86
ညီလင်းအိမ်
“မိစ္ဆာလိုက်ပွဲ”
ရက်တွေကို မျှောလိုက်ရတာ ခဗျားရဲ့ စိတ်ထဲမှာ သက်တောင့်သက်သာဖြစ်ရဲ့လား။ ကျနော်အိပ်နေကျ အခန်းလေးရှေ့က တံခါးကို လှပ်ထားပေမဲ့ လေအေးလေးတွေ တိုးဝင်မလာတာ။ ဒီဇင်ဘာက နှင်းတွေနဲ့ သီဖွဲ့ရမယ့် လဖြစ်ပေမဲ့ မိုးစက်အမှုန်အမွှားတွေလောက်ပဲ ဖုံဖုံဖွာဖွာကျနေတာ။ မြူဆိုင်းကောင်းကင်က ဆီဂျီးပါးဝနေတဲ့ ဒယ်အိုးဖုံးတချပ် ပစ်တင်ထားသလို ညစ်ထေးထေးဖြစ်နေတာတွေ။ လူအများစုရဲ့ စိတ်တွေက ဘယ်အရာထဲမှာပဲ နစ်မြှုပ်ပစ်ရင်း အချိန်တွေရဲ့ ခက်ထန်မာကျောမှုတွေကို ဘယ်လိုမျိုချစားသုံးပစ်နေကြသလဲ ကျနော်သိလိုလှပေမဲ့ ယဉ်ကျေးမှုအရ ဒါတွေကို ထားခဲ့လိုက်ပါသည်။
ဘဝထဲက လူဖြစ်ရသမျှ အချိန်တွေက တဖြည်းဖြည်းကွဲအက်ရင်း လူကို ထိရှသလို ဖြစ်လာပေမဲ့ အီရန် ရုပ်ရှင်အနုပညာတွေထဲကို ထိဝင်နေရတဲ့အချိန်မှာတော့ အဲဒီစဉ်းငယ်မျှ မျောလွင့်ရမှု ပီတိဖြစ်ရမှုတွေအတွက်တော့ ကိုယ့်ရဲ့နာကျင်မှုတွေ။ တရက်တရက် ရေဆွတ်ခံထားရတဲ့ စက္ကူဖြူသားတရွက်ရဲ့ အိပင်လေးလံကျပြီး နစ်မြုပ်ရတဲ့ ကိုဆွေစာသားထဲက မိမိဘဝတွေအတွက်တော့ သူရို့အနုပညာထဲကို တိုးဝင်ခံစားရတဲ့ခဏမှာ ယင်းစက္ကူဖြူသားကလေးက ခေတ္တတဒင်္ဂမျှတော့ ပေါ့ပါးခွင့် ရဦးမယ် ထင်ပါရဲ့။
Holy Spider အီရန်ရုပ်ရှင်က 2022 ရဲ့ ကြည့်ရသမျှ ရုပ်ရှင်ထဲမှာ စိတ်ကျေနပ်ဆုံး ဖြစ်ရတဲ့ ရုပ်ရှင်နဲ့ တွေးမိတိုင်းလည်း ရယ်မောရွံရှာရမယ့် ကိုယ့်အညာဘက်လူတွေ ပြောတဲ့ ပူနွေးအေးစက် ဖြစ်ရတဲ့ ဇာတ်လမ်းပေါ့။ ဒီရုပ်ရှင်က လက်ရှိတိုးတက်နေပါပြီဆိုတဲ့ ခေတ်တိုင်အောင် ဖိနှိပ်ခွဲခြားခံရတဲ့ အမျိုးသမီးတွေရဲ့ ဘဝကို ပြသတဲ့ ရုပ်ရှင် ဖြစ်တယ်။ အနုပညာသည်တွေကတော့ ဖြတ်သန်းခဲ့ရသမျှ မြင်ထောင့်အမျိုးမျိုးကနေ ပြတဲ့ ဖိနှိပ်မှုတွေထဲက တခုဆိုပါတော့။ တရုတ်တို့ဘက်တွေက ရှေးယခင်က အမျိုးသမီးတွေ မိန်းမတွေဆိုရင် သားမွေးစက်သာသာပဲ သဘောထားတာ။ အရွယ်ရောက်လာတာနဲ့ နွားမတကောင်ကို မွေးဘက်ပေးသလို ပိုက်ဆံရှိ လူကုံတန် အမျိုးသားတွေဆီကိုပဲ အပ်နှံပေးစားပစ်လိုက်တာမျိုးတွေ စလို့ပေါ့လေ။ အဲဒီကနေ ဘာသာရေးအရ မိန်းမဆိုရင် ဘုရားဆုပန်ခွင့် မရှိဘူး။ ဒီဘုရားမြေကို မိန်းမတွေခြေနဲ့ ထိခွင့်မရှိဘူး။ ထဘီတန်းအောက် ဝင်မိလို့ ဘုန်းနိမ့်ရတဲ့ ယောက်ျား (အခြားတဖက်မှာတော့ မိန်းမတွေရဲ့ ကျင်ငယ်ရည်နံနဲ့ မိန်းမကိုယ်က စီးထွက်လာတဲ့ အနံ့အသက်တွေ စွဲကပ်နေတဲ့ အတွင်းခံအထည်တွေကို ရှုအိပ်ရမှ မျက်နှာပေါ်ခြုံအိပ်ရမှ နေလို့ထိုင်လို့ကောင်းတွေ ပုရိသတွေ ရှိနေတယ်) စသဖြင့် ဘာသာတရားဆိုတာကနေ မိန်းမဖြစ်နေမှုကိုလည်း ဖိနှိပ်လိုက်ကြပြန်ပါတယ်။
ယခု ရုပ်ရှင်ထဲက Holy Spider လို့ တင်စားညွှန်းဆိုကြတဲ့ ကွင်းဆက်လူသတ်သမားကတော့ အီရန်မှာ တကယ်ရှိခဲ့တာပါ။ 2000-2001 ခုနှစ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အီရန်ရဲ့ ဘာသာရေးအထွဋ်အမြတ်ထားရာ မက်ရှဟတ်မြို့မှာရှိတဲ့ ပြည့်တန်ဆာမတွေကို လိုက်လံသတ်ဖြတ်တဲ့ Saeed Hanaei ဆိုသူအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ကြည့်ရတော့ ဖင်ချာရဲ့ Seven ထဲက ဘာသာကြောင် ဆိုက်ကိုပတ်ကိုလည်း သတိရမိသွားပါသေးတယ်။ ဒီလူကလည်း ထိုနည်းနှင်နှင်ပါပဲ။ သူ့ကိုယ်သူ ဘာသာတရားရဲ့ တမန်တော်သဖွယ် ခံယူရင်း ဒီပြည့်တန်ဆာ အမျိုးသမီးတွေဟာ ဘုရားမကြိုက်တဲ့ အပြစ်သားတွေ ဖြစ်နေလို့ ရှင်းလင်းရတာ ဖြစ်တယ်လို့ ဖွင့်ဟပါတယ်။ သူက ဒီထဲမှာ ဆယ့်ခြောက်ယောက်အထိတောင် လုပ်ကြံသတ်ဖြတ်ပစ်ခဲ့တာ ဖြစ်တယ်။
ဒီလို ဖြစ်ရပ်မှန်ကို ပြန်ရိုက်ပြတဲ့ ဒီရုပ်ရှင်မှာကျတော့ ဒါရိုက်တာဖြစ်သူက သားကောင်နဲ့မုဆိုးလို ဖြစ်သွားတဲ့ ဆိုက်ကိုပတ်ကားတွေကဲ့သို့မျိုး ကြည့်ရသူတွေအကြား သည်းထိတ်ဖို ဖြစ်ရတဲ့ ရှု့ထောင့်ကို ပြသတာမျိုးမဟုတ်ပါဘူး။ ဒီထဲမှာဆိုရင် သတ်ဖြတ်သူ ဘာသာကြောင်ဟာ လူသတ်မှုတွေကို ခပ်လွယ်လွယ်ကလေးပဲ ကျုးလွန်နေတာ ဖြစ်ပါတယ်။ အီရန်မှာ ဘာသာတရားတွေ၊ ဥပဒေတွေနဲ့ ဖိနှိပ်ကာဆီးထားတာဖြစ်တော့ အကြောင်းအမျိုးမျိုးကြောင့် ပြည့်တန်ဆာဘဝကို ရောက်ကြရတဲ့ အမျိုးသမီးတွေခမျာမှာ ဥပဒေဘက်တော်သားတွေဆီက ဘာအကာအကွယ်မှ မရနိုင်ပါဘူး။ ဒီတော့ ခိုးကြောင်ခိုးဝှက်နဲ့ပဲ ဖောက်သည်တွေလိုက်ရှာရင်း ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်ကြရတယ်။
