အညာ

ညီ​ဇော်

by The Call
1 views
“အညာ”
■ ညီ​ဇော်
၁၀ နှစ်အကြာမှ ကျ​နော် အညာကို ပြန်ရောက်သည်။ နွေဆန်းပြီဖြစ်၍ အညာရဲ့ မြေနီလမ်းတွေဟာ ဖုန် တသောသောနှင့် ရှိရော့သည်။ တပေါင်းလထဲ ရောက်ပြီဆိုတော့ မန်ကျည်းတွေ မှည့်ပြီ၊ တမာတွေ ရွက်နုပျိုးပြီ၊ ဆီးသီးတွေလည်း မှည့်၀င်းနေကြပြီ။ ဟိုမှ ဒီမှ တေးဆိုနေတဲ့ ငှက်လေးတွေ တွေ့ရသည်။ ဥဩတွေတော့ လွမ်းတေး မဆိုကြသေး။
မြိုင်နယ်ထဲ ရောက်သည့်အခါ ဆရာမြသန်းတင့်ကို အမှတ်ရသည်။ တမာနုချိန် စစ်တမ်းကို အောက်မေ့သည်။ ထန်းရည်မူးနေသည့် ဆက်ရက်တွေများ ကျူးကျော်တဲ ဆောက်နေကြမလား အမှတ်တမဲ့ ရှာဖွေမိသည်။ ပေါက်ပင်တွေကတော့ စိုရဲပြီး လှလှပပ ပွင့်ဖူးနေကြပြီ။
“နွေနတ်သမီးက မြူဇာပဝါပါးကို နေလှန်းချိန်” ကို ကျော်လွန်ခဲ့ပြီ။ မြူဇာပဝါဟာ ပါးသထက် ပါးလာပြီး နွေနတ်သမီးရဲ့ စူးရဲတဲ့ တံလျှပ်ကို စတင်ခံစားကြရပြီ။ ည ရဲ့ အအေးဓာတ်တွေ ‌လျော့ကျပြီး နေ့ ရဲ့ အပူကဲ ချိန်မှ ကျ​နော် အညာကို ပြန်ရောက်ခဲ့ပြီ။
ဒီအချိန်ဟာ လွန်ခဲ့သော ၁၀ နှစ်ကလို ပေလမ်းတွေပေါ်က ခရီးသွားလို့မရတော့။ အာဏာရှင်ကို ကွေ့ကွင်းပြီး ရွာချင်းဆက် လမ်းတွေကနေ ခရီးနှင်ရသည်။ ထန်းပင်ကြားက လာတဲ့ ထန်းဆော်လေဟာ အရင်လို မအေးတော့။ လေယာဉ် ဆော်ဩသံတွေ နားထောင်ရင်း အိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ အခိုင်အမာ ဆောက်ထားရသည်။ အထုပ်အပိုးတွေ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရသည်။
ရွာထဲ စကစ စစ်ကြောင်း၀င်သည့်အချိန် ပြေးချိန်မရလို့ ဖမ်းခံခဲ့ရသည့် လူငယ်အမျိုးသမီးတယောက်က သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။
“ကျမဖြင့် ဘယ်နှစ်ခါတောင် မမှတ်မိတော့ဘူး။ ပါးတွေရိုက်ခံရတာ အသေပဲ။ သတိပြန်လည်လာရင် ထပ်ရိုက်၊ ကျမလည်း သတိလစ်”
သူက ရယ်ရယ်မောမောဖြင့် ဆက်ပြီးပြောပြသည်။
“သူတို့က ကျွန်မကို CDM လုပ်ထားတဲ့ ဆေးဆရာမ၊ ရွာတွေမှာ ဆေးလိုက်ကုပေးနေတယ်လို့ ၀န်ခံစေချင်တာ။ ကျမလည်း မဟုတ်‌တော့ မဟုတ်ဘူးပဲ ပြောတာပေါ့။ ကျမက ဒီရွာသူပဲလေ”
“ကျမဖြင့် ဒီတခါတော့ အသေပဲလို့ တွက်ထားတာ။ သူတို့လည်း ကျမ သေပြီထင်ပြီး ရွာလမ်းဘေးမှာ ပစ်ထားသွားကြတာ။ သတိလစ်ပြီး ရွာလမ်းဘေးမှာ ခွေခွေလေး ကျန်ခဲ့တာပဲ။ ကျမ တင်ပါးတွေမှာ ရိုက်ခံထားရတဲ့ ဒဏ်ရာတွေ ခုချိန်ထိရှိသေးတယ်။ သူတို့ပြန်သွားတော့ တလလောက် မထိုင်နိုင်ဘူး”
သေလု သေခင် အတွေ့အကြုံ‌တွေကို ရယ်ရယ်မောမော ပြောပြတတ်သည့် အညာလူထုရဲ့ သတ္တိဟာ နွေနတ်သမီးရဲ့ တံလျှပ်တွေလို စူးရဲလှသည်၊ ခိုင်မာ ပြတ်သားလှသည်။ မငတ်ရုံတမယ် စစ်ဘေးရှောင်ရင်း နိုင်သမျှကိုလည်း တော်လှန်ရေးအတွက် ထည့်၀င်ကြသည်။
အညာလူထုရဲ့ စား၀တ်နေရေးဟာ စိုက်ပျိုးသီးနှံတွေပေါ် အားထားရသည်။ တနှစ်ပြီး တနှစ် ခက်ခဲလာကြသည့် စား၀တ်နေရေးကို အညာရဲ့ သဘာ၀က တဖက်တလမ်းကနေ ဖြည့်တင်းပေးနေရသည်။ တပို့တွဲ ကုန် တပေါင်းလတွေဆို မန်ကျည်းတွေ၊ ဆီးတွေ မှည့်ကြပြီ။ ထန်းပင်က ထန်းရည်ချိုတွေ ရကြပြီ။
ရွာလမ်းတလျောက် မန်ကျည်းသီးစွတ်နေကြသည့် အမယ်အိုတွေ၊ ကလေးတွေကို ကြိုကြား ကြိုကြားတွေ့ရသည်။ ယောက်ျားသားတွေဟာ မန်ကျည်းပင်ပေါ်ကနေ မန်ကျည်းသီးတွေကြွေအောင် လှုပ်ချကြသည်။ ကလေးများနှင့် အမယ်အိုတွေ၊ အမျိုးသမီးတွေဟာ ကြွေကျလာသည့် မန်ကျည်းသီးတွေ ကောက်ကြ၊ သိမ်းကြသည်။ တချို့ မန်ကျည်းပင်တွေဟာ တော်တော်မြင့်သည်။ “မန်ကျည်းတညှို လူတကိုယ်” လို့ ဆိုသော်ငြားလည်း ကိုင်းဖျား ကိုင်းနားလောက်ထိ တွယ်တက်ပြီး ခါယမ်း လှုပ်ချရသည်မှာ အသည်းယားစရာပင်။
မန်ကျည်းပင်ကြီးသည့်အခါ တပင် ဆွတ်ဖို့ နှစ်ရက်လောက် ကြာလေ့ရှိသည်။ မန်ကျည်းပင် တက်မည့်သူကို ရွာထဲကနေ လူငှားရသည်။ ပြီးခဲ့သည့် နှစ်က မန်ကျည်း ဈေးကောင်းခဲ့သည်။ ဈေးကောင်းသည့် နှစ်တော့ မန်ကျည်းပင်တက်ဖို့ လူငှားရာတွင် နံနက် ၇ နာရီလောက်မှ နေ့လယ် ၁၂ လောက်ထိဆို သုံးသောင်းကျပ်ပေးရသည်။ ဒီနှစ်တော့ မန်ကျည်းဈေးမကောင်းဟု သိရသည်။ အပင်တက်သူကို ပိုက်ဆံမပေးနိုင်။ ရလာသည့် မန်ကျည်းသီးကို ပိုင်ရှင်နှင့် တ၀က်စီ ခွဲယူကြရသည်။
အကြောသင်ပြီး အစေ့မထုတ်ဘဲ ရောင်းရင် ၁ ပိဿာ ၂၅၀၀-၃၀၀၀ လောက်ရသည်။ အစေ့ထုတ်ပြီး အသားဆို ၄၀၀၀-၄၅၀၀ လောက်ရသည်။ မန်းကျည်းပင် ပေါသည့်အိမ်ဆို အချိန် လေးရာမှ ငါးရာလောက်ထိ ရသည်။ မန်ကျည်းသီးတွေကို ဆာလာအိတ်နဲ့ ထည့်ပြီး မြို့ပေါ်တက်သည့် ကားတွေနှင့် ဒိုင်တွေဆီ ပို့ရသည်။
ပူလွန်းလှသည့် နွေရာသီမှာ မန်ကျည်းဖျော်ရည် အေးအေးလေးသောက်လိုက်ရရင် အင်မတန်အမောပြေပြီး ၀မ်းအတွက်လည်း အထောက်အကူဖြစ်စေသည်။ မြိုင်ဒေသမှာတော့ ထန်းရည်မြူအိုးထဲ မန်ကျည်းမှည့်နှင့် ထန်းလျှက်ကို ရေနှင့် စိမ်ပြီးထားလေ့ရှိသည်။ ထန်းလျှက်နှင့် မန်းကျည်းဟာ တဖြေးဖြေး အရေပျော်ပြီး မြူအိုးရဲ့ အအေးဓာတ်‌ဖြင့် သဘာ၀ ချိုချည်အေး ဖျော်ရည်လေးရသည်။ နွေနတ်သမီးရဲ့ တံလျှပ်ကို မန်ကျည်းဖျော်ရည်ဖြင့် အံတုရန် လုံးပန်းကြရသည်။
ခါတော်မီ ဆီးသီးတွေလည်း လမ်းတလျောက် ၀င်း၀င်းတောက်အောင် သီးကြသည်။ ဆီးသီးတွေဟာ ၁ တင်းကို ၁၅၀၀၀ လောက်ရသည်ဆို၏။ အိမ်မှာစားဖို့ ဆီး အချိုသီးတွေကို ယိုထိုးတတ်ကြသည်။ တချို့က ဆီးသီးကို အစေ့ထုတ်ပြီး နေလှန်းသည်။ ဆီးသီးခြောက်သည့်အခါ မှုန့်နေအောင်ထောင်းပြီး ကြိုထားသည့် ထန်းလျှက်အိုးထဲ ထည့်ပြီး ကြိုရသည်။ ထို့နောက် စိတ်ကြိုက်အနေအထားဖြစ်အောင် လုံးပြီး ဆီးထန်းလျှက် လုပ်ကြလေသည်။
မန်ကျည်းတလှည့်၊ ဆီးတလှည့်လို့ ဆိုသော်ငြား တပေါင်းလမှာ မန်ကျည်းကော ဆီးကော ဝေနေအောင် သီးနေကြပြီ။ နာရီပေါင်းများစွာ ဆိုင်ကယ်စီးလာရင်း ကျ​နော် တမာပင်အောက် ထိုးရပ်လိုက်သည်။ အုပ်စိုင်းနေသည့် တမာပင်ကြီးဟာ အေးမြနွေးထွေးစွာ စီးပွေ့ကြိုဆိုနေသည်။ တမာတွေ မပွင့်သေးသော်လည်း တမာရနံ့တွေဟာ သင်းပျံ့စွာ ကြိုင်လှိုင်နေသည်။ ခန္ဓာကိုယ်ပေါ်ရှိ ဖုန်တွေကို ခါထုတ်ပြီး ထန်းတောကြားက တိုးခွေ့ပြေး၀င်လာသည့် လေနုအေးကို ကျ​နော် အားပါးတရ ရှုရှိုက်မိသည်။ စူးရဲလှသည့် တံလျှပ်တွေကနေ တမာရိပ်ဟာ ခိုနားသူအတွက်တော့ အေးမြမှုကို ပေးမြဲပင်။
အညာရဲ့ သဘာ၀ဟာ လှသည်။ ကျ​နော်ဟာ အညာရောက်ရင် ကိုယ့်အိမ်ပြန်ရောက်သလို ခံစားရသည်။ ၁၀ နှစ်ကြာပြီးမှာ ကျ​နော်ပြန်ရောက်သည့် အညာဟာ အံတုရင်ဆိုင်စရာတွေ ပြည့်နှက်နေသည်။ ရှုပ်ထွေးပွေလီမှုတွေကြား အညာလူထုဟာ ရဲရင့်ပြတ်သားမြဲဖြစ်သည်။
တမာတွေ ကြွေပြီးသွားရင် ပြန်ဝေကြရမည်။
ဥဩငှက်တွေ တွန်သံကြူးရမည်။
မန်ကျည်းဖျော်ရည်ဟာ အမောပြေစေရမည်။
အင်ကြင်းနီ အပျိုပေါက်တွေ နှုတ်ခမ်းဆိုးဆေးကို ရဲရဲတောက်အောင် ဆိုး‌တတ်ရမည်။
လူထုရဲ့ အိမ်ပြန်လမ်းတွေဟာ အရှေ့တံခါးမှ ဖောက်ကြရမည်။
၁၀ နှစ်ကြာပြီးမှ ပြန်ရောက်ရသည့် အညာဟာ လှမြဲတိုင်း လှနေဆဲပင်။
၁ ရက်၊ မတ်လ၊ ၂၀၂၆

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment