
“အမေရိကန် အလှည့်အပြောင်း (၃)”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
၂၁ ရာစုထဲမှာ လစ်ဘရယ် အမျိုးအစားသစ်တခုကို စတင် မိတ်ဆက် သုံးစွဲလာကြတယ်။ နာမည်အရ ဝုတ်ခ်လစ်ဘရယ် (Woke Liberal) လို့ ခေါ်ဝေါ်သတ်မှတ်တယ်။ လူ့အဖွဲ့အစည်းအတွင်း စနစ်တကျ ပျံ့နှံ့စိမ့်ဝင်နေသည့် လူမျိုးရေးခွဲခြားမှု (Racial)၊ လူနည်းစုဖြစ်တဲ့ လူမျိုးစုအခွင့်အရေးများ (Ethnic Minority)၊ လူနည်းစု လိင်ခွဲခြားသတ်မှတ်ခံရသူများ (Sexual Minority) ကို ခွဲခြားဖိနှိပ်တဲ့ လူမှုတရားမျှမှု ကင်းမဲ့ခြင်းများ (Social Injustice) ကို ဖော်ထုတ်၊ ဆန့်ကျင်၊ တိုက်ပွဲဝင်လာသူများကို ဝုတ်ခ်လစ်ဘရယ်တွေလို့ ဆိုလိုတယ်။
‘လစ်ဘရယ်လက်ဝဲ’
ဒီအင်အားစုကို လစ်ဘရယ်လက်ဝဲ (Liberal Left) လို့လည်း ခေါ်ဝေါ်ကြပြန်သေးတယ်။ နိုင်ငံရေးသဘောတရားအရ ပြောမယ်ဆိုရင် ရှေးရိုးလစ်ဘရယ်နဲ့ နီရိုလစ်ဘရယ်ကြားက ကွာဟမှုဟာ မရှိသလေလာက်ဖြစ်တယ်။ လစ်ဘရယ်တွေဟာ လူတဦးချင်းစီရဲ့ တသီးပုဂ္ဂလရပိုင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ညီမျှမှုတွေကိုတန်ဖိုးထားကြသူများဖြစ်တယ်။ သူတို့ မတူညီတာက စီးပွားရေးနဲ့ အစိုးရပေါ်မှာထားတဲ့ သဘောထားဖြစ်တယ်။
ရှေးရိုးလစ်ဘရယ်တွေဟာ စျေးကွက်ကို လွတ်လပ်ရမယ်ဆိုတဲ့ အဒမ်စမစ်ကို လက်ခံပေမယ့် အစိုးရဟာ တချို့နေရာတွေမှာ ဝင်ရောက် တည့်မတ် ထိမ်းကျောင်းရမယ်ဆိုတဲ့ ကိန်းဘောဂဗေဒနဲ့ ပေါင်းစပ်လာတယ်။ လူမှုဖူလုံရေး (ဆိုရှယ်ဝဲဖဲယား) တွေလိုမျိုးတွေနဲ့ လူထုကို အကာအကွယ် အထောက်အပံ့ ပြုရမယ်လို့ အဆိုပြုတယ်။ နီရိုလစ်ဘရယ်တွေကတော့ စျေးကွက်ဟာ အစွမ်းကုန် လွတ်လပ်နေဖို့လိုတယ်။ အစိုးရအဖွဲ့အစည်းဟာ သေးလေ ကောင်းလေပဲ။ အစိုးရအဖွဲ့အစည်း အကြီးကြီးတွေဟာ ကြီးရုံပဲဖြစ်ပြီး ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူးလို့ လက်ခံကြသူတွေဖြစ်တယ်။
(မှတ်ချက် – ထရမ့်ဟာ ဒီသဘောတရား နှစ်မျိုးစလုံးနဲ့ မတူဘူး။ စျေးကွက်လွတ်လပ်မှုဟာ အမေရိကန်ကုန်သွယ်ရေး လိုငွေပြမှုကို ဖြစ်စေတယ်။ ဒါကြောင့် ကုန်စည်ပေါ်မှာ အခွန်အတုတ်တွေ ကောက်ခံဖို့လိုတယ်။ ဒါပေမယ့် လူမှုဖူလုံရေးလိုဟာတွေဟာ မလိုအပ်ဘူး၊ သို့မဟုတ် လျှော့ချပစ်ရမယ်။ အစိုးရအသုံးစရိတ်ကို ဝန်ပိစေတာမျိုးဖြစ်တယ်။ တဘက်မှာ အစိုးရအဖွဲ့စွမ်းဆောင်ရည် နိမ့်ကျမှုကို ပြန်လည်ပြင်ဆင်ဖို့ အလုပ်မဖြစ်တဲ့ဌာနတွေ၊ ဝန်ထမ်းတွေ၊ နိုင်ငံတကာကို လစ်ဘရယ်နဲ့ ဒီမိုကရေစီ ခေါင်းစဥ်အောက်ကနေ ပေးနေတဲ့ အကူအညီတွေကို လျှော့ချရမယ် ဆိုတာမျိုးဖြစ်တယ်။ သူ့အတွက်အချက်တွေအားလုံးဟာ ဘတ်ဂျက်လိုငွေပြမှုကို ပြန်လည်ကုစားမယ်ဆိုတဲ့ စီးပွားရေးရှုထောင့်ကနေ လာတာတွေ့ရတယ်။ ဒါပေမယ့် မီလီယံနာ ဘီလီယံနာသူဌေးတွေနဲ့ ကော်ပိုရိတ်တွေကို အခွန်သေသေချာချာကောက်ဖို့ ဒါမှမဟုတ် တိုးကောက်ဖို့ဆိုတဲ့ Tax Reform ပိုင်းကို ခုထက်ထိ တခွန်းမှ မဟသေးတာကို တွေ့ရမှာဖြစ်တယ်။)
ဝုတ်ခ်လစ်ဘရယ်တွေဟာ စီးပွားရေးပိုင်းမှာ အရင်းစနစ်ရဲ့ မမျှတမှုတွေနဲ့ သက်ရောက်မှုတွေကို ဝေဖန်တယ်။ အဓိကမှာတော့ ဆင်းရဲချမ်းသာကွာဟမှုအရမ်းကြီးမားလာတာနဲ့ ကမ္ဘာမြေရဲ့ ဂေဟစနစ်တွေ ပျက်စီးလာတာဖြစ်တယ်။ နိုင်ငံရေးပိုင်းဟာ အထက်မှာပြောခဲ့တဲ့ လူမှုမညီမျှမှုတွေကို ဆန့်ကျင်လာတာဖြစ်တယ်။ (တချို့အစိတ်အပိုင်းတွေမှာ လစ်ဘရယ်လက်ဝဲတွေရဲ့ အစွန်းရောက်မှုတွေရှိတာမို့ ဝေဖန်သူတွေက အလွန်အကျွံ လစ်ဘရယ်တွေလို့လည်း ဝုတ်ခ်ကို နာမည်တပ်ကြတယ်။) ထရမ့်အစိုးရကတော့ လူမှုမမျှတမှုကို တိုက်ပွဲဝင်တဲ့ လစ်ဘရယ်လက်ဝဲတွေကိုရော၊ အလွန်အကျွံ လစ်ဘရယ်တွေကိုရော အားလုံးကို နှိပ်ကွပ်လိုတဲ့သဘောထားကို ဖော်ပြတာ တွေ့ရမှာဖြစ်တယ်။
‘စစ်ပြီးခေတ် ဥရောပနဲ့ အာရှ’
တချို့က လက်ဝဲသစ် (New Left) လို့ခေါ်တဲ့ လစ်ဘရယ်လက်ဝဲ အသုံးအနှုံးဟာ BLM (Black Lives Matter) နောက်ပိုင်း ၂၀၁၄ လောက်ကျမှ ပေါ်လာတာဖြစ်ပေမယ့် စာပေအနုပညာမှာတော့ ၁၉၆၀ ကျော် ၁၉၇၀ ခုနှစ်လောက်ကတည်းက ပို့စ်မော်ဒန်ဆိုတဲ့ အယူအဆ (အယူဝါဒ) တခုအနေနဲ့ စတင်လာခဲ့တာဖြစ်တယ်။ ပြီးခဲ့တဲ့အပတ်ကပို့စ်နဲ့ ပြန်ဆက်စပ်ရရင် ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ဦးဆောင်တဲ့ ဘရက်တန်ဝုဒ် သဘောတူညီချက်နဲ့ မောင်းနှင်မှုဟာ စစ်ပြီးခေတ် ဥရောပ (အထူးသဖြင့် ဂျာမဏီ၊ နောက်ပိုင်း အနောက်ဥရောပတခုလုံး) နဲ့ အာရှ (အထူးသဖြင့် ဂျပန်၊ နောက်ပိုင်း အာရှနဂါးနဲ့ ကျားတွေ) ဟာ အမေရိကန်ရဲ့ ဖရီးမားကက် (လွတ်လပ်တဲ့ကုန်သွယ်မှု၊ အဲဒီမှာ WTO – World Trade Organization, IMF – International Monetary Fund နဲ့ WB – World Bank) အောက်ကနေ ပြန်လည်မွေးဖွား ကြီးပြင်းလာခဲ့တယ်။
ဒီနေရာမှာ အပိုင်းနှစ်ပိုင်းခွဲပြီး နားလည်ဖို့လိုမယ်။ ပထမအပိုင်းက အရင်းစနစ်ရဲ့ အကောင်းဆုံး ဆယ်စုနှစ် သုံးခုလို့ဆိုတဲ့ ၁၉၄၅ – ၇၃ အတွင်းမှာ အနောက်ဥရောပနဲ့ ဂျပန်ဟာ စျေးကွက်အရတင်မဟုတ်ဘဲ စစ်အေးကာလအတွင်း အမေရိကန်ရဲ့ စစ်ရေးအရ စောင့်ရှောက်မှုအောက်မှာ ပြန်လည် နိုးထလာနိုင်ခဲ့တာဖြစ်တယ်။ စစ်ဒဏ်၊ စစ်ပွဲအတွင်း ဆုံးရှုံးခဲ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြားမှာ ဥရောပဟာ ကြွယ်ဝမှုနဲ့ ပြန်လည်အသက်ဝင်လာတဲ့ နှစ်ကာလတွေအတွင်း လူမှုရေးနဲ့ ယဥ်ကျေးမှုပိုင်းမှာ အပြောင်းအလဲတွေ စတင်ခဲ့တယ်။ ဒီအပြောင်းအလဲကို ပို့စ်မော်ဒန်အခြေအနေတွေ (The Postmodern Conditions) လို့ နာမည်တပ်ခဲ့ကြတာဖြစ်တယ်။
ဒီ လူမှုရေးအပြောင်းအလဲတွေ ရိုက်ခတ်ခံရတဲ့ စာပေ၊ ယဥ်ကျေးမှုနဲ့ အနုပညာနယ်ပယ်တွေမှာ ဝေဖန်ရေးပိုင်းနဲ့ သီအိုရီပိုင်းဆိုင်ရာ လေ့လာချက် ထွက်ပေါ်ခဲ့တယ်။ အသစ်ပေါ်ထွက်လာတဲ့ သဘောတရားတွေဟာ လူမျိုးစု (Race)၊ လူနည်းစု (Minority)၊ ကျားမ (Gender)၊ အမျိုးသမီးဝါဒ (Feminism)၊ ယဥ်ကျေးမှုလေ့လာမှု (Cultural Studies) တွေဖြစ်ပြီး ဒါတွေကို ပို့စ်မော်ဒန် သီအိုရီတွေအဖြစ် လက်ခံလေ့လာမှုတွေ လုပ်ခဲ့တယ်။ အပြောင်းအလဲရဲ့ ဗဟိုချက်ဟာ ဥရောပဖြစ်လို့မို့ သီအိုရီအများစုဟာ ဂျာမန်နဲ့ ပြင်သစ် အတွေးအခေါ်ပညာရှင်တွေကို အဓိကအခြေခံပြီး ထွက်ပေါ်လာခဲ့တာဖြစ်တယ်။
ဒါကြောင့် ၁၉၇၀ ခုနှစ်တဝိုက်ကို ယဥ်ကျေးမှုအလှည့်အပြောင်း (Cultural Turn) လို့ သတ်မှတ်ခဲ့ကြတယ်။ အဓိကလေ့လာတဲ့ နယ်ပယ်ဟာ အရင်းစနစ်တရားကိုယ်ရဲ့ စီးပွားရေး နိုင်ငံရေးဖြစ်ပြီး လူမှုရေးရိုက်ခတ်ချက်နဲ့ ယဥ်ကျေးမှုပိုင်းဆိုင်ရာ အပြောင်းအလဲတွေဖြစ်တယ်။ အာရှကိုရောက်လာတဲ့ အရင်းစနစ် ရိုက်ခတ်ချက်ဟာ စစ်အေးပြီးဆုံးချိန် ၁၉၉၀ ခုနှစ်တွေမှာ စတင်ခဲ့တယ်။ နီရိုလစ်ဘရယ် လုံးဝ အသက်ဝင်နေချိန်ဖြစ်တယ်။ ဒီတော့ ဥရောပ ပြန်လည်ဖွံ့ဖြိုးလာတဲ့ စစ်ပြီးခေတ်ဟာ ကိန်းဘောဂဗေဒနဲ့ဖြစ်ပြီး အာရှမှာတော့ ကိုလိုနီရယ် လွတ်မြောက်ရေးလှုပ်ရှားမှုဖြစ်တယ်။ အာရှနဂါးနဲ့ ကျားတွေ နိုးထချိန်ဟာ စစ်အေးပြီးတဲ့ နီရိုလစ်ဘရယ်လှိုင်းနဲ့ စျေးကွက် အစွမ်းကုန် လွတ်လပ်နေချိန်ဖြစ်တယ်။
(မှတ်ချက် – မြန်မာပြည်မှာ ၁၉၈၈ နောက်ပိုင်း ဒုတိယ စစ်အာဏာသိမ်းချိန်ဖြစ်ပြီး ကမ္ဘာမှာ စစ်အေးအပြီး ပေါ်ထွက်လာတဲ့ နီရိုလစ်ဘရယ် ဒေါ်လာလှိုင်းကို စစ်အာဏာရှင်တွေက ကောင်းစွာ စီးနင်းနိုင်ခဲ့တာ တွေ့ရတယ်။ တချိန်တည်းမှာပဲ စစ်တပ်ခေါင်းဆောင်ပိုင်းတွေရဲ့ ကြွယ်ဝမှု၊ ခြစားမှုနဲ့ အာဏာတည် ဆောက်မှုဟာ စစ်တပ် ကောင်းစွာ ယိုယွင်းပျက်စီးစေဖို့ အခြေခံကို မျိုးစေ့ချပေးခဲ့တာ တွေ့ရတယ်။)
‘ထရမ့် ဒုတိယသက်တမ်းရဲ့ ပထမ ရက် ၅၀’
ပထမသက်တမ်းမှာ စီးပွားရေးသမားဘဝကနေ အိမ်ဖြူတော်ကို မျက်စိသူငယ်နဲ့ရောက်လာတဲ့ ထရမ့်ဟာ ပထမ သမ္မတသက်တမ်းအပြီး ၄ နှစ်အတွင်း တရားစွဲဆိုမှုတွေနဲ့ အကျပ်အတည်းတွေကို ကျော်ဖြတ်ပြီး ဒုတိယသမ္မတသက်တမ်းကို နာကျင်မှုတွေ၊ ရည်မှန်းချက်အသစ်တွေ၊ စိတ်ကူး (ရူး) အသစ်တွေနဲ့ ပြန်လည်ရောက်ရှိလာခဲ့တယ်။ ခုချိန်မှာတော့ ဒုတိယကမ္ဘာစစ်အပြီးနဲ့ စစ်အေးအပြီး သမိုင်းရဲ့ အချိုးအကွေ့ နှစ်ခုစလုံးကို အခက်အခဲတွေကြားက အောင်မြင်စွာ ကျော်ဖြတ်လာနိုင်ခဲ့တဲ့ အရင်းစနစ်ရဲ့ လွတ်လပ်တဲ့စျေးကွက်နဲ့ လစ်ဘရယ်အစဥ်အလာကို အမြီးကနေကိုင်ပြီး ရမ်းပစ်ဖို့ ကြိုးစားနေပြီဖြစ်တယ်။
ဒါပေမယ့် သူပြောတာတွေကို နားယောင်နေတာထက်စာရင် သူ ဘာလုပ်နေသလဲဆိုတာကို ပိုပြီး ချိန်ဆကြည့်ဖို့လိုမယ် ယူဆတယ်။ ထရမ့် ဒုတိယသက်တမ်း ရက် ၅၀ (ပထမ ရက် ၁၀၀ ရဲ့တဝက်) အတွင်း သူ လက်မှတ်ရေးထိုးခဲ့တာတွေကို သုံးပိုင်း ခွဲကြည့်နိုင်တယ်။ ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ရာသီဥတုအပြောင်းအလဲ (စိမ်းလန်းစွမ်းအင်) ဖြစ်တယ်။ ကုန်သွယ်ရေးမှာ တရုတ်၊ ကနေဒါနဲ့ မက္ကဆီကို (အမေရိကန်နဲ့ အများဆုံးကုန်သွယ်နေတဲ့ သုံးနိုင်ငံ)ကို အခွန်တွေ တိုးမြှင့်ကောက်ခံတာ၊ အမေရိကန်ကိုရောက်လာတဲ့ တခြားနိုင်ငံသားတွေကို ပြန်ပို့ဖို့လုပ်တာ၊ နိုင်ငံခြားသား မိဘနှစ်ဦးက အမေရိကန်မှာမွေးဖွားတဲ့ ကလေးတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှုကို ပယ်ဖျက်တာ၊ ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်လာတဲ့ ကမ္ဘာကြီး ပူနွေးလာမှုကို တိုက်ဖျက်မယ့် ပါရီသဘောတူညီချက်ကနေ နုတ်ထွက်တာ၊ အလက်စကာကို ရေနံရှာဖို့ ခွင့်ပြုတာနဲ့ ကနေဒါကနေ အမေရိကန်ကိုဆက်သွယ်မယ့် ပိုက် လိုင်း (Keystone XL Pipeline) စီမံကိန်းကို ပြန်အသက်သွင်းတာတို့ဖြစ်တယ်။ ဒါကြောင့် ထရမ့်လက်ထက်မှာ စိမ်းလန်းစွမ်းအင် (Green Energy) ဆိုတဲ့ပေါ်လစီကို တွေ့ရဖို့မရှိ။ ဒီလိုင်းဟာ ဘိုင်ဒင်လက်ထက်မှာ တရုတ်နဲ့ဆက်ဆံရေးအတွက် အထူးဖွင့်ထားတဲ့ ချယ်နယ်တခုဖြစ်တယ်။
ယူကရိန်းစစ်နဲ့ အရှေ့အလယ်ပိုင်း (ဂါဇာ) ပေါ်မှာ အပြောကြမ်း အပြောရမ်းခဲ့တဲ့ ထရမ့်ဟာ ထိုင်ဝမ်နဲ့ တရုတ်ပေါ်ထားတဲ့ နိုင်ငံခြားရေးပေါ်လစီကို ရေငုံ နုတ်ပိတ်နေဆဲဖြစ်တယ်။ လတ်တလော ထိုင်ဝမ်ကို လက်ရှိ ၂.၄%ကနေ ဂျီဒီပီရဲ့ ၁၀% အထိ စစ်စရိတ်တိုးခိုင်းနေပြီး ထိုင်ဝမ် ကမ္ဘာကျော်ချစ်ပ်ကုမ္ပဏီ (TSMC) ရဲ့ အမေရိကားမှာ စက်ရုံတွေဆောက်ဖို့ ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံတာကို မတ်လ ၃ ရက်က ကြေညာခဲ့တာ တွေ့ရတယ်။
ထရမ့်ရဲ့ ယူကရိန်းနဲ့ ဥရောပကို ပစ်ပယ်လာမှုတွေဟာ အာရှနဲ့ အင်ဒိုပစိဖိတ်ဒေသမှာ တရုတ်ပေါ် ပိုပြီး ဖိအားပေးဖို့လား၊ လစ်ဘရယ်မဟုတ်တဲ့ ခေါင်းဆောင်နှစ်ယောက်ရဲ့ စီးပွားရေးတိုက်ပွဲနဲ့ အခြားပြိုင်ဆိုင်မှုတွေ ပြင်းထန်လာဖို့လား၊ ယူကရိန်းစစ်က ရုရှား လွတ်ထွက်လာနိုင်ခဲ့ရင် ဖြစ်လာမယ့် အရှေ့တောင်အာရှ အနေအထားတွေကကော ဘယ်လိုဖြစ်နိုင်မလဲ၊ ဒုတိယ ရက် ၅၀ အတွင်းမှာ ပုံပေါ်လာမှာဖြစ်တယ်။
Be the first to comment