အိပ်မက်သစ်များရဲ့ လမ်း

ညီလင်းအိမ်

by The Call
0 views
“အိပ်မက်သစ်များရဲ့ လမ်း”
◾️ ညီလင်းအိမ်
USA က ထိုင်းနိုင်ငံဆိုရင် မက္ကဆီကိုက မြန်မာပြေ ဖြစ်မလား မသိလို့ နှိုင်းရင် အဲဒီစကားက မမှားယွင်းလောက်ပါဘူး။ US က တိုးတက်ချမ်းသာသလောက် မက္ကဆီကို နိုင်ငံကို ကြည့်လိုက်ရတိုင်း ကိုယ့်ပြေနဲ့ သိပ်မထူးဘူး ထင်တာပဲ။ လာဘ်စားမှုတွေ၊ တရားဥပဒေ မစိုးမိုးတာတွေ၊ မကောင်းမှုလုပ်ပြီး ရပ်တည်နေတဲ့ မိသားစုတွေ၊ လမ်းဆုံလမ်းမကြား သေနတ်တကားကားနဲ့ မိုက်ကြေးခွဲနေတဲ့လူငယ်တွေ။ အမြဲတစေပူပြင်းသွေ့ခြောက်နေတဲ့ ရာသီဥတု။ ဖရိုဖရဲ ဆောက်လုပ်ထားတဲ့ အိမ်ယာများ။ ရိုးရာယဥ်ကျေးမှုတွေနဲ့ ခေတ်သစ်ရေစီးကြောင်းဖက်ရှင်အကြား လွန်ဆွဲရှုပ်ထွေးနေတဲ့ လူနေမှုမြင်ကွင်းတွေ စလို့ မက္ကဆီကို နိုင်ငံနဲ့ ပတ်သက်တာ ကြည့်ရတိုင်း ရေမြေချင်း ယဉ်ကျေးမှုချင်း တခြားတပါဒစီ ဖြစ်နေပေမဲ့လည်း ရင်ဘတ်ချင်းပိုနီးသလို ခံစားရတယ်။
အထူးသဖြင့်ကတော့ ရိုးရာစတိုင်လ်အပြည့်ပါနေတဲ့ ဂစ်တာသံလွင်လွင်ကို ကြားလိုက်ရတိုင်း သဲမှုန်တွေ လွင့်နေတဲ့ လမ်းမပေါ်ကို ပြေးသွားချင်မိတာပဲ။ သူရိယနတ်သားရဲ့ ချစ်ခင်ကလူပြုမှုအားကြီးလို့ ညိုရင့်ရောင်အလှတွေပြည့်နေတဲ့ သလုံးသားအပေါ်က လွင့်ဝဲနေတဲ့ မက္ကဆီကန်သူကလေးဆီက ဂါဝန်စကလေးတွေ လေထဲလွင့်သွားတဲ့ အချိန်မှာ မက္ကဆီကိုညချမ်းရဲ့ သဘာဝအကျဆုံး အလှတွေကို မြင်ရတာပဲ။ ဒါပေမဲ့လည်း ဒီလို အစဥ်သဖြင့် ပြဿနာပေါင်းစုံတက်နေတဲ့ နိုင်ငံထဲမှာ မရပ်တည်နိုင်တဲ့ သူတွေအဖို့တော့ ကျနော်တို့မြန်မာပြေသားတွေ အနီးဆုံးမှာရှိတဲ့ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းပြေးလွှားရသလိုမျိုး သူတို့တွေမှာလည်း US နယ်နိမိတ်ထဲရောက်ပြီးရော နည်းလမ်းပေါင်းစုံနဲ့ ခိုးဝင်ကြရတယ်။ တချို့က လူမှောင်ခိုပွဲစားတွေအကူအညီနဲ့ ခြံစည်းရိုးဖောက်ဝင်သူကဝင်။ ကုန်ရထားကြီးပေါ်ခိုးလိုက်ပြီး ပြေးတဲ့မိသားစုကပြေးလို့ အချို့တွေကတော့ US ထဲမှာ ကပ်တွယ်ရပ်တည်နိုင်သွားပေမဲ့ အများစုမှာတော့ အဖမ်းခံကြရတယ်။ အာဏာပိုင်တွေရဲ့ ပစ်ခတ်ဖမ်းဆီးတာကို ခံကြရတယ်။ အခုဆိုရင် US ဘက်က ခြံစည်းရိုး ခတ်ရတာတင် အားမရဘဲ တံတိုင်းတောင် ဆောက်ပစ်မယ် ဆိုလားပဲ။
ကမ္ဘာ့မပျက်သရွေ့ကာလတလျှောက်လုံး အဲဒီလိုပဲ တလုံးလုံးတထွေးထွေး ဖြစ်ပျက်နေမယ့် အခြေအနေတွေလို့ပဲ ပြောရမလားမသိပါဘူး။အဲသလို မက္ကဆီကိုက မြန်မာပြေနဲ့တူတယ်ပြောလို့ တခုတော့ ကွာပါတယ်။ ကျနော်တို့တိုင်းပြည်က ရုပ်ရှင်အနုပညာနဲ့ပတ်သက်လို့ အင်မတန်မှ စုတ်ပြတ်သတ် နိမ့်ကျလှပေမဲ့ မက္ကဆီကိုကတော့ အင်မတန်မှ တော်လွန်းဂေါ်လွန်းတဲ့ အနုပညာရှင်တွေ ထွက်နေတာပဲ။ Alfonso Cuarón တို့ Alejandro González Iñárritu | Guillermo del Toro တို့ အဲဒါ့အပြင် အခြားရုပ်ရှင်ရိုက်ကူးမှုပညာရပ်နဲ့ပတ်သက်လို့ ဟောလိဝုဒ်မှာ ထိပ်တန်းအဆင့်နေရာပေးထားရသူတွေ။ အခြားသရုပ်ဆောင်တွေ စလို့ မက္ကဆီကိုနိုင်ငံက ဂေါ်ထွက်နေတာပဲ။ အပေါ်ကပြောခဲ့တဲ့ ဆရာကြီးတွေ သူတို့နိုင်ငံကို အခြေပြုပြီး ရိုက်တဲ့ရုပ်ရှင်တွေကလည်း အင်မတန်မှကို ကောင်းလိုက်တာ။ ဟောလိဝုဒ်နယ်မြေကနေ လာရိုက်တဲ့ မက္ကဆီကို အခြေခံရုပ်ရှင်တွေကလည်း ကောင်းမှကောင်းပဲ။
အဲလိုထဲကမှ နာမည်ကြီး ဘွန်းဖလင် No Time To Die ရုပ်ရှင်ကို တာဝန်ယူပြီးရိုက်တဲ့ ဒါရိုက်တာ Cary Joji Fukunaga ရဲ့ 2009 က ထုတ်လုပ်တဲ့ Sin Nombre ရုပ်ရှင်ကားကို ပြန်ပြောင်းဖောက်သည်ချလိုပါရဲ့။ ဒီရုပ်ရှင်ကျတော့ စင်စစ်ကို ကိုယ့်တိုင်းပြေက ကျနော်တို့လို ရပ်တည်လုပ်ကိုင်စားဖို့ အဆင်မပြေတဲ့သူတွေ ထိုင်းနိုင်ငံထဲကို သွားနေရသလိုမျိုး US ကို ထွက်ပြေးကြရတာကို တင်ပြထားတာလေ။
နေ့နေ့ညည US ဘက်ကို ဝင်တဲ့ ရထားသံလမ်းဘေး ဘူတာပျက်ကြီးတွေအနားမှာ ပျားပန်းခပ်မျှ နေထိုင်ရွေ့လျားနေတဲ့ လူအုပ်ကြီးတွေကို မြင်ရမယ်။ သူတို့တွေမှာ အမေရိကန်မြေထဲကို ပြောင်းရွှေ့နေထိုင်ခွင့်ရဖို့ American Dream အိပ်မက်မက်နေတဲ့သူတွေပေါ့။ ကုန်ရထားကြီးပေါ် ရက်သတ္တပတ်ပေါင်းများစွာ ကပ်တွယ်လိုက်ပါရင်းနဲ့ အချို့တွေကျလည်း အိပ်မက်အတိုင်း ဆန္ဒပြည့်သွားတာ ရှိပေမဲ့ အချို့တွေကျ လမ်းခုလတ်တင် ရပ်တန့်ပျက်စီးကုန်ကြရတယ်။
Sin Nombre ရုပ်ရှင် ဇာတ်ကြောင်းက အလုံးစုံကို ခြုံငုံရမယ်ဆိုရင် မက္ကဆီကိုနိုင်ငံအတွင်းက လက်နက်အားကိုးနဲ့ မိုက်ကြေးခွဲနေတဲ့ လူမိုက်
ဂိုဏ်းက ဂိုဏ်းသားကောင်လေးတယောက်ရဲ့ ဘဝနဲ့ အမေရိကန်ပြည်ထောင်စုထဲကို ရွှေ့ပြောင်းအခြေချနိုင်ဖို့ ကြိုးစားနေကြတဲ့ မိသားစုကလေးတခုရဲ့ ရင်နင့်နာကျင်ဖွယ်သရုပ်ကို ပုံဖော်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ကျနော်တို့မြန်မာလူမျိုးတွေဆိုလည်း တရားဝင်လမ်းကြောင်းကနေ မသွားနိုင်တဲ့သူတိုင်း လူပွဲစားတွေဆီကို မိမိဘဝတခုလုံး ဝကွက် အပ်နှံထားရတာပဲ မဟုတ်ပါလား။ အလုပ်အကိုင်အခွင့်အလမ်းပေါများတဲ့ ထိုင်းနိုင်ငံတွင်းမှာကျတော့ အခြေခံအလုပ်သမားဆိုတာ ရှားပါးတော့ မြန်မာပြေက ရွှေ့ပြောင်းလူတန်းစားတွေဟာ ဒီနိုင်ငံအတွက် မရှိမဖြစ်သလို လိုအပ်ချက်တရပ်ဖြစ်လာရတယ်။ မိမိတို့မြန်မာပြေဟာ နှစ်ကာလကြာလာလည်း တိုးတက်ပြောင်းလဲဖို့ဝေးစွ။ မကောင်းတဲ့အုပ်ချုပ်သူတွေအောက်မှာပဲ ဆင်းရဲရှားပါးပြီး အဖက်ဖက်က နိမ့်ကျ ဒုက္ခရောက်ရတဲ့အခါမှာ တကိုယ်ရည်စာဘဝရပ်တည်နိုင်ဖို့အတွက် ထိုင်းနိုင်ငံကို ပြေးကြရတယ်။ မသေရုံတမယ် ကုန်ကားအောက်တွေမှာ ပုန်းလိုက်တဲ့သူကလိုက်ကြ။ လှေအောက်တွေမှာ လူအထပ်ထပ်နဲ့ လိုက်ကြရလို့ အသက်ရှုကျပ်ပြီး သေတဲ့သူကသေနဲ့။ ရွှေ့ပြောင်းအိပ်မက်တွေက အင်မတန် စျေးကြီးလှပါရဲ့။
ဒီရုပ်ရှင်ထဲက ရထားနဲ့ပြေးတဲ့ မိသားစုတွေရဲ့ဘဝလမ်းကလည်း အဲသလို အခက်အခဲတွေနဲ့ ချည်းပဲ။ US မရောက်ခင် လမ်းတလျှောက်လုံး အာဏာပိုင်တွေလက်က လွတ်မှာတဲ့လား။ ပြီးတော့ ဒီလူတွေကြားထဲကို ဓားမြတိုက်အနိုင်ကျင့်တဲ့ လူယုတ်မာတွေက ရှိသေးတယ်။ ရုပ်ရှင်တခုလုံး ကြည့်ရင်း ကြည်နူးဖွယ်အခိုက်အတန့်ကလေးဆိုတာကို နည်းနည်းကလေးမှ မမြင်ရဘူး။ ရုပ်ရှင်ရဲ့ အဓိက ဇာတ်ဆောင်လို့ ဆိုနိုင်တဲ့ ဝီလီ ဆိုတဲ့ကောင်လေးက လူမိုက်ဂိုဏ်းထဲမှာ နေရာရပြီးသား လူငယ်တယောက်။ ထုံးစံအတိုင်း တည်ငြိမ်တဲ့အလုပ်အကိုင်ရယ်လို့ ကောင်းကောင်းမွန်မွန်မရှိတဲ့နိုင်ငံဆိုတော့ အရွယ်ရောက်လာတဲ့လူငယ်တွေမှာလည်း မကောင်းမှုလုပ်ရင်းပဲ အဆင်ပြေနေပုံရတဲ့ လူဆိုးလူမိုက်တွေကို အားကျကြတာ သဘာဝပါပဲ။ ဝီလီတို့လို လူမိုက်တွေကို အားကျလို့ မြီးကောင်ပေါက်ကောင်လေးတွေကလည်း သူတို့လို ဖြစ်ဖို့ကြိုးစားနေကြတယ်။
တကယ်တမ်းပြောရရင် ဝီလီရဲ့ ခေါင်းဆောင်ဆိုသူဟာ တကယ့်ကို ခွေးသာသာ လူယုတ်မာတယောက်ပဲ။ လုယက်မယ်။ မိန်းမ လှလှတွေ့ရင် မုဒိန်းကျင့်ဖို့ ကြိုးစားမယ် နိုင်ထက်စီးနင်း လုပ်မယ်။ စင်စစ် လူစုတ်စစ်စစ်တယောက်။ နောက်မိသားစုတခုဘဝကျတော့ Sayra ဆိုတဲ့ မိန်းမပျိုလေးရဲ့ အခြေအနေ။ သူမရဲ့အဖေကလည်း US နယ်မြေထဲကို သွားဖို့ကြိုးစားနေတာ။ ဟွန်ဒူးရပ်နိုင်ငံသားတွေဖြစ်တဲ့သူရို့တွေဟာ နေထိုင်ဖို့အဆင်မပြေတော့ နယူးဂျာစီမှာရှိတဲ့ အမျိုးတွေဆီကို ပြောင်းဖို့ကြိုးစားနေကြတယ်။ အဲဒီကို ရောက်ဖို့ကလည်း မက္ကဆီကနေ ရထားကြီးကို ခိုးစီးပြီး မရောက်ရောက်အောင် သွားရမှာလေ။ သူတို့အတွက်လည်း အခက်အခဲတွေက ရှေ့မှာတန်းစီနေတယ်။
ဘူတာကိုရောက်တော့ သူတို့လိုပဲ အမေရိကန်ကို လစ်ဖို့ ကြိုးစားနေကြသူတွေ။ နောက် အိမ်ယာမဲ့ ပြောင်းရွှေ့သူတွေဟာ ရထားလမ်းဘေးတွေမှာ ဖြစ်သလိုနေ ဖြစ်သလိုစားရင်း စည်ကားရှုပ်ထွေးလွန်းလှတယ်။ ဝီလီကတော့ သူ့ရဲ့ချစ်သူကလေးနဲ့ ပျော်လိုက်ရွှင်လိုက်နဲ့ ဘဝကို ဖြတ်သန်းနေချိန်မှာပဲ သူအရမ်းချစ်ရတဲ့ ကောင်မလေးကို သူ့ဆရာက မုဒိန်းကျင့်ဖို့ ကြိုးစားရာကနေ မထင်မှတ်တဲ့ ပြသနာတွေ၊ ရင်နင့်ဖွယ် အခြေအနေတွေကို ကြုံလာရတော့တာ ဖြစ်ပါတယ်။
ကျနော်ကတော့ သူတို့တွေရဲ့ ဇာတ်လမ်းကြောင်းထက် မီးရထားပေါ်က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေထိုင်သွားလာနေတဲ့ပုံတွေကိုပဲ စိတ်ထဲက မထွက်တော့ဘူး။ ရွှေ့ပြောင်းခရီးသည်တွေမှာ ခရီးတထောက်နားတိုင်း လမ်းဘေးနားတွေမှာ ဖြစ်သလိုနေကြရတယ်။ အမိုးအကာရယ်လို့ မပါတဲ့ ရထားခေါင်မိုးပေါ် ကိုထိုင်လိုက်ရတာဆိုတော့ မိုးတွေကျလာချိန်မှာ ပလပ်စတစ်စကလေးတွေကို ခြုံပြီး လိုက်ကြရသတဲ့။ လုတဲ့ယက်တဲ့သူတွေ တက်လာရင်လည်း ပါလာတဲ့​ငွေစကြေးစကလေးတွေကို ထုတ်ပေးကြရပြန်တယ်။
ထိုင်းဘက်ကို မထွက်ခွာခင် မြန်မာပြေတဘက်ကမ်းက မြဝတီဘက်ခြမ်းတို့လို ကော့သောင်းရေမြေဘက်မှာလည်း ရွှေ့ပြောင်းအခြေချဖို့ကြိုးစားသူတွေဟာ နေ့စဥ်နဲ့အမျှ ပိုတိုးလို့သာ တိုးလာတယ်။ ခေတ်အဆက်ဆက်သာပြောင်းလာတယ်၊ လျော့လာတယ်ရယ်လို့ မရှိ။ မြန်မာပြေက အရွယ်ကောင်းလူငယ်တွေဟာ တိုင်းပြည်ကို စွန့်ပြီးပြေးဖို့ အသင့်ဖြစ်နေကြတယ်။ မအလလို စစ်အာဏာရှင် ထပ်ပေါ်လာပြန်တော့ ကျတော်တို့တိုင်းပြည်က တိုင်းသူပြည်သားတွေအဖို့တော့ အဝီစိထက် နက်တဲ့ ငရဲတထပ်ထဲကို ထပ်မံခုန်ဆင်းကျရသလိုမျိုး ထပ်ဖြစ်ရပြန်တာပေါ့။ ဒီတော့ အပြောင်းအလဲ ဖြစ်လာတော့မလား မျှော်လင့်မိခဲ့ရတဲ့ အနာဂတ်လမ်းသွယ်က အင်္ဂတေသားမခြောက်မီမှာပဲ အက်ကွဲပြိုပျက် ကြရပြန်ပါတယ်။ မအလ စနက်ကြောင့်ပဲ အသက်ရှင်သန်ရရင် ပြီးရောဆိုပြီး ထွက်ပြေးလာကြရတဲ့ ရွှေ့ပြောင်း လူအုပ်ကြီးဟာ ခါတိုင်းကနှစ်တွေထက် ပိုမိုများပြားလာပါတော့တယ်။
မက္ကဆီကိုကနေ ရထားကြီးပေါ်ကို ပြေးတက်ပြီး US မြေထဲဝင်လို့ အဆင်ပြေရာ တနေရာမှာ ခုန်ချဆင်းပြေးကြရတယ်ဆို ကျတော်တို့ဆီက နယ်စပ်မှာလည်း ဟနေတဲ့ နေရာလွတ်အသီးသီးကနေ ထိုင်းရေမြေထဲကို တိုးဝင်ဖို့ အသင့်ပြင်နေကြရပါတယ်။ ထိုင်းနိုင်ငံ ရနောင်းမရောက်ခင် ရေလက်ကြားကလေးနဲ့ ဟိုးမှာဘက် တဖက်ကမ်းမှာ ရွှေ့ပြောင်းအ​ခြေချလိုသူတွေနဲ့ အကြားနှစ်ဖက်ထဲမှာ လုပ်ကိုင်စားသောက်နေကြတဲ့ လူတွေက ရှုပ်ယှက်ခတ်လို့။ ထိုင်းလူမျိုးတွေက မြန်မာစကားကို မွှတ်နေအောင်ပြောပြီး အခြားတဖက်ကမ်းကို ခရီးရောက်နိုင်ဖို့ သူကူညီနိုင်တဲ့အကြောင်း တဖွဖွပြောနေသလို ထိုင်းစကားကို မွှတ်နေအောင်ပြောတတ်တဲ့ မြန်မာတွေကလည်း နယ်စပ်တလျှောက်မှာ ကူးလူးခပ်နေတယ်။ ဒီလူတန်းစားကြီးကို အသုံးချပြီး ဘဝရပ်တည်နိုင်ဖို့ ကိုယ်စီကိုယ်င ကြိုးစားနေကြရတယ်။ မောနေတဲ့ဘဝကြီးထဲမှာ အားလုံးဟာ ချွေးစက်အတိနဲ့ပါပဲ။
တောင်ရိပ်တွေ မိုးငွေ့တွေ ရစ်လွှမ်းရင်း မိုးဖွဲမိုးမျှင်ကလေးတွေ ပါးပါးကလေးကျဆင်းနေတဲ့ မြဝတီ ကမ်းသောင်ဘက်မှာတော့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ပဲ အချိန်တိုင်းပြည့်နှက်နေတတ်တယ်။ တည်းခိုဆောင်လို့ခေါ်တဲ့ ခပ်ကုပ်ကုပ်အိမ်ကလေးတွေမှာ စျေးသက်သက်သာသာနဲ့ ဖန်တီးပေးထားတဲ့ နေရာကလေးတွေမှာ လူချင်းထပ်ပြီး အိပ်ကြရတယ်။ ကျားမ မွေးချင်းတော်လား မတော်လား။ အဖြေထုတ်ချိန်မရ။ အဆင်ပြေသလို ပုံထပ်ပြီး အိပ်စက်ကြရတယ်။ တခါချိုး တရာပေးရတဲ့ ရေချိုးအိမ်ကလေးတွေမှာ။ မစင်နံ့ ကျင်ငယ်ရည်နံ့တွေလှိုင်ထနေတဲ့ အိမ်သာတွေမှာ တန်းစီပြီး ကိုယ်လက်သန့်ရှင်းရေး တပေါ့တပါး သွားကြရတယ်။
Sayra ရဲ့ ရေချိုးအိမ်ကလေးမှာ ရေချိုးနေတာမြင်ရတော့ မြဝတီတဖက်ကမ်းက အဲသလို မြင်ကွင်းတွေပဲ ကျနော့်စိတ်ထဲမှာ ရောက်နေရဲ့။ မြဝတီ ချစ်ကြည်ရေးတံတားကနေ မဲဆောက်ဘက်ကို မြင်ရတာဟာ ဝီလီနဲ့ သူမတို့ချင်း စစကားတုံ့တင်ပြောသလိုမျိုးနဲ့ အခြေအ​နေချင်း ဆင်တူပါရဲ့။
ရှင် US ထဲကို ရောက်ဖူးလားဆိုတော့ ဝီလီက
အင်း ရောက်ဖူးတယ်တဲ့။ သူတို့တွေ လေယာဥ်ကြီးတွေဆောက်နေကြတာ အကြီးကြီးပဲလို့ လူဆိုးကလေး ဝီလီက ပြန်ဖြေတယ်။ ဒီတော့ Sayra က ရထားပေါ်ကလေးကနေ ယူအက်စ် နယ်မြေဘက်ကို ရော်ရမ်းကြည့်မိတာပေါ့။ ဒီဘက်က မြင်ကွင်းတွေက ရှုပ်ထွေးညစ်ပတ်နေသလောက် အခြားတဖက်မှာတော့ ထင်လင်းတဲ့ အဆောက်အဦတွေနဲ့။ အိပ်မက်တွေရဲ့ တန်ဖိုးက ရွှေသားတွေထက် စျေးကြီးဦးမယ့် အနေအထား။ အဲဒီထဲကို ရောက်တော့ရော ဆက်လက်အသက်ဆက်ဖို့ ဘယ်လိုပြဿနာမျိုးတွေကို ကြုံရဦးမှာတဲ့လဲ။ ခရီးပန်းတိုင်ကြီးရဲ့ ရလဒ်အဆုံးသတ်က ဘယ်လောက်အထိ တာဝေးနေဦးမှာတဲ့လဲ။
မြဝတီတဖက်ကမ်းကနေ တရားဝင် ကူးပြောင်းကြသူများအဖြစ် ဆက်လက် ထွက်ခွါဖို့တန်းစီရတော့ လူတွေက ထောင်ဂဏန်းနီးပါးမျှ။ယူနီဖောင်းဝတ်အရာရှိတယောက်မှာ ဆက်တိုက်အော်ငေါက်နေရာကနေ မောလာလို့ဖြစ်မှာပေါ့။ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ လူအုပ်ကြီးကို ဘာမှမပြောတော့ဘဲ ရေသန့်ဘူးကိုပဲ အားပါးတရ မော့သောက်နေတာကို မြင်ရတယ်။
သူဟာ နေ့တိုင်းပဲ အဲသလို အော်ဟစ်နေရသလား။ သူ့အစားမောလှပါရဲ့။
မြဝတီဘက်က အဆောက်အဦတွေက ဖရိုဖရဲ ဖြစ်နေပေမဲ့ မဲဆောက်ဘက်က အိမ်တွေကတော့ သစ်လွင်တည်ငြိမ်နေတယ်။ ကော့သောင်းက ရနောင်းဆိပ်ကမ်းကတော့ နေ့ချင်းပြန်သက်တမ်းပတ်စ်ပို့နဲ့ မြန်မာတွေ နေ့စဥ်ကူးရလို့ဖြစ်မယ်။ သားငါးစျေးတန်းကြီးက ညှီနံ့တစိုစို ယင်မဲတွေတောင်ပံခတ်သံများနဲ့ ညစ်ထေးနေပေမဲ့ မြို့ထဲအဝင်မှာတော့ ဖွံ့ဖြိုးလှပလွန်းလှတယ်။
ကျနော်တို့ဟာလည်း Sayra ကလေးလို ထိုင်းတို့ပြည်ရဲ့ ဟိုမှာဘက်ကမ်းကို ငေးကြည့်နေမိကြတယ်။ အိမ်တွေက အကြီးကြီးတွေလား။ အိမ်ကြီးတွေတိုင်းမှာ တီဗီအကောင်းစား။ ကားအကောင်းစားတွေ ရှိမှာပေါ့။ သူတို့တွေမှာ သေနတ်တကားကားနဲ့ ပြည်သူချင်း သတ်ဖြတ်နေတဲ့၊ နိုင်ထက်စီးနင်း ပြုကျင့်ပြီး ဖိနှိပ် ချယ်
လှယ်နေကြတဲ့ စက်ဆုပ် ရွံရှာဖွယ် မြင်ကွင်းတွေကို မမြင်ဖူးလောက်ဘူးပေါ့။
သာနေတဲ့ညနေဆည်းဆာနဲ့ လွင့်လာတဲ့ ဖုန်မှုန့်တွေအကြားက ရွက်​ကြွေတွေဝဲနေတဲ့ မြင်ကွင်းတွေ ဒီလိုသာယာတဲ့ မြင်ကွင်းနဲ့ တခြားနားစီ ဖြစ်နေတဲ့ အော်ဟစ်ငိုယိုတဲ့အသံ၊ ရိုက်ပုတ်ညှင်းပန်းခံရတာကနေ ထွက်လာတဲ့ ညည်းငြူ ပေါက်ကွဲနေကြတဲ့ အသံ အဲဒါတွေကို ကြားဖူးကြလိမ့်မယ် မထင်ပါဘူး။ မှိုင်းပျပျ မနက်ခင်းများထဲက အဝတ်အစားမပါဘဲ ဗွက်နွံကြားထဲ ထိုင်နေတဲ့ ကလေးငယ်တယောက်ရဲ့ မျက်နှာကလေးကိုရော မြင်ဖူးကြရဲ့လား။ လူသားဖြစ်လာစပြုတဲ့ အရွယ်နုနုထဲမှာတင် မအလ စစ်တပ်ရဲ့ စနက်ကြောင့် မိစုံဖစုံမရှိတော့ပဲ ကြောင်တောင်တောင် မျက်နှာကလေးနဲ့ ကျန်ရစ်ခဲ့တဲ့ ကလေးငယ်လေးပေါ့။
ဒီလို ရွှေ့ပြောင်းလူအုပ်ကြီးထဲမှာ တန်းစီနေကြချိန်မှာ အနီးပါးကတယောက်ကတော့ ထိုင်းဘက်မှာ တောင်သူတွေက ငါတို့လို နွားတွေနဲ့ လယ်မထွန်တော့ဘူးကွတဲ့။ ယာသမားကစလို့ ဂိုဒေါင်ထဲမှာ ကားနှစ်စီးနဲ့ လို့ သူတို့ချင်းအာပေါင်အာရင်းသန်သန်နဲ့ ပြောနေကြတယ်။
ကျနော်တို့ဘဝခရီးပန်းတိုင် ဟိုမှာဘက်ကမ်းက ဘယ်မှာတဲ့လဲ။ ဒီနိုင်ငံကနေ မွေးကတည်းက ပါလာတဲ့ စိတ်ထရော်မာတွေ အနာကျက်ပျောက်ကင်းရမယ့် အချိန်အခါတွေရဲ့ အဆုံးသတ်တွေကတော့ ဘယ်မှာတဲ့လဲ။
ကျနော်တို့တွေ ဘယ်သူမှ မသိနိုင်သေး။ လွတ်ရာလွတ်ကြောင်းပြေးပြီး သူတို့နိုင်ငံသားတွေကဲ့သို့သော ဟန်ဆောင်တုပပြီး နေထိုင်နိုင်တယ်ဆိုဦးတော့ အဲဒီ မြန်မာနိုင်ငံသား ဖြစ်လာရမှုရဲ့ ထရော်မာတွေကတော့ ဘယ်ကိုရောက်ရောက် ပျောက်ပျက်အောင် ကုစားနိုင်မယ်ဆိုတာကိုလည်း ကျနော့်အနေနဲ့တော့ မယုံမှတ်နေသေးဘူး။
ဘယ်သောအခါမှ ပျောက်ကင်းတော့မယ်လို့လည်း မထင်မိတော့ပါဘူး။
ရုပ်ရှင်ရည်ညွှန်း- Sin Nombre movie (2009)

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment