4
“ပန်းပန်ထားပါသည်”
■ နွေဦးနေ
(၁)
အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို ကြားနေရတာ မင်္ဂလာတပါးလို့ မှတ်ယူကြတယ်။
ဒီမနက်တော့ ဘွားဆယ်မိ ဆွမ်းလည်းမချက်နိုင်ဘူး။ ဘုရားလည်း မရှိခိုးနိုင်ဘူး။ အကြောင်းက မနေ့ညနေကတည်းက ရင်ကိုလာဟပ်တဲ့ သောကအပူမီးပဲ။ သူ့ရင်ထဲ ဖွဲမီးလိုတငွေ့ငွေ့အားကောင်းဆဲမို့ မရူးရုံတမယ် ဖြစ်လို့။ နှမြောတသရလွန်းလို့ ငိုရ။ ငိုရလွန်းလို့ ရင်ဘတ်များက အောင့်လို့နေပြီ။ သူတောင် ဒီလောက်ဖြစ်နေတာ အဘိုးကြီးဆို ဘယ်လောက်ကြိတ်မနိုင်ခဲမရ ဖြစ်လိုက်မလဲ။
အဘိုးကြီးဆိုမှ ဒီနေ့ အဘိုးကြီးကိုရွှေမောင်တို့လှေ ကမ်းကပ်မဲ့နေ့ပဲလို့ ဘွားဆယ်မိ သတိရလိုက်တယ်။ သတိရရချင်း အိပ်ရာကနေ သူအားတင်းထလိုက်တယ်။ နေ့လယ်မွန်းတည့်လောက်ဆို လှေဆိုက်မှာ။ ဒီတော့ မောမောပန်းပန်းနဲ့ ပြန်လာမဲ့ အဘိုးကြီးကို အူစိုစိုလေးစားရအောင် အသားဟင်းနဲ့ သီးစုံချဥ်ရည်ဟင်းအပြင် သူကြိုက်တတ်တဲ့ အထုအထောင်းလေးလုပ်ဦးမှ။ သွေးတိုးမယ်လို့ ဘယ်လောက်ပြောပြော အဘိုးကြီးက ငါးပိရည်တို့စရာလေးလည်း ကြိုက်နေသေးတာ။ ဒီ့အတွက်တော့ မနေ့ကတည်းက အနီးအနားညနေခင်းစျေးလေးက တို့စရာအတွက် အသီးအရွက်လတ်လတ်ဆတ်ဆတ်လေးတွေ ဝယ်ထားခဲ့ပြီ။
“ကိုယ့်ကိုယ်ကိုယ် အသက်က ငါးဆယ်ကျော်နေပြီဆိုတာကော သိရဲ့လား ကိုရွှေမောင်”
“လူငယ်တွေတုပြီး အရက်တွေ မူးနေတာ၊ အပင်ပန်းခံနိုင်အောင်ဆိုပြီး အာဆီယံ(ဘိန်းစာရွက်ပြုတ်ရည်)တွေ သောက်တာမျိုး မလုပ်နဲ့နော်။ တော်တခုခုဖြစ်ရင် ကျုပ်ဘယ်သူ့အားကိုးရမှာတုံး။ မွေးထားတဲ့ သားတွေသမီးတွေကလဲ သူတို့ဟာနဲ့သူတို့ ရုန်းနေရတာ။ ကျုပ်တို့လူအိုနှစ်ယောက်ကို ငုံ့ကြည့်နိုင်ကြတာ မဟုတ်ဘူး”
“လှေပေါ်မှာ အစစ ဂရုစိုက်တော်ရေ့။ ကျုပ်လည်း တော်ရှာပြီး အပ်သမျှလေး ကျစ်နေအောင် သိမ်းထုပ်ထားပါတယ်။ ဒီတဆောင်းကုန်ရင် ကိုယ့်ပြည်ကိုယ့်ရွာပြန်ကြမယ်နော်။ ကျုပ်တို့ရင်းနှီးစရာလေး အနည်းအကျဥ်းတော့ရနေပြီ။ ကိုယ့်အိုးကိုယ့်အိမ်လေးပဲ ပြန်နေကြရအောင်တောာ်ရေ”
ဘွားဆယ်မိ တဗျစ်တောက်တောက်ပြောသမျှကို “အေးပါ မဆယ်မိရယ်” “စိတ်ချပါ မဆယ်မိရယ်”လို့ ကတိတွေပေးနေတတ်တဲ့ အဘိုးကြီး။ ကွမ်းစားလို့ နီမြန်းနေတဲ့ နှုတ်ခမ်းတွေနဲ့ အားပါးတရ ပြုံးပြုံးကြီးလုပ်နေတတ်တယ်။ အပျိုမလေးကို လူပျိုလေးက အမြတ်တနိုးကြည့်သလို ဘွားဆယ်မိကို ကြည့်နေတတ်တယ်။
ထမင်းဟင်းတွေ အားလုံးကျက်သွားမှ ဘွားဆယ်မိ သက်ပြင်းချ အနားရတော့တယ်။ အဘိုးကြီးပြန်လာချိန်နီးပြီပဲလို့ တွေးမိတယ်။ တဆက်တည်း မောမောနဲ့ ပြန်လာတဲ့ အဘိုးကြီးကို ရင်ဝဆောင့်ကန်သလို ဖြစ်မဲ့ သောကတွေပေးလို့ မဖြစ်ဘူး။ သူ စိတ်ဓာတ်ကျပြလို့ မဖြစ်ဘူးလို့ တွေးမိတယ်။ ဒါနဲ့ပဲ သူရေမိုးချိုး သနပ်ခါးလိမ်းရဦးမယ်လို့ အလုပ်စဥ်မိပြန်တယ်။
(၂)
တရိပ်ရိပ်ပြေးနေတဲ့ ငါးဖမ်းလှေပေါ်ကနေ ပင်လယ်ပြင်ကို ဘိုးရွှေမောင်ငေးနေမိတယ်။ သူတို့ငါးဖမ်းလှေက ထိုင်းလူမျိုးသူဌေးပိုင်။ အလုပ်သမားကတော့ မြန်မာပြည်တနံတလျားက လူမျိုးတရာ့တပါးလို့ ဆိုရမလားပဲ။ အညာသား၊ အောက်ပြည်သား၊ မွန်၊ ကရင်နဲ့ ထားဝယ်တွေကိုး။ အများစုက လူငယ်၊ လူလတ်တွေ။ အဘိုးကြီးဆိုလို့ သူတယောက်တည်းပါတယ်။ ဒါကြောင့်လဲ လူငယ်များတန်းတူ အလုပ်ကိုအားစိုက်ရတာမို့ သူ့ရှိသမျှ အားကုန်သုံးရတယ်။ သူဌေးက မဖြုတ်သရွေ့ ဒီအလုပ်နဲ့ နှစ်ပါးသွားရဦးမယ်လို့ပဲ သူမှတ်ယူထားတယ်။ ဒီနေ့ ပင်လယ်ပြင်ဟာ ရာသီဥတုကောင်းတာမို့ လှိုင်းကြပ်ခွပ်အနည်းငယ်သာထနေတယ်။ လတ်ဆတ်ကြမ်းရှပြီး ဆားငန်ရနံ့ပါတဲ့ ပင်လယ်လေတွေက သူ့မျက်နှာကို လာတိုးနေတယ်။ နေလောင်ထားတဲ့ ညိုမွဲမွဲအသားရောင်နဲ့ ဆံပင်ဖြူလှိုင်းတွန့်တွေက သူ့ကို အဘိုးကြီးတယောက်ဖြစ်ကြောင်း သက်သေခံနေကြတယ်။ သူ့မျက်နှာကတော့ သောကရိပ်စွန်းထင်နေတာကြောင့် နဂိုထက်အိုစာပြီး မှုန်မှိုင်းနေတယ်။
“အဘိုးရွှေ… ညကလဲ မနားရဘူးမို့လား။ ကမ်းကပ်ဖို့ တနာရီလောက်လိုဦးမယ်။ တရေးတမော အိပ်လိုက်ပါဦးလား”
သူ့ကို ကရုဏာသက်တဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်းပြောလာတဲ့ လှေသားကျော်ဦးကို ဘိုးရွှေမောင် အသာပြုံးပြလိုက်တယ်။
“ငါတို့အရွယ်က အအိပ်အစားရယ်လို့ သိပ်မက်လှတာမဟုတ်ဘူး။ စောစောကမှ တရေးမှေးကြည့်သေးတယ်။ မှေးလို့မရပါဘူး။ မနေ့ညနေက လိုင်းမိတဲ့ကျွန်းတွေနား ရောက်တော့ ဝင်းအောင်တို့လိုင်းသုံးကြတယ်လေ။ အဲဒီမှာ တက်လာတဲ့ သတင်းတွေ မင်းလဲမြင်ပြီး ကြားပြီးရောပေါ့။ ငါတော့ အဲကတည်းက လူက ထုံတုံတုံဖြစ်သွားမှတ်တယ်။ အိပ်ချင်စိတ်လဲ မရှိပါဘူးကွာ။ မင်းနားချင်နားလေ ငါ မအိပ်တော့ဘူး”
“ဒါဆိုလဲ ကျုပ်သွားအိပ်ဦးမယ် အဘိုးရွှေ။ အရေးအကြောင်းဆို တယောက်တည်းမလုပ်နဲ့ ကျုပ်ကိုနှိုးနော်။ အားမနာနဲ့”
လှေသားအများစုက သူ့ကို အဘိုးတယောက်လို ကရုဏာထားကြ၊ ဖေးမကြပေမဲ့ တချို့ကလည်း “လခရတာချင်းအတူတူ အလုပ်လဲ တင်းတင်းရင်းရင်း တန်းတူလုပ်ပေါ့။ မလုပ်နိုင်ထွက်ပေါ့”လို့ မပြောရုံတမယ် အချိုးအချိတ်တွေနဲ့။ ဒီအလုပ်ကို မစွန့်နိုင်သရွေ့ အထူးသဖြင့် ဒီနိုင်ငံကို မခွာနိုင်သရွေ့ သည်းခံရမှာပဲလို့ ဘိုးရွှေမောင်နှလုံးသွင်းထားတယ်။ လှေက ကမ်းမကပ်သေးပေမဲ့ ဘိုးရွှေမောင်စိတ်က အဘွားကြီး မဆယ်မိဆီ ရောက်နဲ့ပြီ။ သူနဲ့ မဆယ်မိနဲ့အကြောင်းပါခဲ့ပုံများ။ မောင်တထမ်းမယ်တရွက် ခြံလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ခဲ့၍ နှစ်ထပ်ပျဥ်ထောင်အိမ်ကြီးတလုံးပိုင်ခဲ့ပုံများ။ အဲဒီအိမ်ကြီးကိုရေနံချေးအဝသုတ်ပြီး ကြည့်မဝခဲ့ပုံများ။ သားနှစ်ယောက်၊ သမီးတယောက်ထွန်းကားခဲ့ပုံများ။ သားသမီးတွေ အရွယ်ရောက်မှ ရွာမှာ မိုးလေကခေါင်၊ ဒီအထဲ စစ်အာဏာသိမ်းလိုက်တော့ ဘဝတွေ ရေစုန်မျောပြီး တိုင်းတပါးကို အလုပ်လုပ်ထွက်ခွာခဲ့ရပုံများ။ သားသမီးတွေ အတောင်စုံတော့ ဖမိရင်ခွင်က ပျံထွက်သွားကြပုံများကို ရုပ်ရှင်ပိတ်ကားပေါ်က ပြကွက်တွေလို တကွက်ချင်း ပြန်မြင်နေမိတယ်။
“မဆယ်မိရယ် ငါက အလုပ်လုပ်နိုင်သေးတယ်။ ဒေါင်ဒေါင်မြည်ကွနော်။ မင်းက အိမ်မှာပဲနေပါကွာ။ မင်းလဲမှဖြင့် အထမ်းထက် အဆွဲခက်ရချည်ရဲ့”
သူဒီလိုပြောတိုင်း မဆယ်မိက ချက်ကျလက်ကျ ပြန်ချေပတတ်တယ်။
“တော် အလုပ်လုပ်နေသရွေ့ ကျုပ်လဲ နိုင်သလောက်တော့ လုပ်ချင်နေတာ။ ခက်တာက ကျုပ်လို အဘွားကြီးကို ဘယ်ကမှ အလုပ်မပေးချင်ကြဘူး။ ငါးခြောက်လှန်းတဲ့နေရာတို့၊ လှေဒေါက်တို့က ဆယ်ခါ့တခါပဲ သူတို့မနိုင်လို့ ခေါ်တဲ့အခါ သွားလုပ်ရတာပါ။ ဟင်းဖိုးလေး ရရပါတော်”
သူအလုပ်နားမှ အနားရမဲ့ အဘွားကြီး မဆယ်မိ။ ကိုယ့်ရပ်ကိုယ်ရွာပြန်ချင်နေတဲ့ အဘွားကြီး မဆယ်မိ။ အခုချိန်ဆို သူသောကမီး တောက်နေရှာတော့မယ်။ အဘွားကြီးကို ဘယ်လိုနှစ်သိမ့်ရမလဲ။ အဘွားကြီးရှေ့မှာ သူမားမားမတ်မတ်ရပ်ပြရမယ်လို့ သူအားတင်းလိုက်တယ်။ သူ့အတွေးတွေက မငြိမ်သော်လဲ လှေက ကမ်းနဲ့ တဖြည်းဖြည်းနီးလာတာကို ဘိုးရွှေမောင်သတိထားမိနေတယ်။
(၃)
သူတို့ လိုင်းခန်းနဲ့နီးလာတော့ ဘိုးရွှေမောင်ခြေလှမ်းတွေ လူငယ်တယောက်လို သွက်လာတယ်။ လေချွန်ရင်း စေ့ထားတဲ့အခန်းတံခါးကို တွန်းဝင်လိုက်တယ်။ ဘိုးရွှေမောင်ဝင်လာမြင်တော့ ဘုရားစင်အောက် တုံးလုံးလှဲရင်း ပုတီးစိပ်နေတဲ့ ဘွားဆယ်မိက ထထိုင်တယ်။ သူတို့နှစ်ဦး အကြည့်ချင်းတချက်ဆုံသွားကြရင်း တယောက်ကို တယောက် အကဲခတ်လိုက်ကြတယ်။
“မောလာပြီလား အဘိုးကြီး။ ရေအမြန်ချိုးလိုက်ဦး။ ပြီးတာနဲ့ ထမင်းတန်းစားရအောင်”
“ထမင်းက စားတာပေါ့ မဆယ်မိရယ်။ ငါ မဆာသေးပါဘူး။ မင်းနေကောင်းရဲ့လား”
ဘွားဆယ်မိက မျက်နှာတချက်ပျက်သွားတာကို ချက်ချင်းပြန်ပြင်ပြီး ခပ်သော့သော့ရယ်လိုက်တယ်။
“တော့်ထက်တောင် ကျုပ်က မာသေးတော်။ ဟင်းထမင်းကျက်တာနဲ့ ရေချိုးသနပ်ခါးလိမ်းပြီး ပုတီးစိပ်နေတာ။ တရေးတောင်မှေးလိုက်သေး”
ဘိုးရွှေမောင်က တသက်လုံးပေါင်းလာတဲ့မယားအကြောင်း နောကျေထားသူမို့ ဘွားဆယ်မိဟန်လုပ် ထိန်းထားတာကိုသိနေတယ်။ ငိုချင်ရင်ငိုချလိုက်လို့လဲ ပြောမထွက်ရက်။
“မဆယ်မိရေ … လှေဆိုက်တော့ ငါ သူဌေးနဲ့ တွေ့ခဲ့သေးတယ် သိလား။ သူဌေးက ငါ့ကို ကျန်းမာအောင်နေတဲ့။ သူ့လှေ ထွက်နေသရွေ့ ငါအလုပ်ရှိနေစေရမယ်တဲ့။ လှေမလိုက်နိုင်လဲ လှေဆိပ်ငါးရုံမှာပဲ ငါးရွေးတဲ့နေရာကို ကြီးကြပ်ကူခိုင်းမတဲ့။ မောင်မင်းကြီးသား ကျေးဇူးများသဟေ့”
ဘွားဆယ်မိအားရှိပါစေတော့ဆိုကာ ပြောလိုက်ပေမဲ့ ဘိုးရွှေမောင်တွက်သလို ဖြစ်မလာဘူး။ တဘက်လှည့်နေတဲ့ ဘွားဆယ်မိဆီက “အင့်” ရှိုက်သံတချက် ထွက်လာတယ်။
“တော်ပါတော့ အဘိုးကြီးရယ်။ ကျုပ် မခံစားနိုင်တော့ဘူး။ တော်က ဘယ်အချိန်ထိ ဒီလိုကျွဲလို၊ နွားလို၊ ကျွန်ကြီးလို ရုန်းနေဦးမှာတုံး။ တော့်ကို ကျုပ်က ဘုရားကျောင်းကန် တက်စေချင်တာလေ။ ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး ခြံကလေးပြန်စိုက်စားကြမယ်ဆို။ အခု ဘယ်လိုလုပ်ကြမတုံး အဘိုးကြီးရဲ့။ ကျုပ်လေ ကျုပ်ထက် တော့်ကို သနားလို့ မဆုံးဘူး။ တော်သိပြီးပြီမို့လား။ မနေ့က ကျုပ်တို့တရွာလုံး မီးသင့်ခံရသတဲ့။ ကျုပ်တို့အိမ်လေးလေ… ကျုပ်တို့အိမ်လေး မရှိတော့ဘူး။ ကျုပ်တို့အိုကြီးအိုမတွေ ပြန်စရာအိမ်မရှိတော့ဘူး။ လုပ်ရက်ကြပါပေ့တော် ”
ဘွားဆယ်မိစိတ်လျှော့လိုက်တာမို့ မျက်ရည်က တာကျိုးသလိုကျလာတော့တယ်။ ဘိုးရွှေမောင်လဲ ဘွားဆယ်မိကို သူ့ရင်ခွင်ထဲ အသာဆွဲဖက်ကာ ထိန်းထားလိုက်ရတယ်။
“ငါလဲ အိမ်ပြန်ချင်နေတဲ့ မင်းကို ပိုသနားနေတာ မဆယ်မိရဲ့။ ဘာမှ စိတ်ဆင်းရဲမဖြစ်နဲ့။ ငါကျန်းကျန်းမာမာနဲ့ အလုပ်လုပ်နိုင်ပါသေးတယ်ကွာ။ ဒီနှစ်မပြန်နိုင်သေးရင် နောက်တနှစ်ပေါ့။ ဒီလိုပဲ။ ငါတို့ မှန်းတိုင်းမပေါက်ပေမဲ့ စိတ်ဓာတ်ကျလို့ မဖြစ်ဘူးကွ။ တနေ့ ပြန်ရမှာပေါ့ကွာာ။ မင်းသာ ကျန်းမာအောင်နေ… ဟုတ်ပြီလား။ စိတ်ကိုမာအောင်ထားကွယ်။ မာအောင်ထား။
လောကမှာ အဖျက်အမှောက်လုပ်တဲ့ သူယုတ်မာ ပညာမဲ့တွေ ရှိသလို၊ တည်ဆောက်ပြုပြင်ကြမဲ့ ပညာရှိလူတော်လူကောင်းတွေ၊ လူ့သတ္တိခဲလေးတွေလည်း အရှိကွဲ့။ တို့တိုင်းပြည် အမှောင်တွင်းက ကယ်ဖို့ လုပ်နေသူတွေ ရှိနေပါတယ် မဆယ်မိရေ။ ရှိနေပါတယ်”
ဘိုးရွှေမောင် စကားဆုံးတော့ ဘွားဆယ်မိက ပါးပြင်နှစ်ဖက်ပေါ် ကျနေတဲ့ မျက်ရည်တွေကို သူ့လက်ကြမ်းတွေနဲ့ ဖိသုတ်လိုက်တယ်။ ထီမထင်တဲ့ အပြုံးတပွင့်ကို အားမန်အပြည့်ပြုံးရင်း အခန်းရှေ့ကို ထထွက်သွားတယ်။
ရုတ်တရက်မို့ ဘိုးရွှေမောင် ကြောင်အမ်းအမ်းဖြစ်သွားပြီး အခန်းအပြင်ထွက်သွားတဲ့ ဘွားဆယ်မိကို လိုက်ကြည့်နေမိတယ်။ ခဏအတွင်း အခန်းထဲ ပြန်ဝင်လာတဲ့ ဘွားဆယ်မိကို အသေအချာ မြင်လိုက်ရတော့မှ ဘိုးရွှေမောင်လည်း ပြုံးနိုင်သွားသလို အားအင်တွေလည်း ပြန်ပြည့်သွားတယ်။
ဘွားဆယ်မိက အခန်းရှေ့မှာ အိုးနဲ့စိုက်ထားတဲ့ သပြေညိုပင်ကနေ သပြေညွန့်ခပ်သန်သန် တခက်ကို ချိုးယူပြီး သူ့ဆံထုံးမှာ ကျကျနနပန်ထားတာလေ။ မျက်နှာကိုလည်းချီပြီး ပြုံးပြုံးကြီး လုပ်နေသေးတော့တာ။
“ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်” လို့ ဖွင့်ပြောနေတဲ့ အလားပါပဲ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
