သတင်းတပုဒ်

လင်းလက်နွေဦး

by The Call
0 views
” သတင်းတပုဒ် “
■ လင်းလက်နွေဦး
တကယ်တော့ ကျနော့ခေါင်းထဲမှာ ရေးချင်တာတွေက တပုံကြီးပဲ။ ဘာကို အရင်ရေးချရမယ် မသိလို့ မရေးဖြစ်တာပါ။ ခုထိလည်း ဘာရေးရရမှန်း မသိသေးပါဘူး။ ရေးရင်း ဟို ပုံပြင်လေး သတိရမိတယ်။ ကျနော်တို့ငယ်ငယ် လူပျိုပေါက်အရွယ်တုန်းကပေါ့။ စီနီယာ လူပျိုကြီးတွေရဲ့ လက်ချာလေ၊ ခင်ဗျားတို့လည်း ငယ်မူပြန်ရတာပေါ့။ ရွာမှာ အညာမှာ ညခင်းသာတဲ့အချိန်မျိုးဆို ကလေးဘဝတုန်းကတော့ လရောင်အောက် ကစားကြတာပေါ့။ တွတ်ထိုးတမ်း၊ ကွမ်းသီးတမ်း၊ စိန်ပြေးတမ်း စသဖြင့်ပေါ့လေ။ ဆယ့်လေးဆယ့်ငါး စိတ်ကစား တတ်တဲ့အရွယ်ရောက်တော့ အရင်လို ကစားချင်စိတ် မရှိတော့ဘူး။ ကိုယ့်ထက် လေးငါးဆယ်နှစ်လောက်ကြီးတဲ့ ဘော်ဒါကြီးတွေနဲ့ နေတော့တယ်။ သူငယ်ချင်းတချို့တလေက စိန်ပြေးတမ်း ဘာညာ ကစားရအောင်လာခေါ်ရင် ‘ဒီကောင်တွေ သူငယ် နှပ်စားလေးတွေ’လို့ သဘောထားပြီး ဟားတိုက်လွှတ်တတ်တယ်။ ငယ်ဖော် မိန်းကလေးတွေဆိုလည်း သွားစမ်းပါပေ့ါလေ။ ကိုယ်က ‘မမအရွယ်တွေ’ကို ရင်ခုန်စပြုနေပြီလေ။ ဘာတဲ့၊ ၃၆၊ ၂၄၊ ၃၆ တို့ ၊ ၃၃၊ ၂၃၊ ၃၄ တို့ပေါ့။ အဲမှာတင် အကိုကြီးတယောက်က ဒီလို မိန့်မှာတယ်။ အဲလေ ပြောပြတယ်။ လူပျိုလေးတယောက်နဲ့ သူ့အဖေက ညဘက် ငှက်ပစ်ထွက်ကြတယ်။ အိပ်တန်းတက်နေတဲ့ ငှက်တွေ သစ်ပင်ပေါ်မှာ အများကြီးပေ့ါ။ ရှေးတုန်းက ဒီလိုပဲ ငှက်ပစ်သမားတွေ ဓာတ်မီးအား ကောင်းကောင်းနဲ့ လေသေနတ်နဲ့ လေးခွနဲ့ ငှက်ပစ်ထွက်ကြတယ်။ ဘယ်အပင်တွေမှာ ငှက်တွေ အိပ်တန်းဝင်လဲ ဒေသခံတွေ အားလုံးသိပါတယ်။ ညနေခင်းဆို နေရာလုတဲ့ငှက်သံတွေနဲ့ ကျွက်ကျွက်ညံနေတာပဲလေ။ သားဖြစ်သူက ငှက်မုဆိုးအသစ်လေးဆိုတော့ ဘယ်ကောင်ကို ပစ်ရမှန်းမသိ၊ ဟိုငှက် ပစ်ရနိုးနိုး၊ ဒီငှက် ပစ်ရနိုးနိုးနဲ့ပေ့ါ။ တချက် နှစ်ကောင် ရလိုရငြားနဲ့ ငှက်နှစ်ကောင်ကြားပစ်ထည့်လိုက်တာ တကောင်မှမရဘဲ ငှက်တွေ အကုန်လန့်ပျံပြေးသွားတယ်။ နောက်တပင်ကငှက်တွေကို အဖေလုပ်သူက ပစ်ပြတယ်၊ တချက်တကောင်ပဲ။ တချက်ထု၊ ဘေးနားကကောင် နည်းနည်းလန့်သွားရင် အသာငြိမ်နေ၊ ပြီးမှ အဲကောင်ကို ထုချ။ သစ်ကိုင်းတတကိုင်းထဲ အတူနားနေတဲ့ ငှက်တွေ ကုန်တဲ့အထိ ပစ်ချလိုက်တယ်။ မှတ်ထားကွ၊ မင်းတို့လည်း ဟိုကောင်မလေး ကြိုက်သလိုလို၊ ဒီကောင်မလေး လိုက်သလိုလို လုပ်မနေကြတဲ့။ တယောက်ဆို တယောက် ခိုက်အောင်ကြွေအောင် လိုက်တဲ့။ မှတ်သားထိုက်ပါတယ်။ ခုလည်း ရေးပြီ။ သတင်းမီဒီယာတွေဆိုတာ လူကြည့်များအောင်၊ လူသိများအောင် သတင်းဦး သတင်းထူးတွေကို လက်ဦးမှုရအောင် ကြိုးစားကြတယ် မဟုတ်လား။ ဒီလို ကြိုးစားကြတဲ့နေရာမှာ လွှဲမှားတဲ့ အချက်အလက်တွေ ပါမလာအောင် တည်းဖြတ်ကြရပါတယ်။ သတင်းတပုဒ်နဲ့အတူ ဓာတ်ပုံအထောက်အထား၊ အကိုးအကားတွေ ဖော်ပြတတ်ပါတယ်။ ခုနောက်ပိုင်း ဆိုရှယ်မီဒီယာခေတ်မှာတော့ LCS (Like, Comment and Share) ရအောင်၊ နာမည်ကြီးအောင်၊ ဆယ်လီဖြစ်အောင် ယုန်ထင်ကြောင်ထင် သတင်းတု သတင်းယောင်တွေ များလာပါတယ်။ ဆယ်လီ၊ လော်ဘီတွေနဲ့ အကောင့်တုတွေနဲ့ ဟော့ဖြစ်အောင် လုပ်ယူလို့လည်း ရလာတယ်။ ကြော်ငြာခပေးပြီး နာမည်ပေါက်လာအောင် လုပ်ယူလို့တောင် ရသေးတယ်။ ခက်တော့ အခက်သား။ နာမည် ရပြီးသား၊ ဆယ်လီတယောက်က တင်လိုက်တဲ့ ပို့စ်တခုဟာ ခဏအတွင်း လူသိများသွား ပေါက်သွား လေ့ရှိတယ်။ ဒါကြောင့် ကျနော်ကတော့ ဂုဏ်သိက္ခာကြီးမားပြီး အမှန်တရားဘက်က ရပ်တည်လေ့ရှိတဲ့ သတင်းဌာနတွေကိုပဲ ဝင်ကြည့်ဖြစ်တယ်။ ဟော့နေ Trend ဖြစ်နေတိုင်း အမှန်မဟုတ်ဘူးမို့လား။ အမေစု သတင်းကိုပဲ ကြည့်၊ AI လိုလို။ AI တွေကလည်း အတော်ဆိုးနေတယ်နော်၊ အစက အင်္ဂလိပ်စာ မတောက်တခေါက်နဲ့ Prompt လေး ရေးတတ်မှ အဆင်ပြေတာ။ ခုတော့ မြန်မာနဲ့ကစ်ရင်ကို ကိုယ့်ကောင်က ရနေပြီ။ သတင်းတွေကလည်း ‘နတ်’လိုပဲ ထင်ပါရဲ့၊ ကောင်းသတင်းဆိုရင် ‘အင်’ဖြစ်ဖို့ များတယ်။ သတင်းဆိုးရင် ရာနှုန်းပြည့်နီးပါးပါပဲ။ အထူးသဖြင့် ပြည်သူတွေ ဒုက္ခရောက်တဲ့ အပေါက်မျိုး ဆိုရင်ပေါ့။ တနေ့က သူငယ်ချင်းတယောက်နဲ့ ဖုန်းရတယ်။ ဖုန်းဆိုတာကလည်း တခါတလေ ရွာ့ တောင်ပိုင်းနဲ့ အလယ်ပိုင်းတောင် ဆက်သွယ်ရေးဧရိယာပြင်ပ ဖြစ်နေတတ်တယ်မဟုတ်လား။ ဒီတော့ တိုင်းခြား နယ်ခြားဆိုတာ မြန်မာနိုင်ငံမှာ ကမ္ဘာခြားသွားနိုင်ပါတယ်။သူနဲ့ ကျနော်က တောင်မင်းနဲ့ မြောက်မင်းလိုပေ့ါ။ သူက အဖြူရောင်နယ်မြေ၊ စစ်ကြောင်းနဲ့ လေကြောင်းပဲ ကြောက်ရတဲ့နယ်မှာ။ ကျနော်က ညိုလိုက် နက်လိုက်၊ အကုန်ကြောက်ရတဲ့ ဘုရားနယ်မြေ။ သူပြောတဲ့ သတင်းကြောင့် ရှော့ရသွားတယ်။ သူ့အိမ်နဲ့ သိပ်မဝေးတဲ့ ဆေးခန်းကို လေယာဉ်နဲ့ လာချတယ်။ ဂျက်ဖိုက်တာ ၃ စင်းနဲ့။ ပထမဆုံးတစီးက ခေါင်းပေါ်က ဖြတ်ပျံသွားပြီးမှ ဂငယ်ကွေ့ ကွေ့ချလာပြီး တခါတည်း ဗုံးချ သွားတာ။ ပထမတစင်းနဲ့ နောက်အစင်းတွေက ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်ပဲ ခြားတယ်။ ဗုံးတွေက ဆေးခန်းပေါ် တည့်တည့်ပဲ။ လေယာဉ်မှူးတွေက အကုသိုလ်နဲ့ အကျိုးပေးတယ်ပေါ့။ ဆေးခန်းက NUG ဆေးခန်းမဟုတ်ဘူး။ ပီဒီအက်ဖ် ဘာညာလည်း မလာဘူး။ ပြည်သူ့သက်သာဆေးခန်းလေး။ ခွဲစိတ်လူနာတွေပါ လက်ခံကုသနိုင်တယ်။ ညအချိန်မတော်ဆိုရင် မြန်မာနိုင်ငံ ဘယ်နယ်ဒေသကမှ အရေးပေါ်လူနာတွေ မြို့ဆေးရုံ မပို့နိုင်ပါဘူး။ ဒေါက်တာ မပြောနဲ့ ဘယ်ဆေးဆရာမှ ညဘက် လူနာလိုက်မကြည့်ရဲဘူး။ ဒါ သစ္စာပဲ။ ဒီလို ခေတ်ဆိုးကြီးထဲမှာ ဒီဆေးခန်းလေးက အိုအေစစ်ပါပဲ။ ဒီတော့ ပြင်ပလူနာတွေက နေ့စဉ် လေးငါးဆယ် ရှိတယ်။ ဆေးရုံတင်လူနာကတော့ လုံခြုံရေးအရ လေးငါးဦးပဲ ထားပါတယ်။ ဖြစ်ချင်တော့ ဗုံးအကျဲခံရတဲ့နေ့မှာ မွေးလူနာ ရှိနေတယ်။ ကလေးလေး မိခင်ဝမ်းက ထွက်လာတာ မိနစ်ပိုင်းပဲ ရှိသေးတယ်။ မွေးကင်းစ လူမမယ်လေးကို သန့်ရှင်းရေးလုပ် အခန်းပြင်က ဘွားအေကြီးကို ပေးထားတယ်။ အမေက မွေးခန်းက အထွက်၊ လေယာဉ်က ဝှီးကနဲရောက်လာ။ သေတဲ့သူတွေ အများကြီး။ ခြေပြတ်လက်ပြတ် ခေါင်းပြတ်၊ အူတွေ ထွက်… အား တော်ပါတော့။ ခုန ကလေးအမေလေး ဦးခေါင်းခွံ မပါတော့ဘူး။ လေယာဉ်သံကြားလို့ ဘွားအေကြီးက ကြောက်ပြီး ကလေးလေး ပွေ့ရင်း အနားက ဘုရားလိုဏ်ထဲ ပြေးပုန်းတယ်။ ဘုရားမကယ်လိုက်နိုင်ဘူး၊ စေတီတော်ကြီးပါ ဗုံးမှန်ပြိုကျပျက် စီးသွားတယ်။ နို့ချိုတောင် စို့မသွားရဘူး၊ မွေးသမိခင်နဲ့တောင် မတွေ့လိုက်ရဘူး၊ မိနစ်သားလေး ထွက်သွားရပေါ့။ ဗုံးကြဲရုံမက စက်သေနတ်နဲ့ပါ ဆွဲမွှေ့သွားတော့ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ပြင်းထန်ဒဏ်ရာတွေနဲ့ လွန်သွားတဲ့သူတွေ ရှိလာတယ်။ ဆေးခန်းထဲ၊ ဆေးခန်းနား ဗုံးခိုကျင်းတွေရှိလို့ပေါ့။ မဟုတ်ရင် သေလိုက်မယ့်လူတွေ။ ပထမတစင်းကြောင့် သေကြေရတယ် ဆိုပေမယ့် မပြေးနိုင်တော့တဲ့ ဒဏ်ရာရ နှစ်ထပ်ကွမ်းလူနာတွေကို နောက်အစင်း တွေက စိတ်ကြိုက်သတ်ဖြတ်ကြတဲ့သဘောပေါ့။ ငှက်ကလေးတွေ များများဖမ်းမိတဲ့အခါမျိုးဆို နောက်နေ့ရောင်းလို့ရအောင် သတ်မပစ်ဘဲ မပျံနိုင်အောင် တောင်ပံချိုးထားသလိုပေ့ါ။ တရွာလုံး ပြေးကြ ပုန်းကြ၊ ကူသူကယ်သူမဲ့နေချိန် နေမကောင်းလို့ ဆေးခန်းလာပြတဲ့ လူနာတွေ ဗုံးဒဏ်နဲ့ ဒဏ်ရာရတွေ အလူးအလဲ။ အဲဒီအချိန် နောက်ထပ် နောက်ထပ် လေယာဉ်တွေနဲ့ အားပါးတရ လာသတ်ကြတာကို။ ဒါမျိုးကတော့ မိတ်အင်မြန်မာပဲ ရှိမှာပါ။ ရဲရဲတက် ရဲရဲတိုက် ရဲရဲချေမှုန်းသွားပါတယ်၊ ပြည်သူတွေကို။ ကျနော်က ဘာမှ မဟုတ်ဘူး။ သာမန်စာရေးချင်သူတဦး။ ဒါပေမဲ့ ဒီသတင်းကတော့ တကယ့်ဖြစ်ရပ်မှန်ပါ။ Fact Check တွေ မလိုပါဘူး။ မြန်မာပြည်မှာ မအလလုပ်ရင် အဲဒါ အမှန်ပါပဲ။ စစ်ကြောင်းထိုး၊ ရွာမီးရှို့၊ လူသတ်၊ မုဒိမ်းကျင့်၊ ပေါ်တာဆွဲ၊ လေကြောင်းတိုက်… အဲလိုနေရာတွေမှာ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment