
‘ပြန်စာ’

ထောင်အုတ်ရိုးပေါ် ကို
ဖြတ်တိုက်လာတဲ့ လေထဲမှာ
မီးကျွမ်းနေတဲ့ ကျောင်းသုံးစာအုပ်လေးရဲ့
ပြာနံ့ရတယ်။
ရမ်းငွေ့တွေကို ကွေ့ရှောင်ပျံသန်းပြီးမှ
ပင်ပင်ပန်းပန်းနဲ့ ရောက်လာခဲ့တဲ့
သတိရစိတ်ကလေး
အဲ့ဒီ သတိရစိတ်ကလေးကို
ဖွင့်ဖောက်ပြီး ဖတ်ကြည့်လိုက်တော့
“မောင်ရေ… အခုထောင်ဝင်စာက
ရေခဲသေတ္တာလေးကို ရောင်းပြီးမှ
ပို့ ပေးလိုက်ရတာပါ” တဲ့။
ဘဝတချို့က
အကျဉ်းထောင်ထဲမှာ မိုးချုပ်ကြ
ဘဝတချို့က
ဒုက္ခသည်စခန်းတွေမှာ မိုးချုပ်ကြ
ဘဝတချို့က
ပြန်စရာ အိမ်မကျန်တော့တဲ့
တောထဲ တောင်ထဲမှာ မိုးချုပ်ကြ
အိမ်လွမ်းစိတ်ကလေးတွေဟာ
အိမ်ပြန်ရမယ့် ရက်ကို
လက်ချိုးရေတွက်နေကြ။
တခါတလေ
သူရဲကောင်းတစ်ယောက်လို့
သန်မာ ဝံ့ကြွားကြ။
တခါတလေ
သူရဲဘောကြောင်တဲ့ကောင်လို
အူလှိုက်သဲလှိုက် ငိုကြွေးမိကြ။
မနက်ဖြန်တွေအတွက် တိုက်ပွဲဝင်ရင်း
မနက်ဖြန်တွေအထိ ပါမလာတော့တဲ့
ငါတို့ရဲ့ သူငယ်ချင်းတွေ
ရာဇဝင်မှာ စာထင်ရစ်ကြပါစေ။
လမ်းပေါ်မှာ ကျွတ်ကျန်ရစ်ခဲ့တဲ့
ဖိနပ်ကလေးတဖက်
ဖိနပ်ကလေးပေါ်မှာ စွန်းထင်းခဲ့တဲ့
သွေးစက်ကလေးတစက်
အဲ့ဒီသွေးစက်လေးက စလိုက်တဲ့
တိုက်ပွဲရဲ့ခေါ်သံကို သံတိုင်တွေကြားက
စာပြန်လိုက်ပါတယ်။
သပိတ်အကျဉ်းစံ (ကဗျာ -၂)
၂၇/မတ်လ၊ အိုးဘို။
Be the first to comment