အတော်ဝမ်းနည်းနေရှာမည်။ သူ့မှာ ကလေးသုံးယောက်ရှိပြီး အငယ်ဆုံးသား အခါလည်ကျော်ကျော်မှာ အထဲရောက်လာခဲ့သည်။ အခု ထိုကလေးက မူလတန်းတက်နေပြီ။ ကျန်သည့် ရဲဘော်တွေကရော။
ပုဒ်မ ၄၀၁ ဆိုတာက နောက်တကြိမ် ဒီအမှုထပ်ဖြစ်ပြီး အဖမ်းခံရရင် အခုကျန်သေးတဲ့ နှစ်ကိုပါ ထပ်ပေါင်းပြီး အမိန့်ချမည်ပေါ့။ ဥပမာ ကျနော်က ၅၀ည နှင့် ဆယ်နှစ်ကျသူ။ အခုလေးနှစ်နေပြီး ပြန်လွတ်တော့ ခြောက်နှစ်ကျန်သည်။ နောက်တကြိမ် ပြန်အဖမ်းခံရရင် ၁၆နှစ် ကျမည်။
ပြန်လွတ်ချင်ရင် ပုဒ်မ ၄၀၁ မှာ လက်မှတ်ထိုးရမည်။ စိတ်ထဲတော့ ဇဝေဇဝါဖြစ်မိသေးသည်။ ပုဒ်မ ၄၀၁ ကို လက်မှတ်ထိုးလိုက်ရင် ရန်သူစစ်အုပ်စုထံမှာ လက်နက်ချရာ ရောက်သွားမလား။
ရုတ်တရက်သတိရမိသည်က ကိုးကိုးကျွန်းပြန် ဒေါင်ဒေါင်မြည် နိုင်ငံရေးအကျဉ်းသားရဲဘော်ကြီးတွေ။ ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ လေထီးဗိုလ်အုန်းမောင်၊ ရဲဘော်ဖိုးသံချောင်း (ယခု ဗကပ ဗဟိုစည်းရုံးရေးကော်မတီဝင်) ဦးခင်မောင်မြင့် (ပြည်သူ့တိုးတက်ရေးပါတီ)…စသဖြင့်။
ရဲဘော်ဖိုးသံချောင်းတို့ အင်းစိန်ထောင်မှာ အဖမ်းခံထားရစဉ်က ပဲခူးရိုးမတောတွင်းက လက်နက်ချလာတဲ့ ရဲဘော်ဘခက် (သခင်သန်းထွန်းနောက်ဆုံးနေ့များရေးသူ) တို့အဖွဲ့က ထောင်ထဲကိုလာပြီး နိုင်ငံရေးအကျဉ်းသားတွေကို စည်းရုံးသည်။ “သခင်သန်းထွန်း သေပြီ။ ဗကပရဲ့ PLA တပ် မရှိတော့ဘူး။ ခံဝန်လက်မှတ်ထိုးပြီး မိသားစုဆီပြန် အေးအေးလူလူနေပါတော့” ဆိုပြီး ပြောသည်။
ရဲဘော်ဖိုးသံချောင်းက ထိုသူတွေကို မျက်နှာချင်းတောင်မဆိုင်ဘဲ “ကျုပ်ကဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး။ ခင်ဗျားတို့လို လက််နက်ချသမားတွေနဲ့လည်း စကားပြောစရာမရှိဘူး” ဟု အပြတ်ပြောလွှတ်ခဲ့သည်။
ဟိုတုန်းက တော်လှန်ရေးသမားကြီးတွေက ပြတ်သည်။ ထိုခေတ်က ထောင်ကျနေစဉ် “ထောက်လှမ်းရေးနဲ့တွေ့ချင်လို့ပါ” ဟု ထောင်ပိုင်ကို ခွင့်တောင်းပြီး ထောက်လှမ်းရေးရှေ့မှာ “နောက်တခါ နိုင်ငံရေးကို ထပ်ပြီး မလုပ်တော့ပါ” ဆိုသည့် ခံဝန်လက်မှတ်ထိုးရင် ထောင်ကချက်ချင်းပြန်လွတ်နိုင်သည်။ အဲ့ဒီခေတ်ကတော့ ဘွန်း ဟု ခေါ်သည်။ ထိုသို့ ဘွန်းထိုးပြီး ပြန်ကြသူတချို့လည်း ရှိပါသည်။
အဲ့ဒီခေတ်က အယူအဆရ ဘွန်းထိုးရင် လက်နက်ချသမားဖြစ်မည်။ လက်နက်ချသမားဆိုတာ သေနတ်အပ်ပြီး အလင်းဝင်လာမှ လက်နက်ချသမားမဟုတ်။ ရန်သူ့ဆီမှာ လက်မှတ်ထိုးလိုက်ရင်လည်း အတွေးအခေါ်အရ လက်နက်ချသည်ဟု ခေါ်နိုင်သည်။
ဆရာကြီးတွေက ဘွန်းထိုးဖို့ဆိုတာ ဝေလာဝေး။ ရန်သူကျွေးတာမစား၊ ရန်သူနဲ့စကားမပြော။ ကျွန်တော်က ထောင်အကြောင်းတွေစာအုပ်တွေဖတ်ရင် သူတို့ကို အားကျရသည်။ သူတို့ရပ်တည်ချက်ကိုကြိုက်တာကြောင့်ပဲ ဗန်းမော်တင််အောင်နှင့် မြသန်းတင့်က ကျနော့်ရဲ့ အကြိုက်ဆုံး စာရေးဆရာကြီးတွေ ဖြစ်လာခဲ့သည်။
ဒီနွေဦးတော်လှန်ရေးကာလမှာတော့ ပုဒ်မ ၄၀၁ လက်မှတ်မထိုးတဲ့သူလို့ မရှိ။ ရှိပြီး မကြားမိတာလည်းဖြစ်နိုင်သည်။ အကုန်နီးပါးတော့ ထိုးကြပါသည်။ ထိုးပြီးတော့လည်း တော်လှန်ရေး ပြန်လုပ်ကြသည်။ တော်တော်များများက လွတ်ရာကျွတ်ရာကို သွားပြီးလုပ်ကြသည်။ တချို့ကလည်း ပြည်တွင်းမှာလုပ်ကြသည်။
တခါသေဖူး ပျဥ်ဖိုးနားလည်ဆိုသလို နောက်တခါထပ်မမိအောင်လို့ အရှောင်အတိမ်းလေးတွေနဲ့ သတိထားလုပ်နေတဲ့ကြားက ပြန်မိပြီး ပြန်ရောက်လာသူတွေလည်းရှိသည်။ အင်မတန်မှနည်းပါသည်။ “ငါလည်းလက်မှတ်ထိုးပြီး ပြန်မယ်။ လွတ်မှသာ အပြင်မှာ တတပ်တအားပါဝင်နိုင်မှာ။ အထဲမှာ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး” လို့ တွေးရင်း ၄၀၁ ကို ထိုးပြီးထွက်ဖို့ ဆုံးဖြတ်လိုက်သည်။
အဆောင်မှာတော့ ဆူညံနေကြသည်။ စောင်၊ အဝတ်၊ ရေခွက်တွေ ပေးတဲ့သူတွေပေး။ ကျန်ခဲ့တဲ့ရဲဘော်တွေကလည်း ပစ္စည်းတွေလိုက်တောင်း သူကတောင်း။ ကျနော့်ပစ္စည်းတွေတော့ အခန်းထဲက ထောင် ၄၅ နှစ်ချခံထားရသည့် ရွှေတောင်မြို့ခံ အသက် ၆၀ ကျော် ရဲဘော်ကြီးကို အကုန်ပေးခဲ့လိုက်သည်။ သူလည်းကျန်ခဲ့ရမည်။
မကြာခင်တန်းပိတ်ပါသည်။ ထမင်းစားကြတော့ ဘယ်သူမှ ဟက်ဟက်ပက်ပက်စားမဝင်ကြ။ ပြန်ရမည့်သူတွေက ပျော်ပြီး မစားနိုင်သလို ကျန်ခဲ့မည့်သူက ကျန်ခဲ့မည့်အကြောင်းတွေးရင်း ထမင်းသိပ်မဝင်။ ဒီနေ့ကျမှ ထောင်ပဲဟင်းကလည်း ဆားမပါဘူးထင်သည်။ ပေါ့ရွှတ်ပြီး ဘာအရသာမှမရှိ။
ခဏနေတော့ ဝန်ထမ်းဆယ်ယောက်လောက် ရောက်လာပြီး နံမည်တွေတန်းစီခေါ်ပါတော့သည်။ သူတို့ခေါ်နေသည့်နံမည်တွေမှာ ကိုယ့်နံမည်မပါသေးတော့ “သူတို့ လွှတ်မယ့်အထဲ ငါမပါတော့တာများလား” လို့ စိတ်ပူနေမိသေးသည်။ ၇ ဦးမြောက်မှ ကိုယ့်နံမည်ပါလာတော့ သက်ပြင်းချလိုက်ရသည်။ ပြီးတော့ရပ်သွားသည်။ အမှုတူရဲဘော်တွေကျန်နေသေးသည်။ သူတို့ကရော…။
“ဒါပဲလား ထပ်မခေါ်တော့ဘူးလား။ ဒီမှာ ၅၀-ည တွေ ကျန်သေးတယ်လေ။ သူတို့က ဘယ်လိုလုပ်မှာလဲ။ အစိုးရက (၅၀ည) နဲ့ (၅၂-က) တွေကို လွှတ်တယ်လို့ ကြေငြာထားတာ”
စိတ်မထိန်းနိုင်ဘဲ လာခေါ်သည့် ထောင်အရာရှိကို ထုတ်မေးလိုက်သည်။
“အခုလောလောဆယ်တော့ ပထမ အသုတ်အရင်ခေါ်တာ။ ကျန်တဲ့သူတွေနောက်တသုတ်မှာ ပါမယ်ထင်တယ်။ ကျနော်တို့လည်းဘာမှမသိရဘူး။ အထက်က ပို့တဲ့လူစာရင်းအတိုင်း လာခေါ်ရတာ”
ထောင်အရာရှိက ကျနော့်မျက်နှာကို မကြည့်ဘဲ တဖက်ကိုလှည့်ရင်းဖြေသည်။ နောက်တသုတ်မှ ခေါ်မည်ဆိုလို့ တချိူ့ရဲဘော်တွေအဝတ်အစားလဲပြီး စောင့်နေကြသည်။ ကျနော်တို့ အရင်ထွက်လာခဲ့ကြသည်။
နိုင်ငံရေးသမားတွေထားသည့် အဆောင် ၃ က ထွက်လာတော့ အားလုံး လူ လေးဆယ်ကျော်ရှိသည်။ ကျန်ခဲ့သည်က လူတရာကျော်။ အဆောင် ၃ တံခါးကိုကျော်ပြီး အလုပ်ဘုတ်တံခါးကိုဖြတ်လာသည်။
အခြားရာဇဝတ်မှုတွေထားသည့် အဆောင် ၁ နှင့် အဆောင် ၂ ကိုဖြတ်လာတော့ တန်းပိတ်ထားသည့် အခန်းတွေရဲ့ သစ်သားတိုင်တွေကြားကနေ ဝိုင်းကြည့်နေသည့် မျက်နှာများ။ ဪ…သူတို့လည်း ပြန်ချင်ရှာမှာပေါ့…။
ဘူးတံခါးကြီးထဲကိုမဝင်ခင် ထောင်ကျရုံးရှေ့မှာ အထုပ်အပိုးတွေချထားရပြီး ခဏရပ်စောင့်နေရသေးသည်။ ထောင်ကျရုံးနဲ့ မျက်နှာချင်းဆိုင်မှာရှိသည့်တိုက်ကို ငေးကြည့်လိုက်သေးသည်။ တိုက်ထဲတွင် ရဲဘော်တချို့နဲ့အတူ တိုင်းဒေသကြီးလွှတ်တော်အမတ် ကိုရာဇာကျော် (အမည်လွှဲ) ရှိနေသေးသည်။
ကိုရာဇာကျော်က ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ …တိုင်းအနောက်ခြမ်း စစ်ရေးတာဝန်ခံလည်းဖြစ်ခဲ့သည်။ သူက ယခင်က ခပ်ဝဝ။ ထောင်ထဲရောက်ပြီး နှစ်နှစ်လောက်အကြာမှာ ကျနော် သူနှင့်တွေ့ရတော့ သူ့ပုံစံက အရိုးပေါ်အရည်တင်ဖြစ်နေပြီ။ ကျန်းမာရေးလည်းသိပ်မကောင်း။ လွန်ခဲ့သည့် လေးနှစ်က ဖမ်းဆီးခံခဲ့ရပြီး ထိုအချိန်ကတည်းက အခုထိ တိုက်ထဲမှာနေခဲ့ရသည်။ သူ့ကိုတိုက်ကထုတ်ပေးဖို့ နိုင်ငံရေးအကျဥ်းသားတွေစုပြီး ထောင်အာဏာပိုင်တွေကို အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် အာဏာပိုင်တွေဘက်က မလိုက်လျောခဲ့။ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၏ တိုက်ရိုက်အမိန့်ကြောင့်ဟုဆိုကာ တိုက်ထဲမှာပဲ ဆက်လက်ချုပ်နှောင်ထားခဲ့သည်။
တိုက်ရှေ့မှာ ကြာကြာမစောင့်လိုက်ရ။ အထုပ်တွေထားခဲ့ပြီး သူတို့ခေါ်သည့်နောက်လိုက်သွားရသည်။ ဘူးတံခါးမကြီးကို ဖြတ်ပြီး ခန်းမထဲလိုက်လာတော့ ခန်းမထဲမှာ ထောင်ပိုင်၊ ထွေအုပ်၊ ရဲ နှင့် စသုံးလုံး စသည့် အရာရှိတွေရောက်နေသည်။ ကျနော်တို့ကို သူတို့ထိုင်နေသည့် စားပွဲရှေ့က ခုံတွေမှာ နေရာပေးသည်။
ကျနော်က သူတို့နှင့် မျက်နှာချင်းမဆိုင်လိုတာကြောင့် နောက်ဘက်ကျသည့် ခုံမှာထိုင်ပြီး အပြင်ကို ငေးနေလိုက်သည်။
“နိုင်ငံတော်ရဲ့ မေတ္တာစေတနာကြောင့်…. ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြောင့်…. အပြင်လောကမှာ ကောင်းကောင်းမွန်မွန် ဆက်ပြီး ရှင်သန်….. ကျနော်တို့ ထောက်လှမ်းရေးက ခင်ဗျားတို့ကို ဆက်လိုက်နေအုံးမှာ….”
သူတို့ပြောသည့် စကားတွေ နားထဲမှာ မကြားတချက်ကြားတချက်။ စိတ်က နောက်တသုတ်မှ ခေါ်မည်ဆိုသည့် ရဲဘော်တွေဆီရောက်နေသည်။ ခဏကြာတော့ တဦးချင်းဆီခေါ်ပြီး လမ်းစရိတ်ပေးသည်ဟုဆိုကာ ထောင်ပိုင်ကတဖက် အကျဥ်းသားကတဖက် ဆုပေးသလို ငါးထောင်တန် တရွက်ကိုင်ပြီး ဓာတ်ပုံရိုက်နေသည်။
ကျနော် ရုတ်တရက် စိတ်တိုမိသွားသည်။ လေးနှစ်ကျော်ငါးနှစ်နီးပါး နိုင်ကျဥ်းတွေကို ဒုက္ခအမျိုးမျိုးပေးလာသည့် ယူနီဖောင်းဝတ်တွေက အခုမှငါးထောင်တန်တရွက်နဲ့ ကျေးဇူးရှင် ဂရုဏာရှင်လာလုပ်နေတာကို လက်မခံနိုင်။ ငါ့အလှည့်ရောက်ရင်တော့ “ကျနော်လမ်းစရိတ်မယူဘူး။ ကျနော့်အိမ်က ဒီနားတင်၊ လမ်းစရိတ်မလိုဘူး” လို့ ပြောလိုက်မည်ဟု တွေးထားသည်။ ရန်သူပေးတာတော့ မယူနိုင်။ ဗန်းမော်တင်အောင်တို့ မြသန်းတင့်တို့ ရဲဘော်ဖိုးသံချောင်းတို့၏ ခြေဖျားလောက်တော့ မှီချင်သေးသည်။
တွေးထားသလို ဖြစ်မလာပါ။ အရှေ့ဆုံးခုံက နိုင်ကျဥ်းငါးယောက်လောက် ဓာတ်ပုံရိုက်ပြီး ပြီးသွားသည်။ တကယ်ပေးတာမဟုတ်သေး။ ဓာတ်ပုံရိုက်တာတဲ့။ ဒေါသလည်းဖြစ် ရယ်လည်းရယ်ချင်သည်။ စစ်အုပ်စုကိုအလုပ်အကျွေးပြုနေတဲ့ စစ်ဗျူရိုကရေစီ ယန္တယားကြီးတခုလုံး အလိမ်အညာချည်းပါပဲလား။
သူတို့ရဲ့ သြဝါဒဆိုသည့် ခြိမ်းခြောက်၊ သွေးထိုး အလိမ်အညာတွေကို နားထောင်ပြီး ခန်းမထဲက ပြန်အထွက် အထုပ်တွေထားခဲ့သည့် ထောင်ကျရုံးရှေ့ကို ပြန်ရောက်တော့မှ ပြဿနာတက်ပါသည်။ အထုပ်တွေကို ဖွင့်ရှာထားသည်။ ကျနော့်အထုပ်အောက်ဆုံးမှာ ဝှက်ယူလာသည့် ပုံစံပုဆိုးအပြာတထည်နှင့် ရွှေတောင်က ဗကသ ရဲဘော်တဦး၏ အထုပ်တွင်းက မန်မိုရီစတစ် တချောင်း ပျောက်နေသည်။
ကျနော်တို့ထောင်မှာ မန်မိုရီစတစ်ကို ဝန်ထမ်းကတဆင့် အပြင်ပေါက်စျေးထက် တသောင်းခန့်ပိုပေးပြီး ဝယ်ခိုင်းလို့ရသည်။ စတစ်ရလာရင် အခန်းတွင်းက TV နှင့် ချိတ်ပြီး စတစ်ထဲက ဇာတ်လမ်းတွေကြည့်ကြသည်။ သီချင်းတွေဖွင့်ကြသည်။ တစ်တော့ဗွီဒီယိုတွေကြည့်ကြသည်။ ယောက်ျားလေးတွေချည်းစုနေသည့် နေရာ၏ ထုံးစံအတိုင်း အပြာကားတွေကြည့်ကြသည်။ အဟောင်းတွေကြည့်ပြီးရင်တော့ ဝန်ထမ်းကိုပဲ အဟောင်းဖျက်ပြီး အသစ်တွေထည့်ခိုင်းရသည်။ ထို့အတွက်လည်း ငါးထောင်၊ တသောင်းတော့ ထည့်ခိုင်းသည့် ပမာဏအလျောက် ပေးရပါသည်။ ယခု ထိုစတစ်ကို ပြန်ယူလာရာက အသိမ်းခံလိုက်ရသည်။
ပုံစံပုဆိုးအပြာကတော့ ပြန်အပ်ရမှာကို မအပ်ဘဲ ဝှက်ယူလာတာမလို့ ပြောလို့မဖြစ်။ ရွှေတောင်က ဗကသရဲဘော်ကတော့ သူ့မန်မိုရီစတစ်ပျောက်လို့ အော်တော့သည်။
“ထောင်မှူးတို့ ထောင်ပိုင်လေးတို့ ဒီမှာ ကျနော့်ရဲ့ မန်မိုရီစတစ် ပျောက်နေပါတယ်”
“ဟုတ်တယ်။ ဟုတ်တယ်။ ကျနော်တို့ အိတ်တွေလည်း ဖွင့်ရှာခံထားရတယ်။ အကုန်ရှုပ်ပွနေတာပဲ”
ဒုထောင်ပိုင်နဲ့ ထောင်မှူးတို့ မိန်းဂျေးလ်မှာထိုင်နေရာက ပြေးလာကြသည်။ ပုခုံးပေါ်အပွင့်နှစ်ပွင့်နှင့် ထောင်မှူးဆိုသူက
“ကျနော်တို့က ဘာတွေပါနေလဲ စစ်ဆေးကြည့်ဖို့ပါ။ သိမ်းတာမဟုတ်ပါဘူး။ တရားမဝင်တာတွေမပါရင် ချက်ချင်းပြန်ပေးမှာပါ”
“ကျနော်တို့ကို အစိုးရက တရားဝင်လွှတ်ပေးပြီးပြီ။ စစ်မယ်ဆိုရင်လည်း ချက်ချင်းစစ်ပြီး အခုပြန်ပေးပါ။ ကျနော်တို့တရားမဝင်တာဘာမှထည့်မထားဘူး။ အခုက ပြန်ထွက်ရတော့မှာ”
ကျနော်တို့က မျက်နှာထားတင်းတင်းနှင့် အသံကျယ်ကျယ်ပြောတော့မှ သုံးပွင့်နှင့် ဒုထောင်ပိုင်က
“ကဲပါ။ ထောင်မှူးကြီး စစ်မနေပါနဲ့တော့။ ပြန်သာပေးလိုက်ပါ”
ခပ်တည်တည်နှင့် “ဖိန့်”လိုက်တာ ကံကောင်းသွားသည်။ အမှန်က ထိုစတစ်ထဲမှာ သမဂ္ဂအမေ၊ ကျောင်းသားထုတေးသံ၊ အတားအဆီးများဆီသို့… အစရှိသည့် သမဂ္ဂသီချင်းတွေရှိနေသည်။
အကျဥ်းထောင်ကို စရောက်ကတည်းက အစာအငတ်ခံတိုက်ပွဲအပါအဝင် တိုက်ပွဲကြီးငယ်ပေါင်းများစွာ တိုက်ပြီး မိမိတို့ အခွင့်အရေးကို ကာကွယ်ခဲ့ရသည်။ ယခုတိုက်ပွဲကတော့ နောက်ဆုံးတိုက်ပွဲဟု သတ်မှတ်ရမည်။
မန်မိုရီစတစ်ပြန်ရပြီးတော့ နောက်တသုတ်ထပ်ခေါ်မည်ဆိုသည့် ကျန်နေသေးသည့်ရဲဘော်တွေအကြောင်း ထောင်ကျရုံးထဲက တပွင့်လက်ထောက် ထောင်မှူးကို မေးရသည်။
“ဗိုလ်လေးရေ ညနေတောင်စောင်းပြီ။ ကျန်တဲ့သူတွေရော မလာသေးဘူးလား။ ကျနော်တို့က သူတို့ကိုစောင့်ပြီး အတူတူထွက်ရမှာလား။ အရင်ထွက်နှင့်ရမှာလား”
ဗိုလ်လေးက ကျနော့်ကို နားမလည်သလိုကြည့်ပြီး
“ဘယ်သူမှမလာတော့ဘူးလေ။ ဒါအကုန်ပဲ။ ခင်ဗျားတို့ ခဏနေ ငါးယောက်တသုတ်ခွဲပြီး ထွက်မယ်”
ကျနော်စိတ်ထဲမှာထင့်နေတာတွေက တကယ်ဖြစ်လာသည်။ မကြေမနပ်လည်းဖြစ်ရသည်။ စစ်အစိုးရက ပုဒ်မ ၅၀-ည နှင့် ၅၂-က တွေကို လွှတ်ပေးပြီလို့ ကြေငြာထားသည်ကို အများစုက ကျန်နေခဲ့ရသည်။
ငါးယောက်တတွဲစီ ပြန်လွှတ်တော့ ကျနော်နှင့် ရွှေတောင်ဗကသရဲဘော်က နောက်ဆုံးမှ ထွက်မည်ဟုတိုင်ပင်ပြီး ထိုင်စောင့်နေခဲ့ကြသည်။
မကြာခင် တန်းဖွင့်ပြီး အခြားရာဇဝတ်အကျဥ်းသားတွေ ထွက်လာကြသည်။ သိတဲ့သူတွေအချင်းချင်းလက်ပြကြ နှုတ်ဆက်ကြသည်။
နိုင်ကျဥ်းအချို့လည်းလိုက်လာပြီး နှုတ်ဆက်ကြသည်။ အချို့က ပြန်ရမည်ထင်ပြီး အဝတ်အစားအသစ်တွေလဲထားကြသည်။ သူတို့ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ။ ကျနော်တို့ရှိရာ ထောင်ကျရုံးနှင့် သူတို့ရပ်နေသည့် မိန်းဂျေးလ်က သိပ်မဝေး။ သူတို့ကတော့ ပြုံးပြုံးရွှင်ရွှင်ပဲ နှုတ်ဆက်ကြသည်။ နောက်တကြိမ်ပြန်အဖမ်းမခံရစေဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့ လှမ်းအော်ကြသည်။
ကျနော် သူတို့မမြင်အောင် တဖက်ကိုလှည့်ပြီး ငိုမိပါသည်။ ထောင်ကျပြီးကတည်းက ပုဒ်မ ၅၀၅ ရဲဘော်တွေလွတ်တိုင်း ကျနော်တို့က အခုလို မိန်းဂျေးလ်အထိ လိုက်ပို့နေကျ။ သူတို့ကလည်း ငိုသည်။ သူတို့ငိုလျှင် ကျနော်က အပြစ်တင်သည်။
“ဘာလို့ငိုရတာလဲ။ ဒီလောက်စိတ်ဓာတ်ပျော့ရလား။ အပြင်ရောက်ရင်အားလုံး ပြန်ဆုံရမှာပဲဟာ”
ကျနော် ဝဋ်လည်သလားမသိပါ။ အခု ကျနော်ငိုနေရပါသည်။
မကြာခင်ကိုယ့်အလှည့်ရောက်တော့သည်။ ထောင်ဘူးဝ တံခါးကြီးထဲရောက်တော့ အပြင်တန်းမထွက်ရသေး။ ထောင်ပိုင်ရှေ့မှာ အင်္ကျီချွတ်ပြရသေးသည်။ မေးခွန်းတခုပြီးတခုမေးသည်။
“ဒီကပြန်ရင် ဘယ်သွားမှာလဲ။ ဘယ်မှာနေမှာလဲ”
“ဘယ်မှသွားစရာမလိုဘူး။ ကျနော့်အိမ်က ဒီမြို့ထဲတင်”
“အပြင်မှာသုံးခဲ့တဲ့ Facebook အကောင့်နာမည်သိသေးလား”
“မရှိတော့ဘူး။ အဖမ်းခံရတုန်းက သူငယ်ချင်းတွေ Report ဝိုင်းထုလို့ ပျက်သွားပြီ”
ဘာမှဆက်မမေးတော့။ လက်မောင်းသုံးရစ်နှင့် အမျိုးသမီးတပ်ကြပ်ကြီးက ကျနော့်လက်ထဲကို ထောင်လွှတ်လက်မှတ်နှင့် လမ်းစရိတ်ငွေတထောင် လာထည့်ပေးသည်။ ဪ…ဓာတ်ပုံရိုက်တုန်းက ငါးထောင်။ တကယ်ပေးတော့တထောင်။ စစ်အုပ်စုရဲ့ အောက်က ယူနီဖောင်းဝတ်မှန်သမျှ ယုံကြည်စရာမရှိပါလား။
ထောင်လွှတ်လက်မှတ်ကို အိတ်ထဲထည့်ပြီး ငွေတထောင်ကို ပြန်ပေးလိုက်သည်။
“ကျနော် လမ်းစရိတ်မလိုပါဘူး။ အာဏာပိုင်ကပေးတာ ဘာမှမယူချင်ဘူးဗျ”
တပ်ကြပ်ကြီးအမျိုးသမီး မျက်နှာကို တည့်တည့်ကြည့်ပြီး ပြုံးပြုံးကြီး ပြောချလိုက်တာ တော်တော်အားရသည်။ ထိုအမျိုးသမီး မျက်နှာကြီးမဲခနဲ ဖြစ်သွားပေမယ့် ကိုယ့်ကိုကိုယ်တော့ ကိုးကိုးကျွန်းပြန် ရဲဘော်ကြီးတွေရဲ့ ခြေဖျားတော့မှီလောက်ပြီဟု တွက်လိုက်သည်။
ထောင်ကထွက်ပါပြီ။ နောက်ဆုံးတံခါးပေါက်ကို ဖြတ်ထွက်လိုက်တော့ ဟေးခနဲ အော်သံများ မိမိနာမည်ကို အော်ခေါ်သံများကို ကြားရသည်။ လှမ်းကြည့်လိုက်တော့ အကျဥ်းထောင်ရှေ့ လမ်းတဖက်၏ Barricade အတားအဆီးများနောက်မှာ မိဘနှစ်ပါး၊ မိသားစုဝင်များ၊ ယခင်လွတ်နှင့်သည့် နိုင်ငံရေးအကျဥ်းသားဟောင်းများနှင့် အရင် NLD လက်ထက်က နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် မိတ်ဆွေများ။ နောက်ဆုံးမှာ လေးနှစ်နီးပါးခွဲခွာနေရသည့် ချစ်သူမိန်းကလေး။
လမ်းကူးပြီး သူတို့အနားရောက်တော့ နိုင်ကျဥ်းဟောင်းတွေနဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက ပန်းကုံးတွေစွပ်ကြသည်။ လေဖြတ်ထားသည့် အမေက တောင်ဝှေးကိုအားယူပြီး ရပ်နေရာက တောင်ဝှေးကို ပစ်ချပြီးသားကိုဖက်ရှာသည်။ အဖေကလည်း သားအမိနှစ်ယောက်ကို ဘေးကလာဖက်သည်။ အဖေရော အမေရော အတော်ပိန်သွားကြရှာသည်။ လေးနှစ်နီးပါး ဒုက္ခခံထားရသည့် ကျေးဇူးတွေ ဆပ်လို့ကုန်နိုင်မည်မထင်။
ချစ်သူမိန်းကလေးက နှင်းဆီပန်းတပွင့်နှင့် သပြေတခက် လာပေးသည်။ သူ့ကိုလည်း ကျေးဇူးတင်ရမည်။ နှစ်ရှည်ထောင်ကျသည့်ရဲဘော်တိုင်း ချစ်သူရည်းစားက ထားခဲ့တာ မခံရသူဟူ၍ မရှိသလောက်ပင်။ အိမ်ထောင်သည်တချို့တောင် အပြင်ကနေ ထောင်တွင်းကို ကွာရှင်းစာချုပ် လက်မှတ်ထိုးဖို့ ပို့ပေးတာ မြင်ဖူးသည်။ သမီးရည်းစားဆိုရင်တော့ ထားခဲ့ခံရဖို့က များပါသည်။ ကျနော့်မိန်းကလေးက ထိုအထဲမှာမပါဘဲ သစ္စာရှိရှိစောင့်နေသူဆိုတော့ သူ့ကိုကျေးဇူးတင်ရသည်။
“သားရေ။ ထွန်းလင်းအောင်ရော မပါသေးဘူးလား။” အသံကြားလို့ လှည်ကြည့်မိတော့ အသက် ခြောက်ဆယ်အရွယ် အသားညိုညိုပိန်ပိန် အမျိုးသမီးကြီး တဦး။ ထွန်းလင်းအောင်က ကျနော်နှင့် ထောင်ကို အတူရောက်လာသူ။ ပုဒ်မ ၅၀ ည နှင့် ဆယ်နှစ်ကျသူ။ ကျနော်ဘယ်လိုဖြေရမလဲ။ ထိုအန်တီကြီး၏ လက်ကိုကိုင်ရင်း မျက်ရည်တွေဝဲနေမိပြန်သည်။
