ချစ်တယ်ပြောဖို့ နှုတ်နှေးခဲ့တဲ့ အများဆိုင်နာမ်

ကက်စပီယံ

by The Call
1 views
“ချစ်တယ်ပြောဖို့ နှုတ်နှေးခဲ့တဲ့ အများဆိုင်နာမ်”
◾ ကက်စပီယံ
(၁)
ကတုတ်ကျင်းဘေးက ဗွက်အိုင်ထဲမှာ မိုးစက်တွေ တဖျောက်ဖျောက်ကျနေတယ်။ ကင်းစောင့်နေရင်း လက်ထဲက သေနတ်ဒေါက်ကို မှီပြီး အဝေးက မှောင်မည်းနေတဲ့ တောင်တန်းကြီးတွေကို ငေးကြည့်နေမိတယ်။ ကျွန်တော် အိမ်ကထွက်လာတာ (၅) နှစ်ရှိပြီ။ အဖေနဲ့ အဆက်အသွယ်ပြတ်နေတာလည်း အတူတူပဲ။ ဒီနေ့က “အဖေများနေ့” တဲ့။ ဆိုရှယ်မီဒီယာပေါ်မှာ အဖေ့ကို ချစ်ကြောင်းတွေ၊ ကန်တော့ကြောင်းတွေ တင်နေကြတာမြင်တော့ ရင်ထဲမှာ တစ်မျိုးကြီးပဲ။ ကျွန်တော်တို့ သားအဖကတော့….။
(၂)
အဖေ့ကို သတိရတိုင်း ဝန်မခံရသေးတဲ့ အမှားတွေက ရင်ဘတ်ထဲမှာ အနည်ထိုင်နေတဲ့ ဖုန်မှုန့်တွေလို ထကြွလာတတ်တယ်။ တစ်ခါက အဖေ အမြတ်တနိုး သုံးနေတဲ့ ဟောင်းနွမ်းနေတဲ့ ရေဒီယိုအိုကြီးကို ကျွန်တော် ပြုပြင်ချင်ယောင်ဆောင်ရင်း ဝါယာကြိုးတွေ ဖြတ်မိပြီး ပျက်သွားဖူးတယ်။ အဖေက နှမြောတသနဲ့ ကြည့်နေတုန်း ကျွန်တော်က “အဖေ မသိရင် ဝင်မကိုင်ပါနဲ့လို့ပြောနေတာကိုဗျာ။ ကြည့်…အခု အဖေ လုပ်လို့ ပြင်မရတော့ဘူး” ဆိုပြီး ကိုယ့်အမှားကို ဖုံးဖို့ အဖေ့ကို ပြန်အော်ခဲ့မိတယ်။ တကယ်တော့ ကျွန်တော် မှားတာပါ။ အဲဒီနေ့က အဖေ့မျက်နှာ ညှိုးသွားတာကို မြင်ပေမဲ့ တောင်းပန်စကားပြောဖို့ ကျွန်တော့်မာနက ခွင့်မပြုခဲ့ဘူး။
(၃)
အဲဒီတုန်းက ကျွန်တော်ဟာ အရမ်းကို အတ္တကြီးခဲ့တာ။ အိမ်က ထွက်လာတဲ့နေ့ကဆို အဖေ အမြတ်တနိုး အမြဲဝတ်လေ့ရှိတဲ့ အင်္ကျီအနွေးထည်လေးကို ကျွန်တော် ဆွဲယူလာခဲ့တယ်။ အဲဒီအချိန်က အဖေ့မေတ္တာနဲ့ နွေးချင်လို့ ယူခဲ့တာ မဟုတ်ဘူး။ ငါမရှိရင် ဒီအင်္ကျီကို ရှာမတွေ့ဘဲ အဖေ နှမြောတသ ဖြစ်နေပါစေ၊ စိတ်အနှောင့်အယှက် ဖြစ်ပါစေဆိုတဲ့စိတ်နဲ့ တမင်ယူလာခဲ့တာ။
ဒါပေမဲ့ အခုတော့…အဖေ့ကို ကျွန်တော် တမ်းတမိတဲ့အခါတိုင်း အဖေ့ကိုယ်ငွေ့တွေ ကပ်ငြိနေသေးတဲ့ ဒီအနွေးထည်လေးကပဲ ကျွန်တော့်ကို မေတ္ထာနဲ့ထွေးလို့ အနွေးဓာတ်ပေးနေတယ်။ အဲဒီနေ့က ယူခဲ့မိတာကိုပဲ ပြန်ပြီးဝမ်းသာနေမိတော့တယ်။ ကျွန်တော့်ရဲ့ အဲဒီအတ္တတွေကို ခွင့်လွှတ်ပေးပါ အဖေ။
(၄)
နောက်ပြီး အဖေက နည်းပညာနဲ့ ပတ်သက်ရင် ကလေးတစ်ယောက်လိုပဲ။ “သား… အဖေ့ဖုန်းထဲမှာ ဘဏ်အကောင့်ထဲက ပိုက်ဆံ ဘယ်လိုကြည့်ရလဲ” လို့ လာမေးရင် ကျွန်တော်က ဂိမ်းဆော့နေရင်း စိတ်မရှည်စွာနဲ့ “အဖေ နားမလည်ပါဘူး၊ ပေးပေး… ကျွန်တော်ပဲ လုပ်လိုက်မယ်” ဆိုပြီး ဖုန်းကို တစ်ညလုံး ယူထားမိတယ်။
တခါကဆို အဖေ့ကို တမင်သက်သက် ချောက်ချချင်တာနဲ့ “အဖေ… Facebook ပေါ်မှာ အဲဒီခလုတ်ကို နှိပ်ရင် ဖုန်းထဲက ပိုက်ဆံတွေ အကုန်ကုန်သွားမှာ” လို့ လိမ်ပြောခဲ့ဖူးတယ်။ အခု ပြန်စဉ်းစားကြည့်မှ အဖေက ကျွန်တော့်အလိမ်အညာတွေကို တကယ်မသိတာ မဟုတ်လောက်ဘူး။ “ငါ့သား ငါ့ကို စနောက်ပြီး ပျော်နေတာပဲ” လို့ အဖေက မေတ္တာနဲ့ အရှုံးပေးပြီး လိုက်ရယ်ပေးခဲ့တာမှန်း အခုမှ ရေးရေးသဘောပေါက်တတ်လာတယ်။ ကျွန်တော့်ရဲ့ ကလေးဆန်တဲ့ အနိုင်ယူမှုတွေကို အဖေက အပြုံးနဲ့ပဲ လက်ခံပေးခဲ့တာပါ။
(၅)
ဒီတောထဲမှာ မိုးမိလို့ ဖျားတဲ့အခါ အဖေ့ကို ပိုလွမ်းတယ်။ ငယ်ငယ်က ဖျားရင် “ဘာမှမဖြစ်ဘူး၊ ခဏနေ ပျောက်သွားမှာ” လို့ အဖေ့ကို အော်ခဲ့ပေမဲ့ အဖေကတော့ တစ်ညလုံး မအိပ်ဘဲ ကျွန်တော့်နဖူးပေါ် ရေပတ်တိုက်ပေးခဲ့တာ။ အခုတော့ ကိုယ့်ဖာသာ ရေပတ်တိုက်ဖို့ နေနေသာသာ၊ သောက်ဖို့ ရေတောင် အနိုင်နိုင် ရှာနေရတဲ့ဘဝမှာ အဖေ့ရဲ့ဂရုစိုက်မှုတွေက ကျွန်တော့်အတွက် တောင့်တမိတဲ့အရာရာ ဖြစ်လို့နေပြီ။
(၆)
တခါက အဖေ့ဆိုင်ကယ် ဘီးပေါက်
လို့ ကျွန်တော့်ကို ပြင်ခိုင်းဖူးတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ထမင်းစားနေတာ။ “အဖေ… ကျွန်တော် ထမင်းစားနေတာ မြင်သားပဲ။ စားပြီးမှ ပြင်ပေးမယ်၊ စောင့်ဦး” လို့ ခပ်ရင့်ရင့် ပြောမိတယ်။ အဖေက အရေးကြီးတဲ့ ဧည့်သည်တယောက်နဲ့ ချိန်းထားတာ ရှိပေမဲ့ ကျွန်တော့်ကိုထမင်းစား မပျက်စေချင်ဟန်နဲ့ “အေးအေး၊ သား… ဖြည်းဖြည်းစား၊ အဖေ စောင့်ပါ့မယ်” တဲ့။ အဖေ အဲဒီနေ့က ဧည့်သည်နဲ့ လွဲသွားခဲ့တယ်။ ကျွန်တော့်ကို တစ်ခွန်းမှ မဆူခဲ့ဘူး။ အခုဒီဘက်မှာ အချိန်ရဲ့ စက္ကန့်တိုင်းကို အသက်နဲ့ရင်းရတဲ့ စစ်သားတစ်ယောက် ဖြစ်လာတော့မှ အဖေ့ရဲ့ အချိန်တွေကို ကျွန်တော် ဘယ်လောက် ဖြုန်းတီးပစ်ခဲ့မိလဲဆိုတာ တွေးပြီး အားနာမိတယ်။ အဖေ့ကို မျက်နှာပူမိတယ် အဖေရယ်။
(၇)
အခုတော့ ကျွန်တော်ဟာ အဖေမသိတဲ့ နည်းပညာတွေလည်း မရှိတော့တဲ့၊ လိုင်းလည်းမမိတဲ့ တောနက်ထဲမှာ ရောက်နေပြီ အဖေ။ ကျွန်တော့ကို အမှန်ပြင်ပေးချင်ပေမဲ့ အဖေက ကျွန်တော့်အနားမှာ မရှိတော့ဘူး။
“အဖေရေ… အဲဒီနေ့က ကျွန်တော်က ဝါယာကြိုးတွေ မှားဖြတ်မိတာပါ”
“အဖေရေ အဲ့ဒီခလုတ်တွေနှိပ်တိုင်း ပိုက်ဆံတကယ်မကုန်ပါဘူး။ ကျွန်တော် တမင်လိမ်ခဲ့တာပါ”
အဖေ့ကို လှောင်ခဲ့တာတွေ၊ အဖေ့အပေါ် မာနကြီးခဲ့တာတွေအတွက် ကျွန်တော် တောင်းပန်ချင်လိုက်တာ။ အခုတော့ အဖေ့ရဲ့ အသက်ရှုသံသဲ့သဲ့​လေး
ကိုတောင် လွမ်းတတ်နေပြီ။
(၈)
ကျွန်တော် မျက်စိမှိတ်လိုက်တိုင်း အဖေ့ကို မြင်ယောင်နေမိတယ်။ မြင်လွှာထဲမှာ အဖေနဲ့ အပြန်အလှန်စကားတွေ ပြောလို့ပေါ့။
“အဖေ… နေကောင်းရဲ့လား။ ကျွန်တော် အိမ်ပြန်လာချင်ပြီ”
“နေကောင်းပါတယ် သားရာ။ သားပြန်ရောက်တဲ့အခါ အဖေ့ကို ဖုန်းသုံးနည်းလေးတွေ ပြန်သင်ပေးဦးပေါ့”
“ဟုတ်ကဲ့ အဖေ… သား ပြန်လာရင် အဖေ မသိတာမှန်သမျှ အကုန်လုံးကို သင်ပေးမှာ။ ဘယ်တော့မှလည်း မလှောင်တော့ဘူး အဖေ”
(၉)
မိုးက သည်းလာပြီ။ ကျွန်တော် သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တယ်။ ဒီအာဏာရှင်စနစ်ကြီး ရှိနေသရွေ့ ကျွန်တော်တို့လို သားအဖတွေဟာ ဝေးကွာနေကြရဦးမှာပဲ။ တစ်ကိုယ်ရည်အကြောင်းပြချက်လို့ပဲ ဆိုဆို၊ ကျွန်တော် ဝန်မခံရသေးတဲ့ အမှားတွေအတွက် ပြန်တောင်းပန်နိုင်ဖို့ ဒီတော်လှန်ရေးကို အမြန်ဆုံး အောင်မြင်အောင် တိုက်ရမယ်။
“အဖေ… သားကို စောင့်နေပေးပါ။ ဒီတစ်ခါ ပြန်လာရင်တော့ သားရဲ့ မာနတွေကို အဖေ့ခြေရင်းမှာ ချထားပြီး အဖေ့ကို ဖက်ထားရင်းနဲ့ ‘သား အဖေ့ကို ချစ်တယ်’ လို့ သေချာပေါက် ပြောပါ့မယ်”
အဖေများနေ့မှာ အဖေ့ကို မကန်တော့နိုင်ပေမဲ့ အဖေ့အတွက် ဂုဏ်ယူစရာ သားတစ်ယောက်ဖြစ်အောင် ကျွန်တော် ဆက်ပြီး တိုက်ပွဲခေါ်နေမယ် အဖေ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment