1
ကျေးတမာ
“ပြာပုံထဲက မြန်မာ့အနာဂတ်”
အပိုင်း (၁)
စစ်ဆိုတာ အရာအားလုံးကို တိုက်စားတဲ့အရာ
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၄ နာရီ၊ အဲဒီအချိန်ကစပြီး မြန်မာ့သမိုင်းဟာ လမ်းကြောင်းပြောင်းသွားခဲ့တယ်။ မြန်မာ့နိုင်ငံရေး ဇာတ်ခုံအလှည့်အပြောင်းတခုအဖြစ် အာဏာသိမ်းဖြစ်စဥ် နောက်တကြိမ် ပေါ်ပေါက်လာခဲ့လို့ပေါ့…။
ပြည်သူအများက စစ်တပ်နဲ့အပေါင်းအပါတွေကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ နေရာအနှံ ပေါ်ပေါက်တဲ့အခါ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်နဲ့ပစ်ခွင်းမှုတွေ၊ သေဆုံးသူလူငယ်တွေ တိုးပွားလာခဲ့သလို ဖမ်းဆီးခံပြည်သူတွေလည်း များပြားလာခဲ့ရပေါ့…။
အခုဆို ၂၀၂၁ နှစ်ကစပြီး အာဏာသိမ်းစစ်တပ်ကို တော်လှန်ခဲ့ကြတာ ၂၀၂၆ဆိုတဲ့ “ငါးနှစ်တာကာလ” က ပြက္ခဒိန်ပေါ်က ကိန်းဂဏန်းတစ်ခုအဖြစ် မဟုတ်တော့ဘူး။
အညာဒေသက မိခင်တစ်ယောက်အတွက် သားသမီး ၅ ယောက်နဲ့ တောထဲကို ၅ ကြိမ်မြောက် ထွက်ပြေးရခြင်း၊ ကျောင်းသားတစ်ယောက်အတွက် တက္ကသိုလ်တက်ရမယ့်အစား လက်နက်ကိုင်ပြီး တောထဲဝင်သွားတာ ၅ နှစ်ပြည့်၊ လယ်သမားတစ်ယောက်အတွက် သူ့လယ်ကွင်း မီးလောင်သွားတာ ၅ ရာသီမြောက်ပါပဲ…။
စစ်အာဏာရှင်စနစ်ဟာ အိမ်တွေ၊ လယ်တွေ၊ စာသင်ကျောင်းတွေကို မီးရှို့ရုံတင်မဟုတ်ဘူး၊ လူတွေရဲ့ သာမန်ဘဝဆိုတာကိုပါ ပြာပုံထဲ ထည့်လိုက်တယ်။ UN OCHA ရဲ့ ၂၀၂၆ မတ်လစာရင်းအရ တနိုင်ငံလုံး စစ်ဘေးရှောင် ၃.၅ သန်းကျော်ရှိပြီး အဲဒီထဲက ၆၀% က စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဆိုတဲ့ “အညာဒေသ” က ဖြစ်နေပါတော့တယ်…။
အပိုင်း (၂)
အညာမြေပြင်က မီးခိုးနံ့များ (မီးရှို့ခံရတဲ့ ကျေးရွာများ)
“စစ်ကြောင်းထိုးတယ်” ဆိုတဲ့ စကားဟာ အညာအတွက် “ရွာမီးရှို့ခံရတယ်” ဆိုတဲ့စကားနဲ့ အဓိပ္ပါယ်တူသလောက် ဖြစ်နေပါပြီ…။
၂.၁) ဗျူဟာအရ ရွာမီးရှို့ခြင်း
၂၀၂၁ နှောင်းပိုင်းကစပြီး စစ်ကောင်စီဟာ ဖြတ်လေးဖြတ်ဗျူဟာကို အဆင့်မြှင့်မြှင့် သုံးစွဲလာခဲ့တယ်။ PDF တွေကို ရိက္ခာ၊ ရန်ပုံငွေ၊ သတင်းအချက်အလက်၊ လူသစ်စုဆောင်းမှု ဖြတ်တောက်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရွာလုံးကျွတ် မီးရှို့တယ်။ Data for Myanmar ရဲ့ စာရင်းအရ ၂၀၂၁ ကနေ ၂၀၂၅ အတွင်း တစ်နိုင်ငံလုံး နေအိမ် ၁၀၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး၊ စစ်ကိုင်းတိုင်းတခုတည်းမှာတင် ၇၅,၀၀၀ ကျော်ပါဝင်တယ်ဆိုတဲ့ စာရင်းအချက်အလက်တွေ ရှိလို့နေခဲ့ပြီ…။
ကလေးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ မြင်းမူမြို့နယ်၊ ဝက်လက်မြို့နယ်၊ ခင်ဦးမြို့နယ်တွေက ရွာတွေဟာ မြေပုံပေါ်မှာ နာမည်သာကျန်ပြီး မြေပြင်မှာ ပြာပုံဘဝ ရောက်သွားကြတာ လက်ရှိမြန်မာနိုင်ငံရေး ပြယုဂ်တခုပါပဲ…။
ခင်ဦးမြို့နယ်၊ မူးသုံရွာမှာ ၂၀၂၄ ဒီဇင်ဘာလက အိမ် ၃၀၀ ကျော် တစ်ပြိုင်တည်းမီးရှို့ခံရပြီး တိတိကျကျပြောရရင် ဘုန်းကြီးကျောင်းတောင် မကျန်ခဲ့ဘူး…။
ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာမှာ ၂၀၂၂ ဇူလိုင်လက စာသင်ကျောင်းကို လေကြောင်းဗုံးကြဲလို့ ကျောင်းသားကလေးငယ် ၁၂ ဦး သေဆုံးခဲ့တယ်။ အဲဒီရွာကို ၂၀၂၅ ထဲမှာ နောက်ထပ် ၃ ကြိမ် မီးရှို့ခံရတဲ့ ဖြစ်စဥ်တွေလည်း ရှိလို့နေခဲ့ပေါ့ဗျာ…။
၂.၂) မီးရှို့ခံရခြင်းရဲ့ နောက်ဆက်တွဲ
အိမ်မီးရှို့ခံရတာဟာ “နေစရာမဲ့သွားတာ” တင်မဟုတ်ဘူး…။ (၁) စားဖို့စပါးနဲ့ လာမယ့်ရာသီအတွက် စိုက်ဖို့စပါးတွေ (စပါးကျီနဲ့ မျိုးစပါးတွေ) ပါသွားတယ်…။ (၂) နိုင်ငံသားဖြစ်ကြောင်း သက်သေတွေ (မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားတွေ) မီးထဲပါသွားတော့ IDP Camp ရောက်ရင်တောင် အကူအညီရဖို့ ခက်ခဲကုန်ကြတယ်…။ (၃) ဓာတ်ပုံအယ်လ်ဘမ်၊ အမှတ်တရအမွေနှစ်တွေကနေ ကလေးဘဝအမှတ်စရာတွေအထိ အကုန်ပြာကျသွားတယ်…။
ဒါက လူတစ်ယောက်ရဲ့ Identity ကိုပါ ဖျက်ဆီးခဲ့တာပါပဲ…။
အပိုင်း (၃)
