2
ညီလင်းအိမ်
“ဘုရားသခင် မရှိတဲ့မြို့”
နာမည်ကျော် ဘရာဇီးလ် ရုပ်ရှင်ကားတကားဖြစ်တဲ့ City Of God ထဲက ရော့ကတ်ဆိုတဲ့ ကောင်လေးကို သတိရမယ်ထင်ပါတယ်။ သူက ဒီ နောက်ဆက်တွဲ စီးရီးထဲမှာတော့ သူဖြစ်ချင်ခဲ့တဲ့ ဓါတ်ပုံသတင်းထောက် တယောက် ဖြစ်လာခဲ့ပြီး လူလတ်ပိုင်း အရွယ်ကိုတောင် ရောက်နေပါပြီ။ ဒီလိုနဲ့ ရီယိုဒီဂျေးနေးရိုးက City Of God ရပ်ကွက် ကို ပြန်ရောက်တော့လည်း သူ့ရဲ့ ဇာတိမြေဟာ မပြောင်းလဲသေး။ အရင်က ခြောက်လုံးပြူးသေနတ်နဲ့ တချက်ထိုးရိုင်ဖယ်တွေလောက်သာ ရှိတဲ့နေရာမှာ အော်တိုမောင်းပြန် သေနတ်တွေသာ ပြောင်းလဲလာတာ မြင်ရပြီး ရာဇဝတ်ဂိုဏ်းတွေပဲ ကြီးစိုးလို့ နေဆဲ။
စီးရီးဇာတ်ကြောင်းက ဒီအတိုင်းပဲ ကြည့်ရင်တော့ City Of God ရပ်ကွက်ထဲက ရာဇဝတ် ဂိုဏ်းနှစ်ဂိုဏ်း နေရာလုကြတာကို ရိုက်ပြတယ်လို့သာ မှတ်ထင်စရာ ရှိပေမဲ့ ရှု့မြင်တွေးတောစရာတွေ အများကြီးတွေ့ရတယ်။ နှစ်တွေပြောင်း တိုးတက်လာတဲ့တိုင်အောင် ဒီနေရာကလေးက ဘာကြောင့်မပြောင်းလဲသလဲ။ ဒီဒေသက ရာဇဝတ်ဂိုဏ်းတွေကို အစိုးရဖြစ်သူဟာ ဘာလို့ ထိထိရောက်ရောက် မထိန်းချုပ်သလဲ ဆိုတာကို မေးခွန်းထုတ်ဖို့ ချန်ထားစေတယ်။
နှိုင်းယှဥ်ရမယ်ဆိုရင်လည်း လက်ရှိကျနော်တို့ပြည်ဟာ Another City Of God တခုပါပဲ။ နှစ်ပရိစ္ဒေကြာမြင့်လာတဲ့တိုင် သွေးစွန်းမှုတွေပဲ ဖြစ်လာနေတာဟာ လက်ရှိအချိန်မှာ အဆိုးဆုံး မဟုတ်ပါလား။ ကျနော်တို့ အနေနဲ့ City Of God ရပ်ကွက်ထဲက အဖြစ်သနစ်တွေကို ငေးကြည့်ရင် အမြင်နှစ်မျိုးနဲ့ သုံးသပ်နိုင်စရာ ရှိပါတယ်။
ပထမအမြင်က လက်ရှိ မြန်မာနိုင်ငံရေးကို သုံးသပ်ကြတဲ့ ကြောင်ချီးများလို့ ဝိုင်းသမုတ်ခံရတဲ့ နိုင်ငံရေးဆရာများရဲ့ အမြင်မျိုးနဲ့ပါ။ ဒီနေရာဟာ ဘယ်သောအခါမှ ငြိမ်းချမ်းပြေလည်မယ့် နေရာ မဟုတ်ဘူး။ မင်းအနေနဲ့ အစိုးရတာဝန်ရှိသူတွေကို တော်လှန်တိုက်ခိုက်နေလို့လည်း အပိုပဲ။ မင်းလုပ်ဖို့က ပညာကောင်းကောင်းတတ်အောင် သင်။ ငွေကောင်းကောင်း ရှာတတ်အောင် ကြိုးစား။ ပြီးရင် ဒီဒေသက ရုန်းထွက်။ ဘာမှတိုးတက်ပြောင်းလဲလာမယ့် နေရာ မဟုတ်လို့ မိမိအသက်တွေ ဘဝတွေကို ဘာလို့ ဒီထဲမှာ အလဟဿ ဖြစ်စေမှာလဲ။
နောက်ထပ် ခံစားရတဲ့ အမြင်ကတော့ ဒီဒေသက ဒေသခံတွေမှာ ဘဝကို ငြိမ်ငြိမ်းချမ်းချမ်းနဲ့ ရှင်သန်နေထိုင်ချင်သော်လည်း အတိတ်က ဖြစ်ရပ်ဆိုးတွေကြောင့် လူတွေက သူတို့တွေကို ခွဲခြားဆက်ဆံတာကို ခံနေကြရဆဲ။ ဘာပဲ ဖြစ်ဖြစ် သူတို့အနေနဲ့လည်း အရာရာပြောင်းလဲချင်ကြတာဖြစ်တယ်။ မိမိတို့သားသမီးတွေ အရွယ်ရောက်လာတဲ့အခါမှာ ဒီအုတ်ကြားမြက်ပေါက် ဘဝနဲ့ပဲ ရာဇဝတ်ဂိုဏ်သားတွေသာ ဖြစ်လို့သွားတာ စလို့ ဒုက္ခ သောကပေါင်းများစွာနဲ့သာ အသက်ရှင်သန်နေကြရလို့ ပြောင်းလဲချင်ကြတာကို အထင်းသာ မြင်ရပါတယ်။ ရော့ကတ်လို သူကတောင် သူ့အနေနဲ့ အထက်ကဆရာတွေသုံးသပ်ကြသလို နေထိုင်ရုန်းထွက်လို့ရတဲ့ အခြေအနေ ရှိနေခဲ့တယ်။ ဓါတ်ပုံသတင်းထောက် အလုပ်နဲ့ အေးဆေးသက်သာစွာနဲ့ပဲ ဘဝကို ဆက်သွားလို့ ရနေပြီ။ ဒါပေမဲ့လည်း ဇာတိမြေထဲက ဗီဇအနာတွေကို ဆေးသိပ်လို့ ရလို့လား။ မသိချင်ယောင်ပြု မေ့ပျောက်လို့ ရနိုင်မှာတဲ့လား။ အဲဒီမှာ သူတို့ရဲ့ မျိုးဆက်သစ်တွေ၊ မကောင်းမှု အလုပ်တွေကြားမှာပဲ ဘဝကို ပေးဆပ်ထားကြရတဲ့ သူတွေ။ ဒီနှောင်းမျိုးဆက် လူငယ်တွေအတွက် အပြောင်းအလဲဖြစ်ဖို့ သူတို့တွေမှာ တာဝန်ရှိတယ်လေ။ ဒီတော့ သူတို့တတ်နိုင်တဲ့ အခြေအနေကနေ City Of God ကို ပြောင်းလဲနိုင်ဖို့ ကြိုးစားတာကို ရှုမြင်ရခြင်း ဖြစ်တယ်။ ကျနော်တို့ပြည်က လက်ရှိ အာဏာသိမ်းစစ်တပ်ကို ရတဲ့နည်းလမ်းတွေကနေ တွန်းကန်တော်လှန်နေကြသူတွေရဲ့ ခံယူချက််နဲ့ တူညီတယ်။
သို့ပေတဲ့ စင်စစ်ရင်းမြစ်ကို ဆန်းစစ်ကြည့်တော့
City Of God ဒေသကလေး မပြောင်းလဲရတဲ့ အကြောင်းရင်းက ဂန်းစတားများကြောင့်လည်း မဟုတ်။ စာမတတ်ပေမတတ် ရပ်ကွက်သူ ရပ်ကွက်သားများကြောင့်လည်း မဟုတ်ဘဲ မပြောင်းလဲစေလိုတဲ့ နိုင်ငံရေးသမားတွေ၊ အာဏာပိုင် အရာရှိတွေကြောင့်သာ ဖြစ်ရပါတယ်။ သူတို့အတွက် ဒီဒေသက ကျနော်တို့ဆီက မိဘမဲ့ဂေဟာ၊ ဘာသာရေး အဓိကရုဏ်းနဲ့ ရွှေကုက္ကိုက ကျားဖြန့် အဆောက်အဦတွေလိုပါပဲ။ အခြားသောအရပ်က ပြည်သူတွေရဲ့ ထောက်ခံမဲ လိုချင်ကြတဲ့အခါမှာ ရဲနဲ့စစ်တပ်ကို စေလွှတ်ပြီး နှိမ်နင်းပြစေတယ်။ တနိုင်ငံလုံးက ပြည်သူတွေက တခုခု အမြင်မကြည်တာမျိုး ဖြစ်တဲ့အခါ ဒီရပ်ကွက်ထဲမှာပဲ ဂန်းစတား တိုက်ပွဲတွေကို ဖန်တီးစေပြီး အာရုံလွှဲစေတာမျိုး။ အများရဲ့ အမြင်မှာလည်း ခေတ်အဆက်ဆက် ကြာအောင် အမြစ်တွယ်လာတဲ့ မကောင်းမှု ဒုစရိုက်တွေနဲ့ အသက်ဆက်နေတဲ့ မြေမို့ တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပါသော်လည်း ပြောင်းလဲမရတဲ့ နေရာဆိုပြီး မြင်ရစေအောင် ဖန်တီးထားတာမျိုးလေ။ တကယ်တော့ ဟုတ်မှမနေတာဘဲ သူတို့ကိုယ်တိုင်ကိုက ဒီထဲက လူမိုက်တွေကို လက်နက်တွေ ထောက်ပံ့ မသိအောင် ပြန်လွှတ်ပေး စလို့ စိတ်တိုင်းကျ ကစားနေတာ ဖြစ်တယ်။
ရော့ကတ်တို့လို ပညာတတ်သတင်းထောက်တွေက ဒါကို သိတာမို့ ဘောင်ထဲကနေပဲ သတင်းလိုက်တဲ့ ပညာရပ်ကို အားပြုပြီး ဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။ ဒါပေမဲ့လည်း စစ်တပ်ကိုတောင် အိတ်ကပ်ထဲထည့်ထားတဲ့ နိုင်ငံရေးသမားတွေ ပါနေတာ၊ ရပ်ကွက်အတွင်းက ဂန်းစတားများရဲ့ ခက်ထန်လှတဲ့ နေရာလုပွဲများ စတဲ့အခက်အခဲတွေကလည်း အများကြီးမို့ ပြောင်းလဲနိုင်ဖို့ မလွယ်ကူလှပါဘူး။ ဒီဒေသကို အမြတ်ထုတ်ပြီး လုပ်ပိုင်ခွင့်လိုချင်ကြသူတွေကလည်း ခြေချင်းလိမ်နေကြလို့ပါပဲ။ မိမိတို့သားသမီးတွေ လင်သားတွေ သစ်ရွက်တွေ ကြွေသလို အသက်တွေ လွယ့်လင့်တကူ ပေးနေရတဲ့ အခြေအနေကို အပြောင်းအလဲလုပ်ချင်လာကြတဲ့ မိဘတွေနဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေမှာ လက်နက်ကိုင်တဲ့ နည်းလမ်းနဲ့ ဆန့်ကျင်လို့လည်း ပိုမိုသွေးမြေကျတာကိုသာ သိလာခဲ့ရပြီ။ ဒီတော့ သူတို့လုပ်နိုင်ဖို့ရာက ရပ်ကွက်သူရပ်ကွက်သားတွေကို ပိုပြီးသွေးစည်းညီညွတ်အောင် လုပ်ဆောင်စည်းရုံးဖို့သာ ဖြစ်ပြီး ဒီနေရာကလေးရဲ့ ပကတိအခြေအနေ အရပ်ရပ်တွေကို သိရှိနားလည်စေဖို့ ပြောဆို ဟောပြောဖို့သာ ရှိပါတယ်။ ပြီးရင် သြဇာရှိသူတယောက်ယောက်ကနေ နိုင်ငံရေးနယ်ပယ်ထဲကို ဝင်ရောက်နိုင်အောင် ကြိုးစားကြဖို့ ဖြစ်ပါတယ်။ သူတို့တွေ အောင်မြင်အောင် လုပ်ဆောင်နိုင်ကြမလားဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်တယ်။ လက်ရှိကျနော်တို့ပြည်ရဲ့ ဆင့်ကဲ ခရီးဆက်နေတဲ့ အခြေအနေများကဲ့သို့ပေါ့။
ရုပ်ရှင်ရည်ညွှန်း- City of God: The Fight Rages On ( 2024 )
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