သူတို့တွေကို ရှင်းလင်းသူ ဘာသာကြောင်
အတွက်တော့ သားကောင်ရှာရတာ ခပ်လွယ်လွယ်ပါပဲ။ ညဦးပိုင်းရောက်ရင် သူတို့တွေကျင်လည်ကျက်စားရာကို ဆိုင်ကယ်တစီးနဲ့သွားမယ်။ ပြီးရင် အသာခေါ်သွားမယ်။ သီးခြားရှိတဲ့ သူ့တိုက်ခန်းဆီကို ခေါ်သွားရင်း လည်ပင်းညှစ် ရှင်းလင်းပစ်တာဖြစ်တယ်။ ပြီးရင် ဆိုင်ကယ်ပေါ်ကို တင်ပြီး တနေရာကို စွန့်ပစ်လိုက်တာ ဖြစ်ပါတယ်။
ဒါရိုက်တာက ဒီထဲမှာ အီရန်လူ့အဖွဲ့အစည်းရဲ့ မျက်မုန်းကျိုးခံရတဲ့ ဂျာနယ်လစ်အမျိုးသမီး ဇာတ်ကောင်နေရာကနေ သူပြောချင်တဲ့ ရှု့ထောင့်ကို ပြပါတယ်။ ရဲတွေကိုယ်တိုင်ကလည်း တကယ်သာအမှုလိုက်မယ်ဆိုရင် ဒီအမျိုးသမီးတွေကို သတ်ဖြတ်နေသူကို ဖမ်းဆီးဖို့ဆိုတာ ခဲယဉ်းတဲ့ အခြေအနေ မဟုတ်ပေမဲ့လည်း ပြည့်တန်ဆာမတွေပဲကွာ သေသွားအေးတာပဲ ဆိုတဲ့ သဘောမျိုးကိုပဲ မြင်ရသလို အဲဒီက သားကောင်အဖြစ် စတေးခံရတဲ့ အမျိုးသမီးတွေရဲ့ မိဘတွေကိုယ်တိုင်ကအထိ တရားမျှတမှုမရတဲ့ ဥပဒေအခြေအနေကို လက်ညှိုးထိုးဖို့ထက် ဆုံးပါးသွားရတဲ့ မိမိတို့ရဲ့ သားသမီးဖြစ်သူကိုပဲ ပြစ်တင် နာကျင်နေကြရတဲ့ အခြေအနေတွေကိုလည်း ရင်နာစဖွယ် မြင်ရပါတယ်။ ကျနော်တို့ တိုင်းပြည်က လင်ကွဲမယားကွဲ ကိစ္စတွေဖြစ်ရင် အမျိုးသမီးကိုပဲ တရပ်ကွက်လုံးက လက်ညှိုးဝိုင်းထိုးကြသလိုပေါ့။ ညည်း ကမျဥ်းပြီး သူများလင်ကို ကြောင်တောင်နှိုက်လို့ ဖြစ်ရတာဆိုပြီး ဖိုသတ္တဝါများရဲ့ မှားယွင်းကျုးလွန်မှုကိုတော့ မျက်ကွယ်ပြုလိုက်ကြပြီး အခြားတဖက်ကိုပဲ တဖက်စောင်းနင်း ဖိနှိပ်တာမျိုးဖြစ်တယ်။ အဲလို ဖိနှိပ်ပြောဆိုမှုတွေကို အမျိုးသမီးထုက လူအများစုကပါ အားတက်သရော ထောက်ခံပါဝင်ကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီအီရန်က လူ့အဖွဲ့အစည်းကလည်း ထိုနည်းနှင်နှင်ပဲ ဆိုတာကို ယခုရုပ်ရှင်ထဲမှာ ပြဆိုထားတယ်။
နောက်ဆုံးမှာတော့ အမှုကို လိုက်ပါစုံစမ်းတဲ့ အမျိုးသမီး ဂျာနယ်လစ်ဖြစ်သူမှာ ရဲတွေရဲ့ ကူညီမှုရဖို့ဝေးစွ။ ရဲအရာရှိဖြစ်သူရဲ့ ထိကပါး ရိကပါး လုပ်မှုကိုတောင် ခံရတဲ့အခါမှာ သူမကိုယ်တိုင်ပဲ ပြည့်တန်ဆာအသွင်ယူပြီး သတ်ဖြတ်မှုတွေ ကျူးလွန်နေသူကို ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းရတော့တာ ဖြစ်ပါတယ်။
အံ့အားသင့်စရာက ယခုအမှုတွေကို ကျူးလွန်သူ ဘာသာကြောင်ဟာ လုံးဝမှာ နောင်တတရားတွေ။မိမိလုပ်ရပ်အတွက် မှားယွင်းနေတဲ့အကြောင်းတွေကို လက်ခံမြင်သိသွားတဲ့အပြုအမူကို လုံးဝမှ မတွေ့မြင်ရတာပဲ ဖြစ်တယ်။ သူ့ရဲ့ စကားသံတွေထဲမှာ ခုလို သတ်ဖြတ်ရမှုအတွက် ဘုရားဖြစ်သူရဲ့ ထောက်ခံမှုကို အပြည့်အဝရနေကြောင်း ယုံကြည်တဲ့ပုံကို ပြနေတယ်။ သူ့လုပ်ရပ်က မှန်ကန်တဲ့အကြောင်း ဂုဏ်ယူရင်း နှစ်ထောင်းအားရဖြစ်နေတာကို မြင်ရတယ်။ ခေါ်လာတဲ့ အမျိုးသမီးတွေကို မစင်ဘင်ပုပ်သဖွယ် အင်မတန်မှ ရွံရှာမုန်းတီးနေတဲ့ အမြင်ကို တွေ့ရတယ်။ ကာမဆက်ဆံခြင်း မပြု။ နောက်ဆံတင်းမှုကင်းစွာနဲ့ပဲ ယင်းအမျိုးသမီးတွေကို ရက်စက်စွာ ညှင်းပန်း သတ်ဖြတ်ပစ်တာ ဖြစ်တယ်။
ကျနော်တို့ကြည့်ရှ့သူပရိသတ်တွေမှာတော့ လိုက်ပါစုံစမ်းသူ အမျိုးသမီးရဲ့ အမြင်ကနေ မြင်ရတဲ့အခါ စိတ်ပျက်ရွံရှာဖွယ်ရာ လူ့အဖွဲ့အစည်းကြီးကို မြင်ကြရတယ်။ ဆင်းရဲ ခေါင်းပါးလွန်းလို့ ရွေးချယ်စရာဘဝမရှိတော့လို့ ခုလို ပြည့်တန်ဆာဘဝထဲကို ရောက်ကြရတဲ့ အမျိုးသမီးတွေကို သနားနားလည်ဖို့ဝေးစွ။ သူတို့ကို ညှင်းပန်းသတ်ဖြတ်တဲ့ လူသတ်သမားကိုပဲ သူရဲကောင်းကြီးသဖွယ် ဂုဏ်ပြုကြသတဲ့။ အဲဒီ ဘာသာကြောင်ရဲ့ သားကလေးကစလို့ ဇနီးဖြစ်သူကစလို့ သူ့ကို နာကျင်ရွံရှာဖို့ မပြောနဲ့။ ဂုဏ်ယူထောက်ခံရင်း သူ့ဘက်ကပဲ မားမားမတ်မတ် ရပ်တည်ပေးပါသတဲ့။
ဒီထဲက အမျိုးသမီးဂျာနယ်လစ်နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Zar Amir Ebrahimi ကတော့ ပါဝင်ရတဲ့ ဇာတ်ရုပ်အတွက် ပီပြင်လွန်းလှလို့ ၂၀၂၂ ရဲ့ ကန်းစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရပါတယ်။ ရုပ်ရှင်ကတော့ ထုံးစံအတိုင်း အီရန်က တာဝန်ရှိသူတွေက ဘန်းထားပါတယ်။
ရုပ်ရှင်ရည်ညွှန်း- Holy Spider Movie (2022)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