တောထဲကဘဝများ (သို့မဟုတ်) စစ်ဘေးရှောင်ပြည်သူတွေရဲ့ ခက်ခဲကြပ်တည်းမှု
စစ်ဘေးရှောင်ဆိုတာ ယာယီတဲထိုးနေရတာလို့ ထင်ရင် မှားမယ်၊ အညာက ပြည်သူတွေအတွက် “စစ်ရှောင်” ဆိုတာ ၅ နှစ်ကြာ “လှည့်ပတ်ပြေးနေရတဲ့ဘဝ” ဖြစ်နေပြီ…။
၃.၁) ရာသီသုံးပါး ငရဲခန်း
နွေရာသီမှာ ၄၅°C ကျော်တဲ့ အညာနေပူထဲ ဝါးထရံ၊ မိုးကာစနဲ့ ဖြစ်သလိုတဲထိုးနေရတယ်၊ ရေရှားတယ် အဝီစိတွင်းတူးဖို့ စစ်ကြောင်းကြောက်ရတယ်…။
မိုးရာသီမှာ မိုးကာစက ပေါက်ပြဲ၊ မြေကြီးက ရွှံ့ဗွက်၊ မြွေကင်း၊ ကြွက်အန္တရာယ်၊ ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးက ကလေးတွေ အသက်ကို နုတ်ယူနေတယ်…။
ဆောင်းရာသီမှာ အညာက ဆောင်းက အရိုးထဲထိ စိမ့်တယ်၊ စောင်မရှိ၊ အနွေးထည်မရှိ၊ အသက် ၇၀ ကျော် အဖွားတစ်ယောက် အအေးပတ်ပြီး ဆုံးသွားတာမျိုး နေ့တိုင်းလိုလို ကြားနေရတယ်…။
၃.၂) ကျန်းမာရေး နဲ့ ပညာရေး ပြိုလဲခြင်း
စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်တယ်၊ WHO က ၂၀၂၅ ခုနှစ် တခုတည်း ကျန်းမာရေးအဆောက်အဦး ၃၈၀ ကျော် တိုက်ခိုက်ခံရတယ်လို့ မှတ်တမ်းတင်ထားတာ တွေ့ရှိရတယ်…။ နောက်ဆက်တွဲအနေနဲ့ ကိုယ်ဝန်ဆောင်မိခင် တောထဲမှာမွေးရင်း သွေးသွန်ပြီး သေတယ်၊ ကလေးတွေ ကာကွယ်ဆေး မထိုးရလို့ ဝက်သက်၊ ဆုံဆို့ ပြန်ဖြစ်တယ်၊ NUG ပညာရေးဘုတ်က “မြေပြင်စာသင်ကျောင်း” တွေ ဖွင့်ပေမယ့် လေကြောင်းရန်ကြောက်ရလို့ ဝါးရုံတောထဲ၊ ဥမင်ထဲမှာ စာသင်ရတယ်၊ မျိုးဆက်တစ်ဆက်လုံးရဲ့ ပညာရေး ၅ နှစ်တာ နောက်ကျနေခဲ့ပြီ…။
၃.၃) စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ
အသက် ၈ နှစ်ကလေးတစ်ယောက်က ဂျက်လေယာဉ်သံကြားရင် ဗုံးခိုကျင်းထဲ ချက်ချင်းပြေးတတ်နေပြီ၊ ဒါက သာမန်မဟုတ်ဘူး။ MSF ရဲ့ အစီရင်ခံစာမှာ စစ်ဘေးရှောင်ကလေး ၁၀ ယောက်မှာ ၇ ယောက်က PTSD လက္ခဏာပြနေတယ်လို့ ဆိုတယ်။ အိပ်နေချိန်မှာမက်တဲ့ အိပ်မက်ထဲတောင်မှ စစ်ကြောင်းဝင်လာလို့ လန့်နိုးတဲ့အိပ်မက်ဖြစ်နေပြီ…။
အပိုင်း (၄)
ငါးနှစ်တာတော်လှန်ရေး – အောင်ပွဲနဲ့ အမောများ
၂၀၂၁ က လက်ဗလာနဲ့ စခဲ့တဲ့ တော်လှန်ရေးဟာ ၂၀၂၆ မှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်တဲ့အဆင့်ထိ ရောက်လာပြီ။ ၁၀၂၇ စစ်ဆင်ရေး၊ ၁၁၁၁ စစ်ဆင်ရေး၊ မန္တလေး PDF ရဲ့ မြို့ပြစစ်ဆင်ရေးတွေဟာ သမိုင်းမှာ မော်ကွန်းတင်ရမယ့်အောင်ပွဲတွေပဲ…။
ဒါပေမယ့် အောင်ပွဲရဲ့နောက်ကွယ်မှာ “အမော” တွေ ရှိလာတယ်…။
၄.၁) ထောက်ပို့ငွေ ရရှိမှု နည်းပါးလာခြင်းနှင့် မောပန်းလာတဲ့အလှူရှင်တွေ
တော်လှန်ရေးရဲ့ ၈၀% က ပြည်သူလူထုရဲ့ ထောက်ပို့ကနေ ရပ်တည်နေရတယ်။
ပထမနှစ် ၂၀၂၁-၂၀၂၂ ခုနှစ်မှာ “အားလုံးပါဝင်” တဲ့ စိတ်ဓာတ်နဲ့ ပြည်တွင်းပြည်ပက တစ်လလျှင် ဒေါ်လာ ၅ သန်းကနေ ၁၀ သန်းအထိ ထည့်ဝင်ကြတယ်၊ NUG Bond ၊ “တစ်နေ့ ၁၀၀၀ ကျပ်” ကမ်ပိန်းတွေ အောင်မြင်ခဲ့တယ်…။
တတိယနှစ် ၂၀၂၃-၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးကျပ်တည်းမှု၊ ယူကရိန်း-ဂါဇာစစ်ပွဲတွေကြောင့် နိုင်ငံတကာအာရုံ လွှဲသွားတယ်။ ပြည်ပရောက်မြန်မာတွေရဲ့ ဝင်ငွေလည်း ကျလာတယ်၊ ထောက်ပို့ငွေ ၃၀% လောက် ကျဆင်းသွားတယ်…။
ပဉ္စမနှစ် ၂၀၂၅-၂၀၂၆ ခုနှစ်မှာ Donor Fatigue ဆိုတဲ့ အလှူရှင်ပင်ပန်းနွမ်းနယ်မှုဒဏ် စခံလာရတယ်။ အရင်က တလ ၁၀ သိန်းထည့်တဲ့သူက အခု ၁ သိန်းတောင် မနည်းထည့်နိုင်ဖို့ ကြိုးစားလာရတယ်။စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းတွေကို ပိုဖိအားပေးလာတယ်၊ Mobile Banking ကို စောင့်ကြည့်တာ၊ ငွေလွှဲတဲ့သူကို ဖမ်းတာတွေကြောင့် ထောက်ပို့ရဲတဲ့သူ နည်းလာခဲ့တယ်…။
ရလဒ်က ရှေ့တန်းရဲဘော်တွေ ရိက္ခာပြတ်တယ်၊ ကျည်တစ်တောင့် ၃၀၀၀ ကနေ ၈၀၀၀ ထိ ဈေးတက်သွားတော့ ပစ်တိုင်း ငွေကုန်နေသလိုဖြစ်တယ်၊ ဒရုန်းဗုံးသီး မလုံလောက်လို့ စစ်ဆင်ရေး ရွှေ့ဆိုင်းရတယ်…။
၄.၂) တော်လှန်ရေး ကိုယ်ထူကိုယ်ထ – လူသုံးကုန်ထုတ်လုပ်ပြီး ရန်ပုံငွေရှာခြင်း
အလှူငွေတစ်ခုတည်းကို မှီခိုလို့မရတော့တဲ့အခါ တော်လှန်ရေးအင်အားစုတွေဟာ စီးပွားရေးနဲ့ တော်လှန်ရေးကို ပေါင်းစပ်တဲ့လမ်းကြောင်းသစ်ကို လျှောက်လာကြရတယ်၊ “တိုက်ရင်းနဲ့ လုပ်စား” ဆိုတဲ့ နည်းဗျူဟာပဲ…။
ပဲခူးတိုင်းဗျူဟာ ၂၇ ရဲ့ Buddy ကိုယ်တိုက်ဆပ်ပြာ၊
ဒါက အထင်ရှားဆုံးဥပမာပဲ။ ပဲခူးရိုးမအခြေစိုက် ဗျူဟာ ၂၇ ဟာ ၂၀၂၄ နှောင်းပိုင်းမှာ “Buddy” အမှတ်တံဆိပ် ကိုယ်တိုက်ဆပ်ပြာ စတင်ထုတ်လုပ်တယ်၊ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်…။
(၁) ရန်ပုံငွေရရှိရေးဖြစ်တယ်။ ဆပ်ပြာတစ်ဗူး ရောင်းရငွေ ၃၀% ကို တပ်ရင်းရဲ့ လက်နက်၊ ခဲယမ်း၊ ရိက္ခာအတွက် တိုက်ရိုက်သုံးတယ်၊ပြည်သူတစ်ယောက် Buddy ဆပ်ပြာ ဝယ်သုံးလိုက်တာနဲ့ ကျည်တစ်တောင့်ဖိုး လှူပြီးသားဖြစ်သွားတယ်…။
(၂) လွတ်မြောက်နယ်မြေရဲ့ စီးပွားရေးလည်း ဖြစ်တယ်။ဒေသခံတွေကို အလုပ်အကိုင်ပေးတယ်၊ ထန်းလျက်၊ အုန်းဆီ၊ ဆေးဖက်ဝင် အပင်တွေကို ဒေသထွက်ကုန်အဖြစ် ဝယ်ယူသုံးစွဲတော့ ကျေးရွာစီးပွားရေး လည်ပတ်လာတယ်…။
(၃) သတင်းစကားပါးခြင်းပဲ။ Buddy ဆိုတဲ့ နာမည်ကိုက “‘ရဲဘော်/သူငယ်ချင်းလို့ အဓိပ္ပါယ်ရတယ်။ ဆပ်ပြာဗူးမှာ တော်လှန်ရေးသတင်းစကား၊ ကျဆုံးရဲဘော်အမည်တွေ ထည့်သွင်းပြီး လူထုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ချိတ်ဆက်တယ်…။
Buddy ဆပ်ပြာအောင်မြင်မှုကြောင့် အခြား PDF တပ်ရင်းတွေကပါ ကော်ဖီမှုန့်၊ ရေသန့်ဗူး၊ ငပိထောင်း၊ နှမ်းလှော်၊ အဝတ်အထည်တွေ ထုတ်လာကြတယ်။ “တော်လှန်ရေးထုတ်ကုန်” ဆိုတာ ဈေးကွက်တစ်ခုဖြစ်လာခြင်းကြောင့် ပြည်ပရောက်မြန်မာတွေက Online ကနေ မှာယူအားပေးတော့ ဒေါ်လာငွေပါ ရှာနိုင်လာတယ်…။
NUG အနေနဲ့လည်း ဗဟိုအစိုးရတစ်ရပ်လို ယန္တရားလည်ပတ်နိုင်ဖို့ ဝင်ငွေလမ်းကြောင်း ဖန်တီးလာရတယ်၊ အလှူငွေနဲ့ Bond တခုတည်းကို အားကိုးလို့မရတော့ဘူး…။
(၁) Spring Development Bank – SD Bank
ဒစ်ဂျစ်တယ်ဘဏ်ထောင်ပြီး ငွေလွှဲခ၊ ငွေလဲလှယ်ခတွေကနေ ဝန်ဆောင်ခရတယ်။ အဲဒီအမြတ်ငွေတွေကို ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးဝန်ကြီးဌာနတွေရဲ့ လည်ပတ်စရိတ်အတွက် သုံးရတယ်…။
(၂) NUGPay နဲ့ Digital Lottery
ပြည်တွင်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ်စနစ်ကို ကျော်လွှားနိုင်ဖို့ NUGPay သုံးစွဲမှု အားပေးတယ်။ ပြီးတော့ “နွေဦးထီ” ကို လစဉ် ရောင်းချခြင်းကြောင့် ထီလက်မှတ်ရောင်းရငွေရဲ့ ၄၀% ကို စစ်ဘေးရှောင်ကူညီရေး၊ ၃၀% ကို PDF ထောက်ပံ့ရေးတွေအတွက် တိုက်ရိုက်သုံးစွဲလာနိုင်တယ်…။
(၃) သယံဇာတအခွန်
KNU, KIA, MNDAA စတဲ့ EROs တွေနဲ့ ပူးပေါင်းပြီး လွတ်မြောက်နယ်မြေက ကျောက်စိမ်း၊ သစ်တောထွက်၊ ဓာတ်သတ္တုတွေကို စနစ်တကျ အခွန်ကောက်တယ်။ အရင်က စစ်ကောင်စီရတဲ့ ဝင်ငွေတွေ အခုဆို တော်လှန်ရေးရန်ပုံငွေထဲ ရောက်လာတယ်။ ၂၀၂၅ စာရင်းအရ ဒီအခွန်စနစ်ကနေ တလလျှင် ဒေါ်လာ ၂ သန်းနီးပါး ရလာတယ်လို့ဆိုတယ်…။
(၄) တော်လှန်ရေးအမှတ်တရ ပစ္စည်းများ
တီရှပ်၊ ဦးထုပ်၊ တံဆိပ်၊ စာအုပ်တွေကို ထုတ်လုပ်ရောင်းချခြင်းဟာ “From People to People” ဆိုတဲ့ Model နဲ့ ပြည်သူက ပြည်သူ့ကာကွယ်ရေးတပ်ကို တိုက်ရိုက်ထောက်ပံ့တဲ့စနစ်ဖြစ်လာတယ်…။
၄.၃) တော်လှန်ရေးကြာလေ ပင်ပန်းလေ
၅ နှစ်ဆိုတာ မနည်းတဲ့အချိန်တစ်ခုပါပဲ။ PDF ရဲဘော် အများစုက အသက် ၁၈ ကနေ ၃၀ ကြား၊ သူတို့မှာ မိသားစုနဲ့ ၅ နှစ်မတွေ့ရတဲ့သူ၊ ဒဏ်ရာနဲ့ တောထဲမှာပဲ ကုနေရတဲ့သူ၊ စိတ်ဓာတ်ကျနေတဲ့သူတွေ ရှိလာခဲ့တယ်…။
အိမ်ပြန်ချင်ပြီဆိုတဲ့စကားက သစ္စာဖောက်တာ မဟုတ်ဘူး၊ လူသားဆန်တဲ့ ပင်ပန်းနွမ်းနယ်မှုပါပဲ။ ဒါကို နားလည်ပေးပြီး စိတ်ဓာတ်မြှင့်တင်ရေး၊ အနားပေးတာ၊ ဆေးကုသပေးတာတွေ လိုအပ်လာပြီဖြစ်တယ်။ Buddy ဆပ်ပြာလို ထုတ်ကုန်တွေကနေ ရလာတဲ့ငွေနဲ့ ရဲဘော်တွေကို အာဟာရပိုကျွေးနိုင်တာ၊ ဆေးဝါးဝယ်ပေးနိုင်တာ၊ မိသားစုဆီ ထောက်ပံ့ငွေပို့နိုင်တာက ဒီအမောကို အနည်းငယ်ပြေလျော့စေခဲ့ပါတယ်…။
၄.၄) ဘယ်လိုတည်ဆောက်မလဲ
ကိုယ်ထူကိုယ်ထစီးပွားရေးတွေဟာ တော်လှန်ရေးကို အသက်ဆက်ပေးနေတယ်။ အလှူငွေ နည်းလာပေမယ့် ဆပ်ပြာတစ်ဗူး၊ ကော်ဖီတစ်ထုပ်၊ ထီတစ်စောင်ကနေ ရတဲ့ငွေတွေက ကျည်ဆန်ဖြစ်သွားတယ်၊ ဒရုန်းဖြစ်သွားတယ်၊ ရဲဘော်တစ်ယောက်ရဲ့ ထမင်းတစ်နပ်ဖြစ်သွားတယ်…။
ဒါက သမိုင်းပေးတဲ့သင်ခန်းစာပဲ၊ ရှေတုန်းကလို နိုင်ငံတကာကို မျှော်နေလို့မရဘူး။ ကိုယ့်အားကိုယ်ကိုးပြီး “တိုက်ရင်းနဲ့ ထုတ်လုပ်၊ ထုတ်လုပ်ရင်းနဲ့ တိုက်” တဲ့ လမ်းစဉ်ကသာ တော်လှန်ရေးကို ဆယ်စုနှစ်တစ်ခုအထိ ခံနိုင်ရည်ရှိစေမယ့် သော့ချက်ဖြစ်ပါတယ်…။
အချိန်ကြာလာတာနဲ့အမျှ တော်လှန်ရေးဆိုတာ လက်နက်ချင်းပြိုင်တဲ့ပွဲတင် မဟုတ်တော့ဘူး၊ စီးပွားရေးပြိုင်ပွဲလည်း ဖြစ်လာပြီ၊ Buddy ဆပ်ပြာက စစ်မြေပြင်က ရဲဘော်တွေရဲ့ ချွေးနံ့ကို ကိုယ်စားပြုတယ်၊ NUG ရဲ့ ထီလက်မှတ်က စစ်ဘေးရှောင်ကလေးတစ်ယောက်ရဲ့ ပညာရေးကို ကိုယ်စားပြုတယ်…။
ဒီလို “ပြည်သူ့စီးပွားရေးနဲ့ ပြည်သူ့တော်လှန်ရေး” ပေါင်းစပ်သွားမှသာ အာဏာရှင်စနစ်ကို အမြစ်ကနေ တွန်းလှန်နိုင်မှာပဲဖြစ်တယ်။ ပင်ပန်းပေမယ့် လမ်းမဆုံးဘူး၊ အောင်မြင်တဲ့အထိ တိုက်ပွဲဝင်ကြမယ်…။
အပိုင်း (၅)
ပြာပုံထဲကနေ အနာဂတ်ကို ဘယ်လိုတည်ဆောက်မလဲ
၅.၁) ပြည်တွင်းအင်အားသည်သာ အဓိက
နိုင်ငံတကာက လက်နက်ပေးမလား မျှော်နေလို့မရဘူး၊ သမိုင်းက သင်ပေးပြီးပြီ။ ဒါကြောင့် တော်လှန်ရေးအင်အားစုတွေဟာ ကိုယ်ထူကိုယ်ထစနစ်ကို ပိုခိုင်မာအောင် လုပ်ဆောင်လာနေကြပြီ…။
3D Printer နဲ့ MA1 ကျည်ဆန်၊ Drop Bomb ထုတ်တာ၊ မိုင်းထုတ်တာတွေကို မြို့နယ်တိုင်း လုပ်လာနိုင်ပြီ..။ စစ်ကောင်စီအုပ်ချုပ်လို့မရတော့တဲ့ မြို့နယ် ၁၅၀ ကျော်မှာ NUG-PDF-ပကဖ က အခွန် ကိုယ်တိုင်ကောက်ပြီး ဒေသဖွံ့ဖြိုးရေး၊ စစ်ရေးအတွက် ပြန်သုံးနေတယ်…။ စစ်ဘေးရှောင်တွေကို ပြောင်းဖူးတောင်ယာစိုက်ပျိုးခိုင်းပြီး ရိက္ခာဖူလုံအောင် လုပ်နေတယ်။ “လက်နက်ကိုင်ရင်း ထွန်ယက်ရင်း” ဆိုတဲ့ ပုံစံမျိုးပဲဖြစ်တယ်။
၅.၂) နောင်မျိုးဆက်တွေ စစ်မကြုံစေဖို့
ငါးနှစ်တာ တိုက်ပွဲရဲ့ အဓိကရည်မှန်းချက်က “အာဏာရှင်စနစ် အမြစ်ပြတ်ရေး” ပါပဲ။ စစ်တပ်က အာဏာသိမ်းတိုင်း ပြည်သူတွေ ပြာပုံဘဝ ရောက်ရတဲ့ သံသရာကို ဖြတ်တောက်ပစ်ဖို့ပဲ…။
အဲဒီအတွက် စစ်ရေးအောင်ပွဲတင် မပြီးဘူး…။
တရားမျှတမှုပြန်လည်ရှာဖွေဖို့အတွက် မီးရှို့ခဲ့တဲ့သူတွေ၊ အမိန့်ပေးတဲ့သူတွေကို နိုင်ငံတကာခုံရုံးတင်နိုင်ဖို့ သက်သေတွေ စုဆောင်းနေရတယ်…။
ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့အတွက် ဗမာအပါအဝင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရှိတဲ့ စနစ်ကို တည်ဆောက်မှ နောက်ထပ် စစ်ပွဲမဖြစ်မှာဖြစ်တယ်။ စိတ်ဒဏ်ရာကုစားရေးအတွက်လည်း စစ်ပြီးရင် ရွာပြန်တည်ရုံနဲ့ မရဘူး၊ ကလေးတွေရဲ့ စိတ်ထဲက စစ်ပွဲကိုပါ ကုစားပေးရမယ်…။
အပိုင်း(၆) နိဂုံး
အညာက နေမင်းကြီး
အညာမှာ ပြောတဲ့စကားရှိတယ်၊ “နွေခေါင်ခေါင် ရေရှားပေမယ့် အညာက ထန်းပင် မသေဘူး” တဲ့ဗျ။ အမြစ်က အစိုဓာတ်ကို ရှာပြီး ရှင်သန်နေတာမျိုးပေါ့…။
ဒီနေ့ အညာမြေပြင်မှာ ရွာတွေ မီးလောင်တယ်၊ လူတွေ ထွက်ပြေးရတယ်၊ ထောက်ပို့ငွေ နည်းလာတယ်၊ ပင်ပန်းတယ်၊ ငြီးငွေ့တယ်….၊ ဒါအမှန်ပဲဖြစ်တယ်။
ဒါပေမယ့် ၂၀၂၁ ကတည်းက ကိုင်စွဲခဲ့တဲ့ “စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ” ဆိုတဲ့ အစိုဓာတ်ရှိနေသရွေ့ ဒီတော်လှန်ရေး မသေဆုံးပါဘူး…။
မီးရှို့ခံရတဲ့ ကျေးရွာတိုင်းက ပြာပုံဟာ သက်သေပဲ၊ စစ်ဘေးရှောင်တဲတိုင်းက မျက်ရည်ဟာ သစ္စာပဲ၊ ကျဆုံးသွားတဲ့ ရဲဘော်တိုင်းရဲ့ သွေးဟာ နောင်မျိုးဆက်အတွက် ပေးဆပ်မှုပါပဲ…။
အာဏာရှင်တွေ အမြစ်ပြတ်တဲ့အထိ၊ နောင်မျိုးဆက်တွေ စစ်ကို မကြုံရတဲ့အထိ၊ အညာက နေမင်းကြီးဟာ ပြာပုံတွေကြားကနေ ဆက်လက်ထွန်းတောက်နေဦးမှာပါပဲ၊ တိုက်ပွဲရှိရင် အောင်ပွဲဆိုတာရှိရပါမယ်၊ စစ်အာဏာရှင်စနှစ် ပြတ်သုန်းစေရမည်၊ အရေးတော်ပုံ အောင်ရမည်…။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
