2
မပိုးအိမ်
“သံတိုင်အပြင်ဘက်က အိမ်ကလေးတလုံး”
အပြင်ဘက်မှာ နေရောင်ခြည်က သေလုမျိုးပါးပုံစံမျိုးနဲ့ အားနည်းနေခဲ့ပြီ။ ဒီ အခန်းကျဉ်းလေးထဲမှာတော့ အမှောင်ထုက နံရံတွေကို လာရောက် ပွတ်တိုက်နေကြတယ်။ အသေးငယ်ဆုံး ဖုန်မှုန့်လေးတွေတောင် လေထဲမှာ မကူးခတ်နိုင်တော့ဘဲ တိတ်ဆိတ် ငြိမ်သက်လို့။ ကျမ ခြေထောက်တွေကတော့ အပ်ချုပ်စက်ကို တချောက်ချောက်မြည်အောင် နင်းနေဆဲ။ တချက်ချင်း ကျလာတဲ့ အပ်ချက်တွေဟာ ကျမရဲ့ တရက်ချင်းစီကို သူနဲ့နီးအောင် ဖာထေးပေးနေသလိုမျိုးပဲ။
‘စစ်ကြောရေးမှာ သူ့တကိုယ်လုံး ဆေးလိပ်မီးတွေနဲ့ ထိုးခံရတယ်တဲ့လား….’။ ကိုယ့်နားထဲမှာတင် သူစိမ်းဆန်နေတဲ့ ကိုယ့်အသံကို ကိုယ်ပြန်ကြားနေရတယ်။ ဆေးလိပ်မီးနဲ့ ထိုးခံထားရတဲ့ သူ့ရဲ့ ရုပ်ခန္ဓာအစိပ်စိပ်အမွှာမွှာကို ကျမရဲ့ အာရုံထဲမှာတင် ကျမကိုယ်ကျမ စိတ်သက်သာရစေဖို့အတွက် တချက်ချင်း ပြန်ချုပ်နေရတယ်။ ဆေးလိပ်မီးရာ တခုဟာ ကျွန်မရဲ့ အပ်ချက်ရာ တချက်။ သူ နာကျင်တိုင်း ကျမရဲ့ လက်ချောင်းတွေက အပ်ချည်မျှင်တွေကြားထဲမှာ တုန်ရီသွားတတ်တယ်။ ကျောက်စရစ်ခဲပေါ်မှာ ဒူးထောက်ခိုင်းထားတဲ့ သူ့ ဒူးခေါင်းတွေအကြောင်း တွေးမိရင် ကျမရဲ့ ဒူးတွေကပါ အလိုလို ပူထူလာသလိုပဲ။ အိတ်အမည်းစွပ်ခံထားရတဲ့ သူ့မျက်နှာ။ အမှောင်အတိကျနေမယ့် သူ့ကမ္ဘာ။ ကျမလည်း အခု သူမရှိတဲ့ ဘာမှ ပျော်ရွှင်စရာ နေပျော်စရာမရှိတဲ့ အိတ်အမည်းအကြီးကြီး တလုံးထဲမှာ ပိတ်မိနေတာပဲ မဟုတ်လား။
‘ကတိ’လား။ တကယ်တော့ကျမတို့ကြားမှာ ဘာကတိမှ မရှိခဲ့ဘူး။ “စောင့်နေပါ” လို့ သူ မပြောခဲ့သလို၊ “စောင့်နေမယ်” လို့လည်း ကျမ ကတိမပေးခဲ့မိဘူး။ ဒါပေမဲ့ ဒီကတိမဲ့တဲ့ စောင့်ဆိုင်းခြင်းက ကတိတွေထက် ပိုပြီး ခိုင်မြဲနေတာကို ကျမ ကိုယ်တိုင်တောင် အံ့သြမိရဲ့။ သစ္စာတရားဆိုတာ ဘာလဲဆိုတာ ကျမ သေသေချာချာ နားမလည်ပါဘူး။ ကျမ နားလည်တာကတော့ အပ်ချုပ်စက်ရဲ့ အပ်ဖျားအောက်မှာ တချက်ချင်း စုစည်းနေတဲ့ သူ့အတွက် ကျမရဲ့ “စေတနာ” တွေပါပဲ။ သူကလည်း သူ့မျိုးဆက်အတွက်၊ မတရား ကြွေသွားတဲ့ ကြယ်လေးတွေအတွက် ‘စေတနာ’ အရင်းခံခဲ့တာပဲမဟုတ်လား။
အတိတ်က သူ့ အပြုံးတွေကို ပြန်တွေးမိတဲ့အခါ ကျမ ရင်ထဲမှာ နွေးခနဲ ဖြစ်သွားတတ်တယ်။ သူ့ရဲ့ အကြည့်တွေက အမြဲတမ်း အေးချမ်းတယ်။ ကျမအပေါ် သူ ထားခဲ့တဲ့ အချစ်ဆိုတာ “စေတနာ” အခြေခံတဲ့ အချစ်မျိုးပါ။ ကျမ နေမကောင်းဖြစ်တဲ့အခါ သူ ပြုစုပေးခဲ့တဲ့ နူးညံ့မှုတွေ၊ ကျမရဲ့ အမှားတွေကို ပြုံးပြုံးလေး ခွင့်လွှတ်ပေးခဲ့တဲ့ သူ့ရဲ့ စိတ်ထားတွေ။ ပြီးတော့ ဆယ်တန်းအောင်ပြီး တက္ကသိုလ် မတက်ခဲ့ရတဲ့ ကျမအတွက် ကျမ သင်ချင်တဲ့ အဝတ်အစား ဒီဇိုင်းသင်တန်း၊ စက်ချုပ် သင်တန်းတွေကို သူ အလုပ်လုပ်လို့ ရတဲ့ ဝင်ငွေလေးနဲ့ တက်စေခဲ့တာတွေ။
အချစ်ရဲ့ အဓိပ္ပာယ်က တယောက်အပေါ်တယောက် စေတနာ ထားကြတာမျိုးလား။ ဒါဆို အခု ကျမ သူ့အပေါ် ထားနေတဲ့ စေတနာကတော့ သူ ပြန်လာမယ့်နေ့မှာ နွေးထွေးတဲ့ အိမ်လေးတလုံး အသင့်ရှိနေစေဖို့ပဲ။
ကျမတို့ဆီက မတရား သိမ်းပိုက်သွားကြတဲ့ သူ့အိမ်ကလေး မရှိတော့ပေမဲ့ ကျမ စွမ်းအား၊ ကျမ အရည်အချင်းနဲ့ သူ့အတွက် အိမ်သေးသေးလေးတလုံး ကျမ လိုချင်မိတယ်။
ကျမတို့ မြို့ရဲ့ ဌာနဆိုင်ရာ ရုံးတရုံးမှာ ဗုံးပေါက်ကွဲတဲ့နေ့ကတည်းက သူနဲ့ ကျမတို့ရဲ့ အချိန်နာရီတွေဟာ ရပ်တန့်သွားခဲ့တာပဲ။ သံသယဆိုတဲ့ စကားလုံးတလုံးနဲ့ ကျမတို့ရဲ့ အိမ်တံခါးကို လာခေါက်ပြီး သူ့ကို ကြမ်းကြမ်းတမ်းတမ်း လာ ခေါ်ထုတ်သွားခဲ့တယ်။ ဘယ်ကိုလဲ… ဘယ်လောက်ကြာမှာလဲ… ဘယ်သူမှ မဖြေနိုင်တဲ့ မေးခွန်းတွေဟာ ကျမရဲ့ အပ်ချုပ်စက်အောက်မှာ အထည်အလိပ်တွေလိုပဲ ပုံနေခဲ့ပြီ။ ကျမရဲ့ လက်ရှိရုန်းကန်မှုက ငွေကြေးအတွက်တင် မဟုတ်ဘူး။ ဒီနာကျင်မှုတွေကို ဘယ်လို ရှင်သန်ကျော်ဖြတ်ရမလဲဆိုတဲ့ “ဝေဒနာနဲ့ ယဉ်ပါးရေး” သင်ခန်းစာကိုပါ ကျမ သင်ယူနေခဲ့ရတာ။ အပ်ချုပ်စက်နင်းရင်း အပ်စူးသွားတဲ့အခါ ထွက်လာတဲ့ သွေးစက်လေးကို ကြည့်ပြီး ကျမ ပြုံးမိတယ်။ အနည်းဆုံးတော့… ငါ့မှာ နာကျင်မှုကို ခံစားနိုင်သေးတဲ့ “လူသားအရေပြား” ရှိပါသေးလားဆိုတဲ့ အသိနဲ့ပေါ့။
စစ်ကြောရေးရဲ့ ဒဏ်ရာတွေ၊ သံတိုင်နောက်က အမှောင်ထုတွေကြောင့် သူ့ရဲ့ စိတ်ရော ရုပ်ပါ ကြေမွပျက်စီးနေလိမ့်မယ်ဆိုတာ ကျမ သိတယ်။ သူ ပြန်လာတဲ့အခါ… သူ့ရဲ့ တုန်ရီနေတဲ့ လက်တွေကို ဆုပ်ကိုင်ပေးဖို့၊ သူ့ရဲ့ ခြောက်ခြားနေတဲ့ အိပ်မက်တွေကို ဖေးမပေးဖို့ ကျမ ဒီနေရာမှာ ရှိနေရမယ်။ ဒါကြောင့်လည်း ကျမ ဒီအပ်ချုပ်စက်ကို မနားတမ်း နင်းနေတာ။ ကျမ နေ့ရော ညပါ အလုပ်ကို ကြိုးကြိုးစားစားလုပ်တယ်။ ပေါ့ပေါ့ ပါးပါး တနေ့တာကို ကုန်ဆုံးသွားတယ်ဆိုတဲ့ နေ့ရက်ဆိုတာ ကျမအတွက် အတော် ရှားပါး လာခဲ့တယ်။ ကျမကိုယ်တိုင်အတွက် ကိုယ်ရှာတဲ့ ငွေကို ရက်ရက်ရောရော သုံးလိုက်တယ်ဆိုတဲ့ အချိန်တွေက ကျမအတွက် ရှိကို ရှိမလာတော့ဘူး။ မဖြစ်မနေ သုံးရမှာတွေက လွဲရင်ပေါ့။ တရက် ကုန်ဆုံးသွားတိုင်း “သူနဲ့ နီးဖို့ တရက် နီးလာပြီ” ဆိုတဲ့ မျှော်လင့်ချက်အလင်းစလေးကို အပ်ချည်မျှင်တွေကြားထဲမှာ အသာအယာ ဝှက်ထားမိတယ်။
အပြင်ဘက်မှာ မီးတွေ ပျက်သွားပြန်ပြီ။ အမှောင်က အခန်းထဲကို ရဲရဲတင်းတင်း ကျူးကျော်ဝင်ရောက်လာတယ်။ အားသွင်းထားတဲ့ ဆိုလာ မီးလေးကို ဖွင့်ရင်း ကျမ အပ်ချုပ်စက်ကို မရပ်ခဲ့ဘူး။ အလင်းမရှိလည်း ဒီအထည်တွေကို ဆက်ချုပ်နေဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ ကျမရဲ့ လက်ချောင်းတွေက နာကျင်မှုရဲ့ လမ်းကြောင်းကို မှတ်မိနေလို့ပါပဲ။
သူ ပြန်လာတဲ့နေ့မှာတော့ ကျမရဲ့ အပ်ချုပ်စက်ဟာ ငိုရှိုက်သံမဟုတ်တဲ့ အောင်မြင်ခန့်ညားတဲ့ သာယာဖွယ် အသံတခုခုကို သီဆိုနိုင်လိမ့်မယ်။ သူ ပြန်လာတဲ့အချိန်မှာ သူ့ဘေးမှာ ကျမ ရှိနေရင်းပေါ့။ သူ့ရဲ့ ထိခိုက်ဒဏ်ရာရနေတဲ့ ဝိညာဉ်ကို နွေးထွေးတဲ့ အိမ်ကလေးတလုံးနဲ့ ဖုံးအုပ်ပေးချင်တယ်။
တယောက်ယောက်ရဲ့ နာကျင်မှုအတွက် သူ့ကို ထွေးပွေ့ပြီး သူ့အတွက် နွေးထွေးစွာ စောင့်ရှောက်ပေးချင်စိတ်ဟာ အချစ်လား။ မေတ္တာလား။ သေချာတာက ကျမဟာ သစ္စာတရားကို ရှာဖွေနေသူ မဟုတ်ဘူး။ ကျမဟာ သူ့အတွက် လွတ်လပ်စွာ နေထိုင်လို့ရမယ့် “အိမ်” တလုံးကို ကိုယ်တိုင် တည်ဆောက်ပေးချင်နေတဲ့ မိန်းမတယောက်သာ ဖြစ်တယ်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