“ထွန်းလင်းအောင်တို့က နောက်တသုတ်မှ ပါမယ်ထင်တယ်အန်တီ။ အန်တီတို့ မြစ်တဖက်ကမ်းကိုပြန်ရမှာ မိုးချုပ်နေလိမ့်မယ်။ ဒီနေ့ကတော့ ညနေစောင်းနေပြီမလို့ မနက်ဖြန်မှလွှတ်မယ်ထင်တယ်”
အမှန်တော့ မနက်ဖြန်လည်း မသေချာဘူးဆိုတာ တွေးမိပါသည်။ ထိုအန်တီကတော့ ကတ္တရာလမ်းပူပူပေါ် ထိုင်ချပြီး ငိုတော့သည်။ သူ့ကို ဆွဲထူတော့မှ လာကြိုသူများထဲတွင် မိမိတို့သားသမီးမပါလို့၊ လင်ယောက်ျားမပါလို့၊ ဖခင်မပါလို့ ငိုကြွေးနေကြသူများကို သတိထားမိတော့သည်။ သူတို့ကိုလည်း တတ်နိုင်သလောက် အားပေးရသည်။ လွတ်ချင်ရင် ငွေငါးသိန်းပေးရမည် ဆယ်သိန်းပေးရမည် စသဖြင့် ငွေလိမ်တောင်းသူနေသူတွေလည်းရှိလို့ ဘယ်လောက်တောင်းတောင်း မပေးဖို့မှာရသည်။
အဖေက အိုးဝေ သုံးဘီးကားလေး တစီးငှားလာသည်။ အိုးဝေပေါ် မိဘတွေနှင့်အတူတက်ပြီး အကျဥ်းထောင်ရှေ့က မောင်းထွက်လာကြသည်။ အကျဥ်းထောင်ရှေ့မှာကတည်းက လာကြိုရင်း ငိုနေကြသူတွေကိုကြည့်ရင်း သန္နိဋ္ဌာန်တခု ချမိသည်။ နိုင်ငံရေးအကျဥ်းသားတွေကျန်သေးသည်။ အရေးကြီးသည့် ခေါင်းဆောင်တွေ မပါသေး။ ဒီအတိုင်းဆို တပြည်လုံးကထောင်တွေမှာ နိုင်ကျဥ်း တသောင်းကျော် နှစ်သောင်းခန့် ကျန်နိုင်သည်။ သူတို့လွတ်မြောက်ရေးအတွက် ဆက်ပြီးတိုက်ပွဲဝင်ရအုံးမည်။ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထုကြီး စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အောက်က လွတ်မြောက်သည်အထိ တိုက်ပွဲဝင်ရအုံးမည်။
အိုးဝေသုံးဘီးကားလေးသည် ညနေစောင်းဆည်းဆာချိန်တွင် ကတ္တရာလမ်းပေါ်တွင် တရိပ်ရိပ်ပြေးနေသည်။
အိုးဝေ…အိုးဝေ…
မကြာခင်နေဝင်ပြီး မှောင်တော့မည်။ မဲမှောင်မွန်းကြပ်သည့် ညကို ကျော်ဖြတ်ပြီးလျှင် အရှေ့အရပ်က နေရောင်သည် ဗမာတပြည်လုံးကို ဖြန့်ကျက်ထွန်းလင်းလာအုံးမည်။ ခွပ်ဒေါင်းအိုးဝေတွန်ကျူးသံကို ဗမာတပြည်တဝှမ်းတွင် ကြားရလိမ့်အုံးမည်။
ကျနော့်ရှေ့တွင် မပြီးဆုံးသေးသည့် ခရီးရှည်ကြီး ရှိသေးသည်။ ကျနော်ကတော့ လက်သီးကို ခပ်တင်းတင်းဆုပ်လျှက်ပင်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
