ဘဝအတွေ့အကြုံ

by The Call
106 views

“စာအုပ်တန်းမှာ လမ်းလျှောက်ခြင်း”

■ ၂၈ ရက်၊ မေလ၊ ၂၀၂၃

စာအုပ်အမည်။ ။ ဘဝအတွေ့အကြုံ
စာရေးဆရာ။ ။ သခင်မြသန်း
နဝရတ်စာပေ မှ ထုတ်ဝေသည်။
၁၉၆၇ ခု၊ (ဇူလိုင်လ)
ပထမအကြိမ်
အုပ်ရေ ၃၀၀၀

စာအုပ်တွင်ပါဝင်သော စိတ်ဝင်စားဖွယ်ခေါင်းစဉ်ငယ််တချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

– စကားနည်းသောသခင်အောင်ဆန်း
– ထောင်တံခါးကိုခေါက်ခြင်း
– ဂျောနီဝါကားတိုက်ပွဲနှင့် အစာငတ်ခံတိုက်ပွဲ
– လက်သီးချက်နှင့်ဆေးတခွက်
– ပြဇာတ်တွင်အသုံးပြုရန် ခွေးဟောင်သံ
– လက်ထိပ်တန်းလန်းနှင့် ဒုတိယတန်းစီးခရီးသည်
– အချုပ်ထည်းရောက်ဖို့အတွက် မိုင်-၂၀
– ခြေလျင်လျှောက်ရခြင်း
– ထောင်တံတိုင်းကိုရိုက်ပုတ်လာသော စစ်မုန်တိုင်း
– ကိုရွှေရိုးတို့ အသွင်တမျိုးနှင့်ဝင်ကြခြင်း
– သခင်စိုးထံမှလာသော သခင်စိုး
– နိုင်ငံရေးလမ်းကြောင်းပေါ်မှစာပေခရီး
– စာနီနှစ်စောင်
– မင်္ဂလာကိစ္စနှင့် ကွန်မြူနစ်သူပုန်
– စံရာထောင်ကျွန်း

‘စာမြည်း’

ကျနော်သည် စာပေလုပ်ငန်းတွင် အယ်ဒီတာအဖြစ် စတင်လုပ်ကိုင်လာခဲ့၏။ စွယ်စုံညနေသတင်းစာ၊ ပြည်သူ့တပ်ဦးဂျာနယ်၊ ရောင်နီဂျာနယ်၊ မီးပွင့်ဂျာနယ်၊ ပြည်သူ့ဂျာနယ်တို့တွင် တာဝန်ခံအယ်ဒီတာအဖြစ် လုပ်ကိုင်လာခဲ့၏။ သို့သော် ကျနော်၏အယ်ဒီတာဘဝသည် တည့်တန့်နေပြီးသောစာစောင်များတွင် ဝင်ရောက်လုပ်ကိုင်ရသောဘဝမဟုတ်ပဲ၊ စတင်ထူထောင်ရခြင်းဖြစ်ပြီးလျှင်၊ ထိုစာစောင်များ တည်တန့်မှုနှင့်အတူ မိမိ၏အယ်ဒီတာဘဝကို တည်တန့်အောင် ထူထောင်ယူရခြင်းသာလျှင် ဖြစ်ချေသည်။

ကျနော်၏ ပဌမဆုံး ပွဲဦးထွက်ဝတ္ထုမှာ “မမိုးစွေ”ပင်တည်း။

အယ်ဒီတာအဖြစ်လုပ်ကိုင်နေစဉ် ဘာသာပြန်စာအုပ်များနှင့် ပင်ကိုယ်ဝတ္ထုများကို ရေးသားရင်း စာပေလုပ်ငန်းကို ချဲ့ထွင်လုပ်ကိုင်လာပါသည်။

စာပေလုပ်ငန်းကို လုပ်ကိုင်ရင်း ကိုယ်တိုင်တွေ့ကြုံရသော အကြောင်းချင်းရာများကိုကား ပြည်သူကိုတင်ပြရန် လိုအပ်သည်ထင်လျှင် ရေးသားတင်ပြလေ့ရှိပေသည်။
ကိုကိုးကျွန်းမှ ပြန်ရောက်လာ၍ ထောင်မှ လွတ်ပြီးနောက် ပြည်သူ့ဂျာနယ် ပြန်လည်ထုတ်ဝေသောအခါ၌ ကိုကိုးကျွန်းရောက်ခဲ့ပုံ ကိုယ်တွေ့မှတ်တမ်းကို “စံရာထောင်ကျွန်း” အမည်ဖြင့် အပတ်စဉ်ရေးသားဖော်ပြခဲ့ပါသည်။

ထို့နောက်သခင်ဖေဌေးနှင့် လေထီးဗိုလ်အုန်းမောင်တို့နှစ်ယောက်အကြောင်းကို ”နှစ်ကျွန်းပြန် သံမဏိနှစ်ဦး” ဆိုသောအမည်ဖြင့် လုံးချင်းစာအုပ်တအုပ်ရေးသားခဲ့လေသည်။

ယခုအခါတွင် “ဘဝအတွေ့အကြုံ” ဟူသောအမည်ဖြင့် စာတအုပ်ရေးရန် ပိုင်းဖြတ်လိုက်ပြီဖြစ်ပါသည်။
ဤစာအုပ်သည် ကိုယ်တိုင်ရေးအထုပ္ပတ္တိ မဟုတ်ချေ။
မိမိတွေ့ကြုံဘူးသူတွေ၏အကြောင်း၊ မိမိကြုံတွေ့ဘူးသောအကြောင်း၊ မိမိအတွေ့အကြုံထဲမှ သိခဲ့ရသောအကြောင်းများသာဖြစ်ပါသည်။

ကျနော်ကိုယ်တိုင် တွေ့ထိကြုံသိခဲ့ရသော သိကောင်းစရာကောင်းသည့် ပုဂ္ဂိုလ်တို့အကြောင်း၊ အဖြစ်အပျက်နှင့် အကြောင်းအရာများကို ရေးသားဖော်ပြခြင်းသာလျှင် ဖြစ်ပါသည်။

(နိဒါန်းမှကောက်နှုတ်ချက်)

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment