2
တော်လှန်ရေး အင်အားစုများ၏ ဝါဒဖြန့်ချီရေး ကဏ္ဍသည် မည်သည့်အချိန်တွင် အောင်မြင်မည်နည်း”
■ ပိုက်သီ
မြန်မာ့နွေဦးတော်လှန်ရေး ခရီးလမ်းသည် ယခုဆိုလျှင် ၅ နှစ်ကျော် ကာလသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၅ နှစ်ဟူသော အချိန်အတိုင်းအတာတခုသည် မြေစမ်းခရမ်းပျိုး အဆင့်ထက် ကျော်လွန်နေပြီဖြစ်ရာ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး ကဏ္ဍများအပြင် “ဝါဒဖြန့်ချီရေး” (Propaganda) ကဏ္ဍကိုလည်း အလေးအနက်ထား ဆောင်ရွက်သင့်သည့် အချိန်အခါ ဖြစ်သည်။ ဝါဒဖြန့်ချီရေး အားနည်းမှုသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တခုတည်းတွင်သာမက အခြားသော တော်လှန်ရေး အင်အားစုများ၌လည်း တွေ့ရှိနေရသည်။ စနစ်တကျ ဝါဒဖြန့်ချီနိုင်ခြင်းသည် အစိုးရတရပ်၏ မဖြစ်မနေ လုပ်ဆောင်သင့်သော လုပ်ငန်းစဉ်တွင် ပါဝင်နေပေသည်။
လက်ရှိတွင် ဝါဒဖြန့်ချီရေး လုပ်ဆောင်မှုများ ရှိနေသော်လည်း တော်လှန်ရေး အင်အားစု အားလုံးကို ရည်စူးသော စုပေါင်းဝါဒဖြန့်ချီမှုထက် “ပုဂ္ဂိုလ်စွဲ” ဝါဒဖြန့်ချီမှုများကသာ ပိုမိုများပြားလာသည်ကို တွေ့ရသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ပြည်သူလူထုသည် NUG အပေါ် ယုံကြည်ကိုးစားမှု အပြည့်ရှိခဲ့သဖြင့် သာမန်ကာလျှံကာ ဝါဒဖြန့်ချီမှုများအပေါ်၌ပင် တခဲနက် အားပေးခဲ့ကြသည်။ သို့သော် တော်လှန်ရေးနယ်ပယ်အတွင်းရှိ အကျင့်ပျက်ခြစားမှုများ၊ စနစ်မကျမှုများ၊ ပုဂ္ဂိုလ်စွဲ၊ နယ်မြေစွဲနှင့် အာဏာစွဲများအပြင် မလိုအပ်သော မျှော်လင့်ချက်အမှား (False Hope) များ ပေးခြင်းတို့ကြောင့် ပြည်သူလူထုမှာ တော်လှန်ရေး အင်အားစုများအပေါ် ယုံကြည်သက်ဝင်မှု နည်းပါးလာခဲ့ရသည်။
ဆိုရှယ်မီဒီယာ စာမျက်နှာများထက်တွင် တော်လှန်ရေး အသိပညာပေးမှုများနှင့် ရဲဘော်များ၏ ပြည်သူ့အကျိုးပြု လုပ်ဆောင်ချက်များကို ပလူပျံအောင် မြင်တွေ့ရမည့်အစား အလှူငွေ အလိမ်ခံရသည့် ကိစ္စများ၊ အင်အားစုများအကြား မညီညွတ်မှုများနှင့် လော်ဘီများ၏ ပုဂ္ဂိုလ်ရေးရာ ပြဿနာများကိုသာ အများအားဖြင့် မြင်တွေ့နေရသည်။ ထိုသို့သော ပြဿနာများကြောင့်ပင် အစောပိုင်းကတည်းက တကိုယ်ရည် လွတ်လပ်ခွင့်ကိုသာ ရှေ့တန်းတင်ပြီး တော်လှန်ရေး အောင်မြင်စေချင်သူများသည် အင်အားစုများအပေါ် ယုံကြည်မှု လျော့နည်းလာကာ ထောက်ခံအားပေးမှုများ သိသိသာသာ နည်းပါးသွားခြင်း ဖြစ်သည်။
ဝါဒဖြန့်ချီရေး ကဏ္ဍတွင် CDM များ၊ အနုပညာရှင်များနှင့် Social Influencer များသည် မိမိတို့ တတ်စွမ်းသည့် နည်းလမ်းများဖြင့် အားထုတ်နေကြသော်လည်း ပြည်တွင်းနယ်မြေထဲသို့ စိမ့်ဝင်ပျံ့နှံ့နိုင်မှုမှာ အားနည်းနေပါသေးသည်။ နိုင်ငံပြင်ပရှိ တော်လှန်ရေး လှုပ်ရှားမှုများသည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသော်လည်း ပြည်တွင်းရှိ လူထုအပေါ် စိမ့်ဝင်ပျံ့နှံ့မှု အားကောင်းမှသာ တော်လှန်ရေး အရွေ့သည် ပိုမိုမြန်ဆန်လာမည်မှာ အမှန်ပင် ဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာက မန္တလေးမြို့ပေါ်ရှိ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုံဆော်မှုအပေါ် ပြည်သူလူထု၏ ထောက်ခံအားပေးမှုကို ကြည့်ခြင်းအားဖြင့် လူထုသည် တော်လှန်ရေးအပေါ် စိတ်ကုန်သွားခြင်း မဟုတ်ကြောင်း သိနိုင်သည်။ စစ်ကောင်စီ၏ ဖိနှိပ်မှုနှင့် တော်လှန်ရေးအင်အားစုများ၏ နေ့စဉ်ပြဿနာများကြားတွင် ပြည်သူတို့သည် ဘယ်ဘက်ကိုမှ စိတ်မဝင်စားလိုတော့သည့် ပုံစံမျိုး ဖြစ်နေခြင်းသာ ဖြစ်ရာ ယုံကြည်ကိုးစားမှုကို အမြန်ဆုံး ပြန်လည် တည်ဆောက်သင့်သည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း မိမိတို့၏ နယ်မြေပတ်ဝန်းကျင်ရှိ ပြည်သူလူထုအပေါ် ယုံကြည်မှု တိုးပွားစေရန် ရပ်ရွာအကျိုး သယ်ပိုးခြင်း၊ လိုအပ်သော နိုင်ငံရေး အသိအမြင်များ ဖြန့်ဝေခြင်းနှင့် တော်လှန်ရေးရည်မှန်းချက်များကို အထောက်အပံ့ဖြစ်စေမည့် လုပ်ငန်းဆောင်တာတို့ကို လုပ်ဆောင်ရမည် ဖြစ်သည်။ အချို့သော ဒေသများတွင် ပြည်သူနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်နေသည့် သတင်းများမှာ စိုးရိမ်ဖွယ် ဖြစ်သည်။ မြေပြင်အခြေအနေ အမှန်ကို မသိဘဲ လေလှိုင်းပေါ်မှ ဝေဖန်နေကြသူများသည်လည်း တော်လှန်ရေးအပေါ် ယုံကြည်မှု အနည်းငယ်သာ ကျန်တော့သည့် ပြည်သူများကို ပိုမို စိတ်ပျက်သွားစေနိုင်သဖြင့် ဆင်ခြင်ရန် လိုအပ်ပေသည်။
စစ်ကောင်စီသည် ဝါဒဖြန့်ချီရေးတွင် အလွန်ကျွမ်းကျင်ပြီး ပြည်သူက ၎င်းတို့အား ရွံရှာမုန်းတီးနေသည်ကို ကောင်းစွာ သိရှိထားသည်။ ထို့ကြောင့် ၎င်းတို့သည် နောက်ကွယ်မှ ကြိုးကိုင်သည့် နည်းလမ်းဖြင့် ရိုးရာပွဲများ၊ နတ်ပွဲများနှင့် ဖျော်ဖြေရေး ကဏ္ဍများမှတဆင့် ပြည်သူလူထုကို ထွက်ပေါက်ပေးသယောင်ဖြင့် Brainwash လုပ်ပြီး ဝါဒဖြန့်ချီလျက် ရှိသည်။ ဝါဒဖြန့်ချီခြင်း (Propaganda) သည် လူထု၏ သဘောထားနှင့် အပြုအမူကို ဦးတည်ချက်တစ်ခုအတွက် လွှမ်းမိုးရန် ကြိုးပမ်းခြင်း ဖြစ်သော်လည်း ဦးနှောက်ဆေးခြင်းမှာမူ လူတစ်ဦး၏ လွတ်လပ်သော ဝေဖန်ဆင်ခြင်နိုင်စွမ်းကို ဖျက်ဆီးကာ တကိုယ်ရည် အာဏာအတွက် ပုံဖော်ဖန်တီးခြင်းသာ ဖြစ်သည်။
ယခုအချိန်သည် ဝါဒဖြန့်ချီရေးအတွက် လိုအပ်သော ပြောင်းလဲမှုများ လုပ်ဆောင်ပြီး တော်လှန်ရေး အင်အားစု အားလုံးကို ကိုယ်စားပြုသည့် “စုပေါင်း ဝါဒဖြန့်ချီရေး” လုပ်ငန်းကို စနစ်တကျ တည်ဆောက်ရမည့် အချိန်အခါပင် ဖြစ်ပေတော့သည်။ ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
